Monday, June 30, 2008

အပြည့်အစုံသို့...

လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးမည်



၃၀ ဇွန် ၂၀၀၈


မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ (၁) ရက်နေ့မှစပြီး တရားဝင်လိုင်စင် ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ကညနရုံး (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန) မှ အရာရှိတဦးက ပြောသည်။

၎င်းက “နေပြည်တော်က စာဝင်ထားပြီးပြီ၊ ကျနော်တို့ ဒီနေ့ ကြေညာချက်ထုတ်မယ်။ ဇူလိုင်(၁) ရက်ကနေ အောက်တိုဘာလကုန်အထိ ကြိုက်တဲ့အချိန် လိုင်စင်ဝင်လို့ရတယ်။ အရေအတွက်လည်း ကန့်သတ်မထားဘူး” ဟု ပြောသည်။

မော်လမြိုင် ကညနရုံးတွင် မနက်ဖြန်မှစပြီး လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ပြုလုပ်နိုင်ကြောင်း ကြေညာထားပြီး ဆိုင်ကယ်အမျိုးအစားအလိုက် တစီးချင်းကုန်ကျမည့် ကုန်ကျစားရိတ်ကိုလည်း ကြေညာထားကာ အနည်းဆုံး ကျပ် (၇၅,၀၀၀) မှ ကျပ် (၅) သိန်းခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် အကောက်ခွန်ဆိုင်ရာဒဏ်ကြေး၊ သွင်းကုန်အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လိုင်စင်ကြေး၊ အာမခံကြေး စသည်များအားလုံး ပေးဆောင်ရမည်ဟု သိရသည်။

စစ်အစိုးရသည် ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင်းသို့ ဆိုင်ကယ်တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း ပြည်တွင်းလိုအပ်ချက် ကြီးမားသဖြင့် ထိုင်း၊ တရုတ် နယ်စပ်များမှတဆင့် ပြည်တွင်းသို့ လိုင်စင်မဲ့ ဆိုင်ကယ်များ နေ့စဉ် ရာနှင့်ချီ တရားမ၀င်ရောက်ရှိနေခြင်းဖြစ်သည်။

၂၀၀၄ ခုအထိ အစိုးရ ကညနရုံးများတွင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ်စီးရေ စုစုပေါင်း (၁) သိန်း (၇) သောင်းကျော်သာရှိပြီး ၂၀၀၄ ခုတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို တရားဝင်လိုင်စင် ပြုလုပ် ပေးခဲ့ရာ ဆိုင်ကယ်ပေါင်း (၄) သိန်းခွဲကျော် လိုင်စင်ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း ကညရုံးမှ အရာရှိက ပြောသည်။

ထိုအချိန်က လိုင်စင်ပြုလုပ်ခမှာ ကျပ် (၇) သောင်းကျော်မှ ကျပ် (၂) သိန်းနီးပါးပေးရပြီး အစိုးရ အနေဖြင့် လိုင်စင်ခ ကျပ်ငွေ (၄၅) ဘီလျံကျော် ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ယခုနောက်ပိုင်း ၀င်ရောက်လာသော ဆိုင်ကယ်များအနက် တရုတ်ပြည်လုပ် ဆိုင်ကယ်များသည် ကျပ် (၅) သိန်းဝန်းကျင်ပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံလုပ်ဆိုင်ကယ်များမှာ ကျပ် (၁၅) သိန်းခန့် ပေါက်ဈေးရှိနေသည်။ ထို့အပြင် ကျပ် သိန်း (၄၀) သိန်း (၅၀) ခန့် ပေါက်ဈေးရှိသည့် Yamaha DT ကဲ့သို့ တန်ဖိုးကြီး ဆိုင်ကယ်အများအပြားလည်း မြန်မာပြည်တွင်းသို့ ၀င်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း လိုင်စင်မဲ့ဆိုင်ကယ် (၁) သန်းနီးပါးခန့် ရှိနိုင်သည့်အတွက် စစ်အစိုးရအနေဖြင့် လိုင်စင်ခအခွန်ငွေ ကျပ်ဘီလျံ (၁၀၀) မှ (၂၀၀) ကြား ရရှိနိုင်သည်ဟု ရန်ကုန်တိုင်း အခွန်ဦးစီးမှူး ရုံးမှ အရာရှိတဦးက ခန့်မှန်းသည်။ ။

အပြည့်အစုံသို့...

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ ဆန္ဒပြ




၃၀ ဇွန် ၂၀၀၈

မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။

ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။

ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။

မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ
မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။ ။

အပြည့်အစုံသို့...

Sunday, June 29, 2008

မြစ်ကြီးနားတွင် မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ကချင်ကျောင်းသားများ ပြုလုပ်၊ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေ

ယမန်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က မြစ်ကြီး နားမြို့ပေါ်တွင် ပိုစတာများကပ်ကာ လှုပ်ရှားမှုတခုပြုလုပ်ခဲ့ပြီး ဒေသခံအာဏာပိုင်များက ပိုစတာများကို ခွာယူ သွားသည်။

အေဖိုးဆိုဒ်အရွယ် စက္ကူပေါ်တွင် မူးယစ်ဆေးဝါး လုံးဝ အလိုမရှိ။ အင်္ဂလိပ်လို No Drug ဟုရေးပြီး လူစည်းကား ရာနေရာတွင် ကပ်ခဲ့ရာတွင် အာဏာပိုင်များဖြုတ်ယူသွားသည်ဟု လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ကျောင်း သားတဦးက အခုလို ပြောသည်။


“အဓိကရေးထားတာက မူးယစ်ဆေးဝါးကို လုံးဝ အလိုမရှိ၊ အင်္ဂလိပ်လို No Drug အဲဒါပါဘဲ။ အဲဒီမှာ ကျနော်တို့အဖွဲ့စည်းနာမည်ရေးလိုက်တာလေ။ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂပေါ့။ အဲလို ရေးတဲ့ အတွက်ကြောင့် ဖြုတ်တာထင်တာဘဲ။ မြို့တွင်း ရပ်ကွက်တွေ အားလုံး၊ အထူးသဖြင့် လူစည် ကားတဲ့ နေရာတွေ ဈေးနံရံတွေ၊ ဓာတ်တိုင်တွေ၊ လူအများ မြင်သာတဲ့နေရာမှာ ကပ်တာ။ ကျနော် တို့ကပ်ပြီးရင် သူတို့ပြန်ခွာတာဘဲလေ။ ရယကတွေ၊ ကောင်စီဥက္ကဌတွေ၊ အဖွဲ့ဝင်တွေ၊ ကြံ့ဖွတ်တွေ လေ။ သူတို့က ပိုစတာတွေ မြင်ရင်ဖြုတ် တာဘဲ။”

မြစ်ကြီးနားအပါအ၀င် ကချင်ပြည်နယ်အတွင်း ကျောင်းသားများ၊ လူငယ်များကြားတွင် မူးယစ်ဆေးဝါးများသုံးစွဲမှု များပြားနေပြီး မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာဘခေါ် စိတ်ကြွဆေးပြားများကို အလွယ်တကူ ၀ယ်ယူနိုင်သည်ဟု အဆိုပါ ကျောင်းသားက ပြောသည်။

ကျောင်းသားထုအတွင်းတွင်မူ ဘိန်းနှင့်အခြားဆေးများရောစပ်ထားသောမူးယစ်ဆေးဝါးအသစ်တမျိုးမှာ လူကြိုက် များနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ဘိန်းမဲကို အရည်ဖျော်ပြီးမှ ဖေါ်မြူလာဆိုပြီး ခေါ်တာလေ။ ကျောင်းသားထု အကြိုက်ဆုံး က အဲဒီ ဖေါ်မြူလာဘဲ။ ဖေါ်မြူလာစွဲသွားရင် ဈေးကြီးတဲ့ခါကျတော့ ပိုက်ဆံမရှိတဲ့ခါ ကျတော့ ဘိန်းဖြူဘက် လိုင်းကူးသွားတာ။ ဘိန်းမဲအရည်ကို ချောင်းဆိုးပျောက်ဆေးတို့ ဘာတို့နဲ့ ရောပြီး ပုလင်းလိုက် ရောင်းတာ။ တပုလင်းကို ရှစ်ထောင် လောက်ရှိတယ်။ ရှစ်ထောင်၊ တစ်သောင်းအထိရှိတယ်။ ပျစ်ရင် ပျစ်သလိုပေါ့။ ကျောင်းသားတွေက တယောက် နှစ်ထောင်စီစု၊ တပုလင်းကို သုံးယောက်၊ လေး ယောက် ၀ိုင်းသောက်တာပေါ့။”

မူးယစ်ဆေးဝါးလုပ်ငန်းများတွင် အာဏာပိုင်များကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိနေသည်ဟု ကချင်ပြည်ဖွံ့ဖြိုးရေး ကွန်ယက်မှ ဥက္ကဌ ကိုအောင်ဝါက ပြောသည်။

“မူးယစ်ဆေးဝါး သယ်တာတို့၊ ပြုတာတို့မှာ သူတို့က မသိကျိုးကျွံပြုနေတာ။ ဥပမာ ဖားကန့်နေရာ မှာဆိုရင် ဌာနပေါင်းစုံကနေ သူတို့ရောင်းတဲ့ဟာကို အကောက်ခွန်ယူပြီးမှ ပေါ်ပေါ်ထင်ထင်ရောင်း ခွင့်ပြုနေတာကို တွေ့နေရတယ်။ ရဲတို့၊ မူးယစ်ဌာနတို့၊ ဌာန ဆိုင်ရာအသီးသီးဆိုတာ အကုန်လုံး ပါတာပေါ့။ ဆိုတော့ အဲဒီမှာ သူတို့ပါဝင်ပတ်သက် နေတာ။”

မြစ်ကြီးနားမြို့တွင် အသုံးပြုသော ဘိန်းများကို ဟူးကောင်းချိမ့်ဝှမ်းဒေသ၊ ချီဘွေဒေသနှင့် ရှမ်းပြည်နယ်တို့မှ သယ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။


အပြည့်အစုံသို့...

အပြည့်အစုံသို့...

အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်




အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်

ထင်ကျော် (မြန်မာတိုင်းမ်)
“သမီးတို့ ဘာတွေဖြစ်သွားတာလဲ။ အခုဖြစ်နေတာတွေဟာ အိပ်မက်တွေလား။ ပြီးတော့ အမေနဲ့ မောင်လေးနှစ်ယောက် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းမျှော်နေတုန်းပဲ။ အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်”
ဒီစကားကို မျက်ရည်တွေ ၀ဲနေတဲ့ကြားက အားတင်းပြီး ပြောနေသူကတော့ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ မဝေေ၀မြင့်ပါ။ သူက ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လှည်းဆိပ်ဆိုတဲ့နေရာက ဇေယျာသီရိ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေတဲ့ နာဂစ်လေဘေးသင့် ဒုက္ခသည်ပေါင်း ၅၀၀ခန့်ထဲက တစ်ဦးပါ။

သူက ဒီကျိုက်လတ်မြို့နယ်ထဲကတော့ မဟုတ်ပါဘူး။ မုန်တိုင်းအတွင်း အသေအပျောက် အလွန်များပြားခဲ့တဲ့ ဘိုကလေးမြို့နယ်ထဲက လူ ၁,၀၀၀လောက်ရှိတဲ့ မယ်တော်စု ကျေးရွာကပါ။ မုန်တိုင်းနဲ့အတူ တက်လာခဲ့တဲ့ (၁၅)ပေလောက်မြင့်တဲ့ ဒီရေလှိုင်းက သူ့အပေါ်သိပ်ချစ်၊ သိပ်သံယောဇဉ်ကြီးရှာတဲ့ အမေနဲ့ မောင်လေးနှစ်ယောက်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုအဝေးကြီးကို ထာဝရ ခေါ်သွားခဲ့ပါပြီ။ ဒီစကားကို သူပြောတဲ့အချိန်က မုန်တိုင်းပြီးလို့ (၂၄)ရက်အကြာမှာ ဖြစ်ပေမယ့် အချစ်ဆုံး မိသားစုဝင်တွေ ရုတ်တရက် ခွဲခွာသွားတာကို သူ့မှာ လက်မခံနိုင်၊ မယုံနိုင်အောင် ဖြစ်နေရဆဲ၊ ပြန်လာကြနိုးနိုးနဲ့ မ၀ံ့မရဲ တိတ်တခိုး မျှော်လင့်နေတုန်းပဲဆိုတာ သူ့စကားတွေထဲမှာ မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဘယ်တော့မှ ပြန်မလာကြတော့ဘူး ဆိုတာလည်း သူနားလည်နေပြန်တယ်။


“သမီးတို့ မယ်တော်စုကျေးရွာမှာ အိမ်ခြေ ၂၀၀လောက်ရှိပြီး လူဦးရေ တစ်ထောင်ကျော် ရှိပါတယ်။ သမီးတို့ မိသားစုက ဓနိလုပ်ငန်း လုပ်တယ်။ အိမ်မှာလည်း ကုန်စုံဆိုင်ဖွင့်ထားတာမို့ စီးပွားရေးအရ မပူမပင်ရတဲ့ အနေအထားပါ။ မုန်တိုင်းတိုက်မယ် ဘာညာဆိုပြီး သဲ့သဲ့ကြားသလို ရှိပေမယ့် ဘာဖြစ်မယ်ဆိုတာမျိုး ဘယ်သူမှ မသိကြတာမို့ ပုံမှန်အတိုင်းပဲ ရှိနေကြပါတယ်။ မေလ(၂)ရက်နေ့ ညနေ(၅)နာရီလောက်မှာ လေကြမ်းတွေ စတိုက်လာပါတယ်။ လေကတိုက်ရင်းနဲ့ တအားကြမ်းလာပြီး သစ်ပင်တွေ အမြစ်ကလဲ၊ ၀ုန်ဒိုင်းကြဲနေချိန်မှာ အမေရယ်၊ သမီးမောင်လေး နှစ်ယောက်ရယ်၊ သမီးရယ် အားလုံးလေးယောက် တစ်ယောက်ကို တစ်ယောက် တင်းနေအောင် ဖက်ထားကြပါတယ်။

“အဖေက အပြင်သွားနေတာမို့ အိမ်မှာ ရှိမနေပါဘူး။ ပထမဆုံး အိမ်ခေါင်းကြီး ပွင့်ထွက်သွားတယ်။ နောက်တော့ တအိမ်လုံး သိမ့်သိမ့်တုန်အောင် လှုပ်ယမ်းပြီး အိမ်ပြိုတော့မယ် ဆိုတာသိတော့ အိမ်အောက်ကို ကမန်းကတန်း ဆင်းပြေးကြပြီး ခြံထဲက စပါးစည်(ကျီ)ရှိရာကို မိုးထဲလေထဲမှာပဲ တစ်ယောက်လက် တစ်ယောက် ချိတ်ထားကြပြီး ပြေးပါတယ်။ ရွာထဲမှာလည်း အော်သံဟစ်သံတွေ၊ ကလေးငိုသံတွေ၊ ကယ်ပါယူပါ တစာစာ အော်သံတွေ ကမ္ဘာပျက်မတတ် ကြားနေရပါတယ်။ အိမ်တွေ ပြိုကုန်ကြပါတယ်။

“စည်ထဲမှာ ခိုနေတုန်း ည(၁၁)နာရီလောက်မှာ ရေတွေ တဝေါဝေါ တက်လာတာ တွေ့ရပါတယ်။ လူတစ်ရပ်စာလောက်မြင့်တဲ့ ရေလှိုင်းကြီး တက်လာတာ တွေ့ရပြီး ရွာတရွာလုံးကို မျိုသွားတာပါ။ သမီးတို့ ရှိနေတဲ့ စပါးစည်လည်း ပါသွားပြီး မိသားစုလေးယောက် ရေထဲမှာ မြုပ်လုမြုပ်ခင်မှာပဲ ကံကောင်းတော့ ဖွဲအိတ်ကြီးသုံးအိတ် ရေထဲမျောလာတာ တွေ့ရတယ်။ အမေက ဖွဲအိတ်ကြီးတွေကို အတင်းလိုက်ဆယ်၊ သမီးတို့ မောင်နှမသုံးယောက်ဆီကို ယူလာပြီး တင်းတင်းဖက်ထားကြဖို့ ပြောပါတယ်။ ပတ်ဝန်းကျင် မြင်မြင်ရာမှာ ရေပြင်ကြီးဖြစ်လို့ နေပါပြီ။ အမေက သူလည်း ခိုက်ခိုက်တုန်နေတဲ့ကြားက `သမီး မကြောက်နဲ့နော်၊ သားတို့ မကြောက်ရဘူးနော်။ အမေရှိတယ်’ ဆိုပြီး ပါးစပ်က တတွတ်တွတ် ပြောနေခဲ့တယ်။ လူချင်းကွဲသွားကြမှာစိုးလို့ တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ပြီး ဖက်ထားကြတယ်။ ဒီလိုနေရင်း နာရီဝက်လောက်နေတော့ အုန်းပင်လောက်အထိ ရေလှိုင်းလုံးကြီး တက်လာပြီး ရိုက်ချလိုက်တာ တွဲထားတဲ့ လက်တွေလည်း ပြုတ်ထွက်သွား၊ ဖွဲအိတ်တွေနဲ့လည်း လွတ်သွားပြီး အားလုံး လူကွဲသွားကြပါတယ်။ လူမကွဲခင် အမေ့ရဲ့ နောက်ဆုံး အော်ပြောသံ ကြားလိုက်ရတာက `သားတို့ သမီးတို့ မကြောက်ကြနဲ့ အမေရှိတယ်’ တဲ့”

“သမီးလည်း မြုပ်ချည်ပေါ်ချည်နဲ့ နောက်ဆုံး အမြစ်က ကျွတ်ထွက်ပြီး ရေထဲမျောလာတဲ့ ကုက္ကိုပင်ကြီးတပင်ကို အတင်းဖက်ထားလိုက်ပါတယ်။ ကုက္ကိုပင်ကြီး မျောရာကို ပါသွားရင်း ရေထဲမှာ အိမ်တိုင်တွေ၊ သစ်ပင်အကျိုးအပြတ်တွေ၊ သွပ်ပြားလို ချစရာတွေ၊ ပျဉ်ပြားတွေလို အစုံပဲ မျောမျောလာပြီး သမီးကိုယ်ကို ဟိုကနေ တိုက်သွားလိုက် ဒီကနေ လာတိုက်လိုက်နဲ့ သမီးတကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပါပဲ။ မနက် ၃-၄နာရီလောက်မှာ ရေက လည်ပင်းလောက် ပြန်ကျသွားပါတယ်။ သမီးလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိပါဘူး။

“အဲဒီအချိန်မှာ ရေကူးပြီး သူ့အမေနဲ့ ညီမလေးတွေကို လိုက်ရှာနေတဲ့ အကိုကြီးတစ်ယောက်ကို ခပ်လှမ်းလှမ်းမှာ လှမ်းမြင်တော့ အော်ခေါ်ပြီး အကူအညီတောင်းပါတယ်။ သူကရောက်လာပြီး သမီးကို ကုက္ကိုကိုင်းပေါ်ကနေ ရေတိမ်ရာ ခေါ်သွားပါတယ်။ ညီမလေး ဘာမှမကြောက်နဲ့ ဆိုပြီးတော့လည်း အားပေးပါတယ်။ မိုးလင်းတော့ သူ့မိသားစုတွေကို ပြန်ရှာတွေ့ပြီး သူတို့ဆီ ပို့ထားဖို့ သမီးကိုခေါ်တော့ သမီးလည်း ချည့်သလိုဖြစ်နေတော့ လမ်းလုံးဝလျှောက်လို့ မရတော့ပါဘူး။ အဲဒီအကိုကြီးလည်း ခြေကုန်လက်ပန်း ကျနေတော့ သမီးကို ရွံ့ဗွက်ထဲမှာပဲ ဒရွတ်တိုက် ဆွဲခေါ်သွားရပါတယ်။ သူတို့နဲ့ နှစ်ရက်သုံးရက် အုန်းလက် အပူကာလေးတွေ ထိုးပြီးနေရပြီး ရေကျတော့ သမီးတို့ ရွာဘက်ကို မိသားစုကိုရှာဖို့ လမ်းလျှောက်သွားပါတယ်။ ရေကျတဲ့အချိန်မှာ သမီးက ကိုယ့်ရွာနဲ့ သုံးလေးရွာလောက်ခြားတဲ့ နေရာကို ရောက်သွားတာပါ။ ရွာပြန်ရောက်တော့ ရွာနေရာမှာ အုတ်ပတ်ကား တက်ထားတဲ့ အိမ်နှစ်အိမ် သုံးအိမ်လောက်ကလွဲပြီး ဘာဆိုဘာမှကို မတွေ့ရတော့ပါဘူး။ သမီးတို့အိမ်လည်း မရှိတော့ပါဘူး။ တရွာလုံးမှာ လူသုံးလေးဆယ်လောက်ပဲ ကျန်တော့တာ တွေ့ရပါတယ်။

“အဖေ့ကိုတော့ ပြန်တွေ့ရပါတယ်။ ဟိုး ပင်လယ်ဝ မိန်းမလှကျွန်းက `အမေရေယာဉ်’ ရုပ်တုကြီးလည်း ပြုတ်ထွက်ပြီး သမီးတို့ရွာဘက် ရောက်နေတာ တွေ့ရပါတယ်။ စားစရာ သောက်စရာ ဘာဆိုဘာမှ မရှိပါဘူး။ အပျက်အစီးတွေကြားထဲ ကျန်ခဲ့တဲ့ ဓားမတချောင်းနဲ့ အုန်းဖူးတွေ ဖဲ့စား၊ အုန်းရေသောက်ပြီး နေရတာပဲ။ ကျန်ခဲ့တဲ့ အိမ်တချို့က ပိုက်ဆံရှိတဲ့ အိမ်ဆိုတော့ တခြားနေရာက ရောက်လာတဲ့ ရေသန့်ဘူးတွေ ဘာတွေ ၀ယ်သောက်နိုင်ကြတာပေါ့။ သမီးတို့လည်း ရေက အရမ်းငတ်လာတဲ့ အခါကျတော့ သူတို့သောက်သလို ရေသန့်ကို တငုံလောက်ဖြစ်ဖြစ် အရမ်းကို သောက်ချင်တာပဲ။ တခါတလေ သွားပြီးတောင်းသောက် လိုက်တော့မယ်လို့တောင် တွေးမိပါသေးတယ်။ ဒါပေမယ့် သွားတောင်းမသောက်ရဲတော့ ဒီကိုရောက်လာတဲ့အထိ ရေသန့်တငုံမှကို မသောက်ခဲ့ရပါဘူး။

“အမေနဲ့ မောင်လေးတွေကို ပြန်တွေ့ရနိုးနဲ့ အဖေနဲ့သမီး တစ်နေကုန်လိုလို ရွာနီးချုပ်စပ်မှာ တွေ့သမျှ အလောင်းတွေကို နိုင်သလောက် လိုက်လှန်ကြည့်ပြီး ရှာပါတယ်။ အမေက အင်္ကျီအနီရောင်လေး ၀တ်ထားခဲ့တာမို့ အင်္ကျီအနီ ၀တ်ထားတဲ့ အလောင်းတွေ့တိုင်း အမေများလားဆိုပြီး လိုက်လှန်ကြည့်မိတယ်။ ၃-၄ ရက်လောက်သာ ကြာသွားတယ်။ အမေနဲ့ မောင်လေးတွေကိုလည်း ရှာမတွေ့၊ အစာနဲ့ရေ ချို့တဲ့မှုကြောင့် အားလည်းနည်းလာတာမို့ ကျန်တဲ့လူ ၂၀၊ ၃၀ လောက် အားလုံးပဲ ဘိုကလေးမြို့ပေါ် ရောက်မယ့်လမ်း မှန်းပြီး လျှောက်ခဲ့ကြတာပါ။ ဘိုကလေးမှာက ဆွေမျိုးအသိကလည်း မရှိတာမို့ ကျိုက်လတ်မြို့နယ်ထဲက အခုဒီဘုန်းကြီးကျောင်းကို အဖေနဲ့လာခဲ့ပါတယ်။ ဆရာတော်က အဖေနဲ့ သိကျွမ်းတယ်ဆိုတော့ ဒီကို အားကိုးတကြီး လာခဲ့ရတာပါ။ အဖေလည်း မုန်တိုင်းအတွင်း ရခဲ့တဲ့ ဒဏ်ရာတွေ၊ လမ်းတလျှောက် ရေစိုခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီကိုလည်းရောက်ရော ချည့်သွားပါတယ်။ အောက်ပိုင်းသေသလိုဖြစ်ပြီး အခုလမ်းမလျှောက်နိုင်တော့ပါဘူး”လို့ မဝေေ၀မြင့်က ပြောရင်းငိုပါတယ်။

“မုန်တိုင်းမဖြစ်ခင် လေးငါးရက်ကပဲ အမေက ပြောတယ်။ ဒီလကုန်ရင် သမီးကို မြို့တက်ပြီး စက်ချုပ်သင်တန်း အပ်ပေးမယ်။ ပြီးရင် စက်ချုပ်ဆိုင် ထောင်ပေးမယ်ဆိုပြီးတော့ အားလုံးစီစဉ်ထားပြီးသား။ အခုတော့ အမေက မရှိတော့ဘူး။ အမေပြန်ရောက်လာရင် အရမ်းကောင်းမှာပဲ” ဆိုပြီး သူ့မျက်လုံးက ရီဝေေ၀နဲ့ အဝေးတစ်နေရာကို လှမ်းကြည့်နေသယောင်ယောင်ပါ။

လကုန်ရင် စက်ချုပ်သင်တန်းတက်ပြီး စက်ချုပ်ဆိုင်လေးဖွင့်ဖို့ အိပ်မက်မက်ထားတဲ့ မဝေေ၀မြင့်ရဲ့ အိပ်မက်လေးလည်း တစ်နေ့ အကောင်အထည် ပေါ်လာနိုင်ပါစေလို့ ဆုတောင်းရင်း …။

အပြည့်အစုံသို့...

Saturday, June 28, 2008

နိုင်ငံခြားအကူအညီ ပိုမိုလက်ခံရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ဖိအားပေး

၂၇ ဇွန် ၂၀၀၈



မေလ၌ ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ထိခိုက်ရာဒေသများသို့ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများအား ပိုမိုဝင်ရောက်ခွင့်ပေးရန် မြန်မာအစိုးရကို ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံ အုပ်စုက ဖိအားပေးလိုက်သည်။

မုန်တိုင်းကြောင့် သေပျောက်သူ စုစုပေါင်း (၁၃၈,၀၀၀) ရှိခဲ့ပြီးနောက် ထိုဒေသများတွင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဆက်လက်ထောက်ပံ့သွားရန် တိုကျိုမြို့တွင် အစည်းအဝေးပြုလုပ်ခဲ့သည့် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက သဘော တူလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံခြားအကူအညီများအတွက် အချိန်ဆွဲနေခဲ့သောကြောင့် မုန်တိုင်းကာလ အတွင်း သေဆုံးမှုများ ပိုမိုဆိုးဝါးစေသည်ဟု အင်အားကြီးနိုင်ငံ ခေါင်းဆောင်များက စွပ်စွဲထားပြီး နိုင်ငံတကာ အကူအညီကိစ္စတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါဝင်ရန် တွန်းအား ပေးခဲ့ကြသည်။

“နိုင်ငံတကာအသိုင်းအ၀န်းက လှူဒါန်းတဲ့ငွေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိအောင် ဘန်ကီမွန်းအနေနဲ့ တိုက်တွန်းပေးဖို့ ကျနော်တို့ ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံက ကုလသမဂ္ဂကို တရားဝင်လျှောက်ထားတဲ့အထဲမှာ အဆိုပြုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အားထားရမယ့် အနေအထားတခုနဲ့ ပါဝင်နိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်တယ်” ဟု ကမ္ဘာ့စက်မှုထိပ်သီး
(၈) နိုင်ငံ အစည်းအဝေးပြီးနောက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး ဖရက်တီနီက သတင်း ထောက်များကို ပြောသည်။

နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ပိုမိုဝင်ခွင့်ပြုရေးအတွက် မြန်မာနိုင်ငံကို ဖိအားပေး သွားရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ သဘောတူညီမှု ရရှိခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြောရေးဆိုခွင့်ရှိသူ ကဇူအိုကိုဒမ ကလည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးအတွက် မည်သို့လုပ်ရမည်နှင့် ပတ်သက် ၍လည်း ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ၀န်ကြီးများက စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် နိုင်ငံတကာက တောင်းဆိုနေ သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းကို ယခင်လတွင် စစ်အစိုးရက
(၁) နှစ် ထပ်တိုးခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်၌ အဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ကျင်းပနေစဉ် စစ်အစိုးရလက်ကိုင်တုတ် စွမ်းအားရှင်များမှ ၀င်ရောက်ရိုက်နှက် လူစုခွဲခဲ့သည်။

ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ၀န်ကြီးများသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ဖြစ်ထွန်းရေး အတွက် အားပေးရန် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း သိရသည်။ ။

အပြည့်အစုံသို့...

Thursday, June 26, 2008

ဒေ၀ဒတ် န၀တစစ်အုပ်စု ကိုးကွယ်ပြီး လမ်းမှား ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ဆမတ်



လွှတ်တော်ထဲမှာ စက္ကူရုပ် လုပ်ကစားနေတဲ့ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျ

သတင်း- (m-s)

ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျဟာ ဟာ မြန်မာနိင်ငံစစ်အစိုးရအတွက် ခုခံကာကွယ်ပေးနေမှု တွေပြုလုပ်ခဲ့ တာကြောင့် သူဟာ ဒေ၀ဒတ် ကိုးကွယ်ပြီး လမ်းမှား ရောက်နေတဲ့ သူလို့ မြန်မာစစ်အုပ်စုကို အတိုက်အခံပြုနေတဲ့ အင်အားစုတွေက ဝေဖန်ခဲ့ကြပါတယ်။

အခုလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတပ်ဆင် ကို ခုခံကာကွယ်ပေးနေမှု တွေပြုလုပ်နေခဲ့ တာကြောင့် သူ့အစိုးရကို ထိုင်း အတိုက်အခံ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေအင်အားစုတွေက အပြင်းအထန်ဝေဖန်နေကြသလို၊ ရာထူးကနေ
နှုတ်ထွက်ပေးဖို့ကိုလည်း ဘန်ကောက်မှာ ထိုင်းပြည်သူတွေကလမ်းမပေါ်တွေ နှင့် ၀န်ကြီးချူပ်ရုံးခန်းအပြင်တွေမှာ စခန်းချ ပြီးတော့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီလိုဆန္ဒပြလာတာအခုဆို (၄) ပတ်နီးပါးရောက်တော့မှာပါ။ ဆန္ဒပြသူတွေကတော့ ၀န်ကြီးချုပ်ရာထူးက နှုတ်ထွက်တဲ့အထိ ၀န်ကြီးချူပ်ရုံးရှေ့မှာ ထိုင်ပြီးဆန္ဒပြ ကြမယ်လို့လည်းဆိုနေပါတယ်။ ဆန္ဒပြပွဲကို အတိုက်အခံ တပ်ပေါင်းစု People's Alliance For Democracy ကနေဦးဆောင်ပြီးကန့်ကွက်တောင်းဆို နေကြတာပါ။ ဒီလိုဆန္ဒပြမူ့ကို ဘန်ကောက်ပြည်သူတွေ၊ ပညာတက်လူငယ်တွေနှင့် အလယ်အလတ်လူတန်းစားအလွှာတွေက ထောက်ခံခဲ့ကြတယ်။

ဒီလို ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဆမတ် ဆွန်ဒရာဝေ ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ လူအမြောက် အများက တောင်းဆိုနေကြပေမဲ့ ၀န်ကြီးချုပ် ကတော့ ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ ထိုင်း လွှတ်တော်/ပါလီမန်အစည်းအဝေးမှာ အတိုက်အခံနှင့်အစိုးရ အမတ်တွေအကြားအခြေအတင်ဆွေးနွေးမူ့တွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုအရေးကြီးဆွေးနွေးမူ့တွေပြုလုပ်နေတာကို ထိုင်းနိုင်ငံ ရုပ်မြင်သံကြားတွေထဲမှာ တိုက်ရိုက်ပြသခဲ့ပါတယ်။

ဒီလိုပြသမူ့ကို တနိုင်ငံလုံးက ထိုင်းပြည်သူတွေ အာရုံစူးစိုက်ကြည့်နေစဉ်မှာ ၀န်ကြီးချုပ် ဆမတ်ဆွန်ဒရာဝေ ဟာ လွှတ်တော် ခန်းမအတွင်းမှာ စက္ကူရုပ်လုပ် ကစားနေတာမြင်ကြရလို့ ထိုင်းပညာတက်တွေ၊အတိုက်ခံနိုင်ငံရေးသမားတွေ၊ ဆန္ဒပြပြည်သူတွေ အမျက်ဒေါသဖြစ်ခဲ့ကြရတယ်။ ဒီပုံကိုထိုင်းသတင်းစာတွေ နှင့် အင်တာနက်စာမျက်နာတွေမှာဒီနေ့ဝေေ၀ဆာဆာတွေ့နေကြရပါပြီ။

တချို့ ထိုင်းပြည်သူတွေကတော့ သူဟာ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ကို အကာအကွယ်ပေးခဲ့ရာ ကနေ နိုင်ငံရေးစိတ်ဂယောင်ချောက်ချား ဖြစ်တဲ့ ဝေဒနာကို စတင် ခံစားနေရပြီလို့ဆိုတယ်။

ကျိမ်းသေတာကတော့ ဘုရား၊တရားကိုစောက်ရှောက်နေကြတဲ့ မြန်မာရဟန်းသဃာတွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှုမှာ မြန်မာရဟန်း သံဃာတွေရဲ့ ပေးဆပ်ခဲ့မူ့ကို လစ်လျှူပြု စော်ကားပြီး၊ န၀တစစ်အုပ်စု ဒေ၀ဒတ်ကို ကျေးဇူးရှင်ဆရာလို့ ကိုးကွယ်ခဲ့တာကြောင့် ကံ ကံ၏အကျိုး၊ မကောင်းမူ့ ပြုလုပ်သူဟာ မကောင်းတာ အရှင်လတ်လတ် ခံစားနေရတာပါဘဲ။

အပြည့်အစုံသို့...

ကိုယ်မစည်းရုံးနိုင်ရင် ကိုယ်ခံ

(ကိုရင်ဒေါင်း)

၁၉၆၂ ခုနှစ်က စတွက်ရင် တိုင်းပြည်ကို စစ်အုပ်စုမင်းဆက် တဆက်ပြီးတဆက် ကြီးစိုးမင်းမူခဲ့တာ ၄၆ နှစ် တောင်ရှိနေပြီ။ လက်ရှိအနေအထားအတိုင်း နိုင်ငံရေးအင်အားစုတွေ ကျဲကျဲကွဲကွဲ မညီမညွတ်ဆက်သွား နေကြဦးမယ်ဆိုရင် နအဖစစ်အုပ်စုရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေအောက်မျာ ပြည်သူတွေနောက်ထပ် အနည်းဆုံးရာစုနှစ် တ၀တ်လောက် ဒုက္ခပင်လယ်ဝေကြရဦးမယ်လို့ ယူဆရတယ်။ တိုင်းပြည်ဟာလည်း အလုံးစုံ ပျက်စီးရေး နွံကြီးထဲမှာ တရိပ်ရိပ်နစ်သွားရမယ့် အနေအထားပဲ။
ဒီဆောင်းပါးမှာ ပြည်သူလူထုကြီးတရပ်လုံးက နည်းမျိုးစုံနဲ့ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက နအဖစစ် အာဏာရှင်စနစ် ဘာ့ကြောင့်သက်ဆိုးရှည်စေနိုင်တာမှာ အကြောင်းတရား အများအပြားရှိမှာ ဖြစ်ပေမယ့် စစ်အုပ်စုလက်တဆုတ်စာရဲ့ မတရားတဲ့အမိန့်တွေကို တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ)က မငြင်းဆန် နိုင် ဘဲ နာခံနေရတာဟာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။


စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးဟာ စစ်တပ်ဖြစ်တယ်။ စစ်အုပ်စုလက်တဆုတ်စာရဲ့ ပြည်သူအပေါ် ဖိနှိပ် သတ်ဖြတ်ရေးအမိန့်တွေကို တပ်မတော်က မနာခံတော့ဘူးဆိုရင် တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ) ရဲ့ အင်အားတ၀တ် ဒါမှမဟုတ် သုံးပုံတပုံလောက်ဖြစ်စေဦးတော့ စစ်အာဏာရှင်စနစ် ယိုင်ယဲ ပျက်စီးရမှာဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ပေါင်းမိပြီဆိုတာနဲ့ ဒီမိုကရေစီအရေးတော်ပုံလည်း အောင်ပွဲ ခံရမှာ သေချာတယ်။ ဒါဟာ သဘောတရားအရသာမဟုတ်ဘဲ လက်တွေ့အရလည်း အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါလျက် ဘာကြောင့် ဒီနေ့အထိဖြစ်မလာနိုင်သေးလဲလို့ မေးရင် နိုင်ငံရေးအင်အားစုတွေဟာ ယေဘူယျ ဆော်သြချက် (ဒါတောင် သိပ်တက်တက်ကြွကြွ လုပ်တာ မဟုတ်) လောက်သာလုပ်ပြီး တိကျတဲ့လက်တွေ့နဲ့ မပေါင်းစပ်ကြလို့ ဖြေရမှာပဲ။
တပ်မတော်ကို စစ်အုပ်စုလက်တဆုတ်စာရဲ့ အမိန့်ကိုဖီဆန်ပြီး ပြည်သူလူထုနဲ့ပူးပေါင်းလာအောင် စည်းရုံး လို့ ရနိုင်တယ်လို့ပြောတာဟာ အချက်အလက်မဲ့၊ အထောက်အထားမရှိ လေဖမ်းဒန်းစီးနေတာ မဟုတ်ဘူး။ ကိုယ်တိုင်က တပ်မတော်သားတဦးအဖြစ် (ပထစ နဲ့ တော်လှန်ရေးကောင်စီခေတ်မှာ) စစ်မှုထမ်းခဲ့ရတဲ့ လက်တွေ့ဘ၀ အတွေ့အကြုံ၊ တပ်တွင်းယူဂျီဘ၀နဲ့ ဗိုလ်နေ၀င်းစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ အတွေ့ အကြုံနဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ အရင်းခံစိတ်ဓာတ်တွေကို အနီးကပ် မြင်တွေ့ခဲ့ရတဲ့ အပေါ်ကပြောတာ။ စစ်မိန့်၊ စစ်စည်းကမ်းဆိုတဲ့ ဖိနှိပ်ချုပ်ချယ်နေတဲ့ သူတို့ဘ၀တွေကို သိမြင်လာရတဲ့အပေါ်ကနေ ပြောတာဖြစ်တယ်။
စစ်အုပ်စုလက်တဆုတ်စာနဲ့ သာမန်တပ်မတော် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးအကြားမှာ ကြီးမားတဲ့ အကျိုးစီးပွားခြားနားမှုရှိတယ်။ တပ်အပြင်လောကမှာဆိုရင်လည်း စစ်အုပ်စုရဲ့ မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းနဲ့ သာမန်အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြား ကြီးမားတဲ့ အကျိုးစီးပွား ခြားနားမှုရှိတယ်။ ဒီလို အကျိုးစီးပွားအရ မိုးနဲ့မြေလောက် ကွာခြားနေတဲ့ မတရား မှုကြီးကို တပ်မတော်သားအများစုကြီးက မသိလို့ ဒါမှမဟုတ် ကျေနပ်လို့ ငြိမ်ခံနေကြတာတော့မဟုတ်ဘူး။ အကျိုးအကြောင်း၊ အဆိုးအကောင်း ဘာကိုမှစဉ်းစားနိုင်စွမ်းမရှိတဲ့ ကြေးစားစစ်သား လူမိုက်အနည်းစုက လွဲပြီး အများစုကြီးဟာ သူတို့ရင်ဆိုင်ဖြတ်သန်းနေရတဲ့တပ်မတော်သားဘ၀ကို ကျေနပ်ကြတာ မဟုတ်ဘူး။ အားမတန်လို့ မာန်လျော့နေကြတာဖြစ်တယ်။ နိုင်ငံရေးအတွေးအခေါ်အရ၊ လက်တွေ့ စည်းရုံးရေးအရ သူတို့ကို ဦးဆောင်မှုပေးမယ့် ခေါင်းဆောင်မှုမရှိလို့ဖြစ်တယ်။
လက်ရှိကာလမှာ တပ်မတော်အတွက် မှန်ကန်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ လက်တွေ့ကျတဲ့ စည်းရုံး လှုပ်ရှားမှု မရှိမဖြစ်လိုအပ်နေတယ်။ အဖိနှိပ်ခံ ဘ၀တူ တပ်မတော်သားအချင်းချင်း ဘယ်လိုစုစည်းရမယ်။ လူထုတိုက်ပွဲနဲ့ မပူးပေါင်းဘဲ တပ်မတော်အတွင်း ဦးတည်ချက်ရှိရှိ၊ စီမံကိန်းရှိရှိ မစည်းရုံး မလှုပ်ရှား ကြသေးလို့ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် မစွမ်းဆောင် နိုင်ကြတာဖြစ်တယ်။
တပ်မတော်ကို ပြည်သူတွေနဲ့အတူ ရပ်တည်လာစေချင်ရင် ယေဘူယျ လှုံဆော်စည်းရုံးရုံနဲ့တော့ မရနိုင်ဘူး။ မှန်ကန်တဲ့ နိုင်ငံရေးမူ၊ ပေါ်လစီတွေအပေါ် အခြေခံပြီး လက်တွေ့ကျကျ အဆင်းရဲအပင်ပန်းခံ စည်းရုံး လှုပ်ရှားမှ ဖြစ်မယ်။ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် စည်းရုံးဖို့ နိုင်ငံရေး အင်အားစုမှန်သမျှမှာ တာဝန်ရှိတယ်။ တပ်မတော်ကို ကိုယ်က မစည်းရုံးနိုင်ရင် စစ်အုပ်စုက အမိန့်၊ စည်းကမ်းဆိုတာနဲ့ရော လိမ်ညာမှိုင်းတိုက်မှုနဲ့ပါ စည်းရုံးမှာပဲ။ ဒီလိုဆို တပ်မတော်တခုလုံး စစ်အုပ်စု လက်တဆုတ်စာ လက်အောက်က ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ လူထုဘ၀လည်း အလားတူဖြစ်မှာပဲ။
နိုင်ငံရေးအင်အားစုများအဖို့ တပ်မတော်ကို စည်းရုံးရေးဟာ လူထုစည်းရုံးရေး စစ်မျက်နှာတခုဖြစ်တယ်။ ဒီလို ပြောရတာက စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်နိုင် မတိုက်နိုင်၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲရ မရဆိုတာ တပ်မတော်အင်အားအများစုကြီး ပြည်သူလူထုဘက် ရပ်တည်၊ မရပ်တည်ဆိုတဲ့အချက်ပေါ်မှာ တည်နေလို့ပဲ။ တပ်မတော်ဆိုတာ လက်နက်ကိုင်ထားတဲ့ လူထုပဲ။ စစ်အုပ်စုနဲ့ တပ်မတော်ကို တတန်း တည်းထားစဉ်းစားတာ မမှန်ဘူး။
ကျနော်တို့တိုက်ဖျက်နေတာ တပ်မတော်ကိုမဟုတ်ဘူး။ တပ်မတော်ကိုသူတို့ လူတစုအကျိုးအတွက် အသုံး ချနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကိုသာ ဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးမှာ အခြား လူထု၊ လူတန်းစား၊ လူ့အလွှာတွေကို ပေါ်လစီချ စည်းရုံးသလို တပ်မတော် ကိုလည်း အခိုင်အမာထူးခြားချက်အရ ပေါ်လစီချ စည်းရုံးရမှာဖြစ်တယ်။ တပ်မတော်စည်းရုံးရေးကို တပါတီ၊ တသင်း၊ တဖွဲ့တည်းကလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူး။ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအင်အားစု အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ တပ်မတော်သားဘ၀ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ကြဖူးတဲ့၊ ဒီမိုကရေစီလိုလားတဲ့ တိုင်းချစ်၊ ပြည်ချစ် တပ်မှူး၊ တပ်သားဟောင်းတွေထဲက တရားမျှတမှုကို လိုလား သူတွေရဲ့ ပူုးပေါင်းကူညီမှုကို ရယူကြရမှာပဲ။
တပ်မတော်တွင်း ဘယ်လိုအခိုင်အမာ ထိုးဖောက်စည်းရုံးမလဲဆိုတာနဲ့ ပတ်သက်လို့ ကျနော်စဉ်းစားမိတဲ့ ယေဘူယျပုံကြမ်းတခုကို တင်ပြချင်တယ်။ စိတ်ဝင်စားသူတွေ စဉ်းစားနိုင်ဖို့ပါ။ တပ်မတော်တွင်းထိုးဖောက် စည်းရုံးနိုင်ရေးအတွက် သီးသန့် စည်းရုံးဖွဲ့စည်းမှု သဏ္ဍန်တခုရှိရမယ်။ ဥပမာ - မြန်မာနိုင်ငံလုံးဆိုင်ရာ တပ်မတော်အတွင်း ထိုးဖောက်စည်းရုံးရေးကော်မတီ ဆိုတာမျိုးဖြစ်တယ်။ အဲဒီကော်မတီမှာ ဖွဲ့စည်းမှု ဆိုင်ရာ စည်းမျဉ်းရှိရမယ်။ လုပ်ငန်းစဉ်ရှိရမယ်။ လုပ်ငန်းလမ်းညွှန် ပေါ်လစီရှိရမယ်။ ရေတို၊ ရေရှည် စီမံကိန်းရှိရမယ်။ ကြည်း၊ ရေ၊ လေ ယူနစ်အလိုက် တာဝန်ခွဲဝေမှုမျိုး ရှိရမယ်။ ယူဂျီစနစ်ကျင့်သုံးရမယ်။ ယူဂျီလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများရှိရမယ်။ ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖွဲ့စည်းမှုစနစ် ရှိရမယ်။ မိမိတပ်တွင်း ယူဂျီများ အရေးကြုံလာက ရန်သူ့လက်မကျရေးအတွက် ထွက်ပေါက်လမ်းကြောင်း များ ဖောက်လုပ်ထားရေး စတာတွေ အခိုင်အမာ ပြင်ဆင်ရမယ်။
တပ်မတော်အတွင်း လျှို့ဝှက်ထိုးဖောက်စည်းရုံးရေးကို အထောက်အကူပြုနိုင်ဖို့ ဗြောင်လုပ်ငန်း ယေဘူယျ လှုံ့ဆောင်စည်းရုံးမှုနဲ့ ပေါင်းစပ်ရမယ်။ သတင်းစာ၊ ဂျာနယ်၊ အထူးသဖြင့် အသံလွှင့်ဌာနများရဲ့ အကူအညီ ကို ဖြစ်နိုင်သမျှရယူပြီး တပ်မတော်တွင်း နိုင်ငံပညာပေးရေးကို အလေးထားလုပ်ရမယ်။
တပ်ပြင်ရောက် စစ်ပြန်၊ စစ်မှုထမ်းတွေထဲက တရားမျှတမှုကို လိုလားတဲ့ စစ်မှုထမ်းဟောင်းတွေ၊ တာဝန် ထမ်းဆောင်ဆဲ စစ်မှုထမ်းတွေရဲ့ မိဘ၊ ညီအကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေကို စနစ်တကျ ဦးတည် ချက်ရှိရှိ ချဉ်းကပ်ရေး၊ သူတို့ကတဆင့် တပ်တွင်းသို့ ထိုးဖောက်ရေးဖြစ်တယ်။ ဒီနည်းနဲ့ ကြည်း၊ ရေ၊ လေ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအတွင်း ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖြန့်ကျက်တည်ဆောက်နိုင်ရေး ဖြစ်တယ်။
အတွေ့အကြုံအရ တပ်ရင်းတရင်းမှာ ငွေကြေးအရ အခစားလုပ်စားတဲ့ ကြေးစားယူဂျီမဟုတ်ဘဲ နိုင်ငံရေး အတွေးအခေါ်အရ ကိုယ်ပိုင်နိုးကြားမှုနဲ့လုပ်တဲ့ ဒီမိုကရေစီအမာခံ ယူဂျီတယောက်ရပြီဆိုရင် အဲဒါဟာ မဟာအောင်မြင်မှုပဲ။ အဲဒီအမာခံကတဆင့် တစက်က တမျက်နှာ ဖွံ့ဖြိုးယူဖို့မခက်တော့ဘူး။ အဲဒါ ကိုယ်တွေ့ပဲ။ အရေးကြီးတာက အဲဒီလို အမာခံယူဂျီတွေကို ရေရှည်မြှပ်နှံထားဖို့ပဲ။ ဖော်ပြပါအချက်တွေဟာ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေးနဲ့ပတ်သက်လို့ စဉ်းစားနိုင်အောင် အကြမ်းဖျမ်း တင်ပြချက် သာဖြစ်တယ်။ တကယ်လက်တွေ့မှာ စုပေါင်းစဉ်းစားကြရင် ကျယ်လည်း ကျယ်ပြန့်၊ လက်တွေ့လည်းကျပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်စနစ်တွေရလာမှာသာ ဖြစ်တယ်။ လက်တွေ့လုပ်ရင်လည်း လုပ်နိုင်သလောက် အောင်မြင်မှာပဲ။
နိုင်ငံတကာအကူအညီတွေကိုယူပြီး လူမှုရေးဆန်ဆန် အသင်းတွေကိုတောင် လုပ်နိုင်ကြသေးတာပဲ။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲခံရေးအတွက် တိုက်ရိုက်ဆက်စပ် ပတ်သက်နေတဲ့ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေး မြေအောက်လုပ်ငန်းမျိုးကို ဘာ့ကြောင့် မလုပ်နိုင် ကြတာလဲ။ ဘာ့ကြောင့် တာဝန်ပျက်ကွက်နေကြတာလဲ။
ပြည်တွင်းရှိ ရဲဘော်တယောက်ကတဆင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတချို့ရဲ့စကားကို ပြန်ကြားရတာရှိတယ်။ `နိုင်ငံရေးပါတီတွေက တပ်မတော်သားတွေကိုမှ မစည်းရုံးကြဘဲ။ တပ်မတော်သား အများစုကလည်း လက်ရှိအခြေအနေကို ပြောင်းလဲချင်နေကြတာ။ အားကိုးလောက်တဲ့ ခေါင်းဆောင်မှုသာ တို့ကို ခေါင်းဆောင်ရင် တို့လဲ လုပ်ရဲပါတယ်´တဲ့။ စစ်အုပ်စုကတော့ တပ်မတော်ကို အမိန့်ပေးစေခိုင်းပြီး ပြည်သူတွေကို ဆက်လက်သတ်ဖြတ် ဒုက္ခပေးနေဦးမှာပဲ။ ကိုယ်က တပ်မတော်ကို မစည်းရုံးနိုင်ရင် ကိုယ်ပဲ နာဖို့ရှိတယ်။

ကိုရင်ဒေါင်း
ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၆)

အပြည့်အစုံသို့...

စားဝတ်နေရေးကြပ်တည်း၍ စစ်တွေမြို့က မိသားစုတစု သေကြောင်းကြံ

ကိုစိုး | ဇွန် ၂၆၊ ၂၀၀၈

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်တွင် စားဝတ်နေရေး အကြပ်အတည်းကြောင့် မိသားစု ၃ ဦး သေကြောင်း ကြံစည်သွားကြကြောင်း သိရသည်။

အဆိုပါ မင်းဂံ ရပ်ကွက်နေ ကိုမောင်မောင်စိုး အသက် ၃၈ နှစ် သည် နေ့စဉ် အိမ်စရိတ်ကို ဆိုက်ကား နင်း၍ ဖြေရှင်းနေရာမှ ယခုလ ၁၈ ရက်က စားဝတ်နေရေး အခက်အခဲကြောင့် ၎င်းနှင့်အတူ အသက် ၇ နှစ် အရွယ် သားအငယ်နှင့် ၈ နှစ်အရွယ် သမီးအကြီးတို့ သေကြောင်း ကြံစည်သွားခြင်းဖြစ်သည်ဟု စစ်တွေရှိ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

“ကလေးတွေအမေကလည်း ဆုံးသွားပြီ၊ သူကဆိုက်ကားနင်းတယ်၊ အဲဒါ စည်ပင်က လိုင်စင်ကြေးတောင်းတာတွေ အဖမ်း အဆီးတွေနဲ့ဆိုတော့ အလုပ်က ဘယ်လိုမှ အဆင်မပြေဘူး၊ သူကလည်း သူ့စိတ်ကို မထိန်းသိမ်းနိုင်ဘူး၊ နေ့လယ် ထမင်း စားတဲ့ အချိန် ပိုးသတ်ဆေးကို ကလေးတွေ အရင်ကြွေးလိုက်ပြီးနောက် သူလည်း စားပြီး သေကြောင်းကြံသွားတာပဲ၊ အရင်က အဲဒါမျိုးမရှိဘူး”ဟု မိသားစုနှင့် နီးစပ်သူ က ပြောပြသည်။

မင်းဂံ ရပ်ကွက်သည် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်ရှိပြီး ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နေရာဟောင်းနှင့် နီးသည်ဟု ဆိုသည်။

စစ်တွေမြို့တွင် ဆိုက်ကားတစီးအတွက် စည်ပင်သာယာမှ တနှစ် လိုင်စင်ကြေး ကျပ် ၂ သောင်း ခန့် ကောက်ခံ ကြောင်း၊ ယခုအခါ စည်ပင်သာယာမှ မော်တော်ဆိုင်ကယ် အငှားလိုက်သူများကိုလည်း ခွင့်ပြုထားကြောင်း၊ ဆိုက်ကားနင်းသူများမှာ တရက်လျင် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ ဝန်းကျင်သာ ဝင်ငွေရရှိပြီး လူ တဦး၏ တနေ့ စရိတ်မှာ ဖျမ်းမျှ ကျပ် ၂၀၀၀ ခန့်ရှိရာ ဆိုက်ကားနင်း၍ ဝင်ငွေ ရှာသူ အများစုမှာ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြကြောင်း စစ်တွေ ဒေသခံ တဦးက ပြောသည်။

“လူတယောက် ဆိုင်မှာ ထမင်းဝယ်စားမယ်ဆိုရင် တနပ်ကို အနိမ့်ဆုံး ကျပ် ၆၀၀ လောက်ကုန်တယ်၊ စစ်တွေမှာ အများစုက ပုဂ္ဂလိက ကိုယ်ထူကိုယ်ထ စီးပွားရေး လုပ်ကြတာများတယ်၊ ဒါပေမယ့် အခု လက်ရှိ အခြေအနေအရ စီးပွားရေး အဆင် မပြေသူက များပါတယ်၊ ဝန်ထမ်းက အနည်းစု ဖြစ်ပေမယ့် သူတို့က အဆင်ပြေတာများတယ်” ဟု ၎င်းက ဆိုသည်။
နောက်ဆုံး သတင်းအရ အဆိုပါအခင်းဖြစ်ပွားချိန်တွင် သေမှု သေခင်းနှင့် ပတ်သက်၍ ဒေသခံအာဏာပိုင်များနှင့် ရဲအဖွဲ့က တစုံတရာ စုံစမ်းမေးမြန်းအရေးယူခြင်း မရှိခဲ့ဘဲ ယခုရက်ပိုင်းတွင်မှ ရပ်ကွက်က တာဝန်ယူသင်္ဂြီုဟ်ပေး ထားသော မိသားစု ၃ ဦး ၏ အလောင်းများကို ပြန်လည်တူးဖော် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။ [Top]

အပြည့်အစုံသို့...

အဲပုဂံ(၂)နှစ်ပြည့်အခမ်းအနားမှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညာလက်ရုံး ခေတ်ပျက်သူဋ္ဌေး တေဇ


အပြည့်အစုံသို့...

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း တိုက်ပွဲတွင် စစ်သား ၆၀ ကျဆုံး




ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် ကျဆုံးသူ စစ်သား အရေအတွက် ၆၀ ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကျဆုံးသွားသူ စစ်သားများမှာ စကခ ၁၅ လက်အောက်ခံ စစ်တပ် တပ်ရင်း ၁၀ ရင်းမှ ဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက် ကရင်နှင့် ရှမ်း ရှေ့တန်းနယ်မြေများတွင် ကျဆုံးသွားခြင်း ဖြစ်သည်။

များမကြာမှီက စကခ ၁၅ မှ ထုတ်ပြန်သော အစီရင်ခံစာ တစောင် အရ စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရိုးရိုးသေဆုံးသွားသူ စစ်သား အရေအတွက်မှာ ၆ ဦးရှိပြီး တိုက်ပွဲတွင် ခြေနှစ်ဖက် ပြတ်သွားသူမှာ ၂ ဦး ရှိကြောင်း သိရှိရသည်။

၎င်းပြင် ခြေတဖက် ပြတ်သွားသူမှာ ၆၆ ယောက်ရှိပြီး မျက်လုံး တဖက် ကန်းသွားသူမှာ ၅ ဦးရှိသည်။ တိုက်ပွဲများ အတွင်း ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်သွားသူမှာ ၄၄ ဦးရှိပြီး ရိုးရိုး ထိခိုက်ဒဏ်ရာ ရသွားသူမှာ ၈၃ ဦးရှိကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖေါ်ပြသည်။

အဆိုပါ စကခ ၁၅ အား ဗိုလ်မှူးချုပ် အောင်နိုင်မှ ဦးစီးကွပ်ကဲပြီး ယခုအခါ စကခ ၁၅ တပ်မှူးမှာ ကရင်ရှေ့တန်းသို့ရောက်နေကြောင်း သတင်း တရပ်တွင် ဖေါ်ပြသည်။

စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၅၂၊ ၃၄၅၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅၊ ၅၃၆ နှင့် ၅၃၇ တို့ဖြစ်ကြပြီး အဆိုပါ တပ်ရင်းများ အားလုံးမှာ စစ်တွေမြို့ မြောက်ဘက် မိုင် ၈၀ အကွာတွင် တည်ရှိသော ဘူးသီတောင် မြို့နယ်တွင် အခြေစိုက်ကြသည်။

အပြည့်အစုံသို့...

မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ

၂၆ ဇွန် ၂၀၀၆



ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။

ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။ ။

အပြည့်အစုံသို့...

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ရှေ့နေ (၃) ဦး လာဘ်ထိုးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ



Bangkok Post / ၂၆ ဇွန် ၂၀၀၈

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ရှေ့နေ ဖိချစ် ချွမ်ဘန် အား ဘန်ကောက်အထူး ထောင်သို့ ခေါ်ဆောင်သွားစဉ်


ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နာဝါထရာ၏ ဥပဒေအကျိုးဆောင်အဖွဲ့မှ အရေးပါသော ရှေ့နေ (၃) ဦးအား ဘတ်ငွေ (၂) သန်း လာဘ်ထိုးမှုဖြင့် ထိုင်း တရားရုံးချုပ်က ယမန်နေ့တွင် ထောင်ဒဏ် (၆) လစီ အပြစ်ပေးလိုက်သည်။

ယင်းအဖွဲ့ခေါင်းဆောင် ဖိချစ် ချွန်ဘန်၊ ၎င်း၏ လက် ထောက် ဆူပါစရီ ဆရီစရတ်နှင့် အဖွဲ့ဆက်စပ်ရေးမှူး ထာနာတန်စီရီတို့အား အပြစ်ရှိကြောင်း တရားသူကြီး
(၃) ဦးပါအဖွဲ့က ဆုံးဖြတ်ခြင်းဖြစ်သည်။
အဆိုပါ (၃) ဦးပါ တရားသူကြီးအဖွဲ့ကို တရားရုံးချုပ် ဒု-ဥက္ကဋ္ဌ မွန်ခိုး ထပ်ထီးရန်းက ဦးဆောင်ခြင်း ဖြစ်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်တွင်“တရားရုံးချုပ်က ပြင်းထန်သည့် အပြစ်ပေးမှုကို ချမှတ်ခဲ့ခြင်း ဖြစ်ပြီး တဦးစီကို ထောင်ဒဏ် (၆) လစီ ချမှတ်လိုက်သည်” ဟု ပါရှိသည်။

မစ္စတာတပ်ဆင်နှင့် ဇနီး ပွတ်ဂျမန်တို့ (၂) ဦး ပြည်ပခရီးစဉ်တခုမှ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သတင်းပို့ရန် တရားခံရှေ့နေ မစ္စတာဖိချစ်နှင့် ၎င်း၏အဖွဲ့သည် ယခုလ (၁၀) ရက်နေ့တွင် တရားရုံး ချုပ်သို့ ရောက်ရှိခဲ့ကြကြောင်း အမှုစီရင်သည့် တရားသူကြီး (၃) ဦးက ပြောသည်။

အဆိုပါနေ့၌ပင် မစ္စတာတပ်ဆင်၏ဇနီးနှင့် ဆွေမျိုးတော်စပ်သူ အဖွဲ့ဆက်စပ်ရေးမှူး ထာနာက တရားရုံးချုပ်၏ နိုင်ငံရေး ရာဇ၀တ်မှုဆိုင်ရာဌာနခွဲမှ အရာရှိ ထီတီပွန် ချွမ်ပူးနတ်ကို မုန့်ပုံးအတွင်း ဘတ်ငွေ (၂) သန်းထည့်၍ လာဘ်ငွေအဖြစ်ပေးခဲ့ကြောင်း တရားသူကြီးများက ပြောသည်။

အဆိုပါအမှုအတွက် စုံစမ်းဆစ်ဆေးမှုများပြုလုပ်စဉ် မစ္စတာ ထာနာက ၎င်းအနေဖြင့် အဆိုပါ အရာရှိအား ပုံးမှားပေးခဲ့မိခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပြီး ဖိချစ်နှင့် ဆူပါစရီတို့ကမူ အမှုတွင် ၎င်းတို့ မပါဝင်ကြောင်း ငြင်းဆိုခဲ့သည်။

မစ္စတာထာနာသည် ယမန်နေ့က ပြုလုပ်သော တရားရုံး စီရင်ချက်ချရာသို့ ကျန်းမာရေး အကြောင်း ပြ၍ တက်ရောက်ခြင်းမရှိသော်လည်း တရားရုံးက ၎င်းအတွက် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဖိချစ်နှင့် ဆူပါစရီတို့နှစ်ဦးကိုမူ အာမခံမပေးဘဲ ဘန်ကောက် အထူးထောင်သို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။

အပြည့်အစုံသို့...



အပြည့်အစုံသို့...

တို့ချစ်တဲ့ကမ္ဘာ .. တို့ချစ်တဲ့ကလေးတွေ






တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊


ကမ္ဘာကြီးပေါ်မှာ နိုင်ငံတကာရင်သွေးတွေ အများအပြားဟာ ကံဆိုးနေရရှာတယ်လေ
ဆာလောင်ခြင်း နာကျင်နေ အိုး သဘာဝကြီးမဟုတ်နှိုင် မဖြစ်နှိုင် ဒါဘယ်သူ့တာဝန်များလဲ

ရင်သွေးငယ်များ အကြင်နာဒီဆေးဝါး နှလုံးသားထဲ လိုအပ်နေကြပေမယ့်လည်း
တာဝန်ပျက်သူတွေဟာ ပေါ့ဆခြင်း လက်နက်နဲ့ (ဟင်း) ကလေးတို့ရဲ့ ဇီဝိန်အသက်ကို ခြွေခဲ့ပြီ

တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ် အနာဂတ်နေ့ရက်တွေ
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

အိုး.. ကလေးဆိုတာဟာ အတူတူတွေပါ ဖယောင်များနှယ် ၀ိုင်းဝန်းလို့ ပုံသွင်း ကောင်းအောင်ဖန်တီး
အပြစ်မဲ့စင်ကြယ် ကလေးများရဲ့ ဘ၀လေးတွေ လူကြီးဖြစ်ကြ အဖြစ်ဆိုးမကြုံစေဖွယ်

(ဟယ်ရီလင်း) တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့အားလုံးအတွက် လှမ်းကာယူနိုင်မယ့် အနာဂတ်နေ့ရက်တွေ
အိုး.. ပိုမိုကောင်းမွန်စေချင် ရင်သွေးငယ်တိုင်းအတွက်ပဲ တို့တတ်နှိုင်တဲ့ တာဝန်တွေတိုင်းလဲ ထမ်းရွက်မယ်လေ

တစ်နေရာ တစ်ထောင့်ကတော့ ဒီအတိုင်းအစွမ်းနဲ့နော် အကူအညီပေးကြစို့ ကလေးများရဲ့ အတွက်ပေါ့
ငို.. ငို.. ငိုကြွေးကလေးငယ်များ (အိုး) ငတ်မွတ်မှုဝေဒနာတွေကိုလေ ဒီအတိုင်းကြည့်နေရက်နှိုင်ပါ့မလား

တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ် အနာဂတ်နေ့ရက်တွေ
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့လက်တွေ တွဲကာလှမ်းယူနိုင်ရမယ် အနာဂတ်နေ့ရက်တွေ
လုံးဝကောင်းမွန်အစဉ်အမြဲ (ဟင်း) ကလေးများစွာ အသက်များအတွက် တို့ ကရုဏာလက်တွေ ပေးဆပ်ဖို့ လိုအပ်နေပြီ

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ချစ်တဲ့ကမ္ဘာ၊ ) တို့ချစ်တဲ့ကလေးတွေ၊ (တို့ချစ်တဲ့ကလေးတွေ၊ )
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ့် အနာဂတ်နေ့ရက်တွေ (အနာဂတ်နေ့ရက်တွေ )
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ
(တို့ချစ်တဲ့ငါ့ရဲ့ကလေးများအတွက်) တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ရဲ့ကလေးများ) တို့ချစ်တဲ့ကလေးတွေ၊ (ငါတို့ချစ်တဲ့ကလေးတွေ)
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြ/ရမယ် အနာဂတ်နေ့ရက်တွေ (နောက်ထပ်နေ့တွေထဲ)
ပိုမိုကောင်းမွန်စေချင် (အကူအညီတွေပေးရင်း) ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ (ရင်သွေးငယ်များရဲ့အတွက်)
(တို့တတ်နှိုင်သမျှတွေ အားလုံးပဲ ဆောင်ရွက်ပေးဖို့ကောင်းနေပြီဟေ့)

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ချစ်တဲ့ကမ္ဘာ) တို့ချစ်တဲ့ကလေးတွေ၊ (တို့ချစ်တဲ့ကလေးတွေ၊ )
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ် အနာဂတ်နေ့ရက်တွေ (အနာဂတ်နေ့ရက်များ)
ပိုမိုကောင်းမွန်ပါစေ ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ
တို့တတ်နှိုင်သမျှကို အားလုံးပဲ အတူ ဆောင်ရွက်မယ် ရေးဟေ့..

တို့ချစ်တဲ့ကမ္ဘာ (ဒီကမ္ဘာကြီးအတွက်) ရင်သွေးတိုင်းအတွက် (တို့ချစ်တဲ့ကလေးတွေ)
နောင်အနာဂတ်တွေ တို့လက်တွေတွဲရင်း လှမ်းယူကြရအောင် (အနာဂတ်နေ့ရက်များ)
လုံးဝကောင်းအောင် ကမ္ဘာ့ရဲ့ရင်သွေးငယ်တိုင်းအတွက် ဟေးအကြင်နာတွေကိုပေးဆပ်ဖို့ (ဟေး.. ရေး..)

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ချစ်တဲ့ကမ္ဘာ၊ ) တို့ချစ်တဲ့ကလေးတွေ၊ (တို့ချစ်တဲ့ကလေးတွေ၊ )
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ့် အနာဂတ်နေ့ရက်တွေ (အနာဂတ်နေ့ရက်တွေ )
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ
တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ
တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

အပြည့်အစုံသို့...

Wednesday, June 25, 2008

ငလျင်မလှုပ်မီ။

* အရေးပေါ် မီးသတ်ဘူး၊ ရှေးဦးသူနာပြူစုသေတ္တာ၊ ဘက်ထရီသုံးရေဒီယို၊ လက်နှိပ်ဓါတ်မီး နှင့် ဓါတ်ခဲအပိုများ မိမိ၏အိမ်တွင်ထားရှိပါ။

* ရှေးဦးသူနာပြုစုနည်းကို သင်ယူထားပါ။

* ဂတ်စ် ၊ ရေ၊ လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းကိရိယာများကို ပိတ်တတ်အောင် လေ့လာထားပါ။

* ငလျင်လှုပ်ပြီးပါက မိမိ၏မိသားစုဝင်များအား တွေ့ဆုံနိုင်မည့် အစီစဉ်တစ်ခုထားပါ။

* လေးလံသောအရာများအား စင်ပေါ်မှာတင်မထားပါနှင့်။

* လေးလံသည့် အိမ်ထောင်ပရိဘောဂ၊ ဗီရိုများနှင့် အသုံးအဆောင် ကိရိယာပစ္စည်းများကို နံရံများ ကြမ်းပြင်များနှင့် စွဲမြဲစွာကပ်ထားပါ။

* မြေငလျင်နှင့် ပတ်သက်သောအစီစဉ်များကို သင်၏ကျောင်း၊ အလုပ်တွင်လေ့လာသင်ယူပါ။

ငလျင်လှုပ်နေစဉ်အတွင်း။

* စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။ အိမ်ထဲတွင်ရှိနေပါက အိမ်ထဲတွင်နေပါ။ အိမ်အပြင်တွင်ရှိနေပါက အိမ်အပြင်တွင်နေပါ။

* အိမ်ထဲတွင်ရှိနေပါက အိမ်၏ဗဟိုချက်တွင်ရှိသော နံရံကိုကပ်၍နေပါ။ သို့မဟုတ်ပါက တံခါးဝတွင် ရပ်နေပါ။သို့မဟုတ် စားပွဲကဲ့သို့သော လေးလံသည့်ပရိဘောဂအောက်တွင် ၀ပ်နေပါ။ ပြတင်းပေါက်များနှင့် အပြင်ဘက်တံခါးပေါက်များနှင့် ဝေးဝေးနေပါ။

* အိမ်အပြင်တွင်ရှိနေပါက လျှပ်စစ်ဓါတ်အားကြိုးများ၊ အောက်သို့ပြုတ်ကျလာနိုင်သည့်အရာများ နှင့် ဝေးရာမြေကွက်လပ်မျိုးတွင်နေပါ။ အဆောက်အဦးများနှင့် ဝေးရာတွင်နေပါ။ အဆောက်အဦးပေါ်မှ အရာဝတ္တုများ ကျလာနိုင်သည်း။ (သို့) အဆောက်အဦးပြိုကျလာနိုင်သည်။

* မီးခြစ်များ ၊ဖယောင်းတိုင်များ (သို့) မီးတောက်များအား အသုံးမပြုပါနှင့်။ ပြတ်နေသောဂတ် (စ်) လိုင်းပိုက်များနှင့် မီးကိုဝေးဝေးထားပါ။

* ကားထဲတွင်ရှိနေပါက ကားကိုရပ်၍ ငလျင်လှုပ်ပြီးသည်အထိ ကားထဲတွင်နေပါ။

* ဓါတ်လှေကားကို အသုံးမပြုပါနှင့်။ (ဓါတ်လှေကားထဲတွင် ပိတ်နိုင်သည်)။

ငလျင်လှုပ်ပြီးနောက်။

* တခြားသူများနှင့် မိမိကိုယ်မိမိ ဒဏ်ရာရမရ စစ်ဆေးပါ။ လိုအပ်သူအား ရှေးဦးသူနာပြုစုနည်းနှင့် ပြုစုပါ။

* ရေ ၊ ဂတ်စ် နှင့် လျှပ်စစ်လိုင်းအား ပျက်စီးမှုရှိမရှိ စစ်ဆေးပါ။ပျက်စီးမှုရှိပါက အသုံးမပြုပဲပိတ်ထားပါ။ ဂတ်စ်အနံ့ရမရ စစ်ဆေးပါ။ ဂတ်စ်အနံ့ရပါက ပြတင်းပေါက်များ၊ တံခါးများအားလုံးဖွင့်ထားပြီး ချက်ခြင်းအခြားတစ်နေရာသို့သွားပါ။ သက်ဆိုင်ရာသို့ ပြင်ပမှ ဖုန်းအသုံးပြုပြီး သတင်းပို့ပါ။

* ရေဒီယိုဖွင့်ထားပါ။ အရေးပေါ်ကိစ္စ မဟုတ်ပါက တယ်လီဖုန်းကို အသုံးမပြုပါနှင့်။

* ပျက်စီးနေသော အဆောက်အဦးထဲသို့ မ၀င်ပါနှင့်။

* မှန်ကွဲများ၊ကွဲရှစရာများကို သတိထားပါ။ ရှူးဖိနပ်၊ဘွတ်ဖိနပ်များ ၀တ်ထားခြင်းဖြင့် ခြေထောက် မရှအောင်နေပါ။

* မီးဖို၊မီးခိုးပိုက်ခေါင်းများကို သတိထားပါ။ သင့်အပေါ်ပြုတ်ကျနိုင်သည်။

* ကမ်းခြေနေရာများမှ ဝေးဝေးနေပါ။မြေငလျင်လှုပ်ပြီးပါက ဆူနာမီရေလှိုင်းကြီးများ ရွေ့လျားလာနိုင်သည်။

* အပျက်အစီးများရှိသော နေရာများမှ ဝေးဝေးနေပါ။

* ကျောင်း (သို့) အလုပ်တွင်ရှိနေပါက တာဝန်ခံ ပုဂ္ဂိုလ်၏ အရေးပေါ်ညွှန်ကြားချက်များကို လိုက်နာပါ။

* နောက်ဆက်တွဲ ငလျင်လှုပ်နိုင်သည်ကို သတိထားပါ။

(မိုးလေ၀သနှင့် ဇလဗေဒ၏ ငလျင်အကြောင်း ပြောကြားချက်)။

အပြည့်အစုံသို့...

မြန်မာ့ဂုဏ်ဆောင်ခဲ့သော သူရဲကောင်း (၃) ယောက် - ဆိုတာ ဗ်ုလ်ချူပ်အောင်ဆန်း၊ ၀န်ကြီးချူပ်ဟောင်း ဦးနု၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် ။

အပြည့်အစုံသို့...

အဖွဲ့ချုပ်ရုံးရှေ့ရိုက်နှက်ဖမ်းဆီးသည့် စွမ်းအားရှင်များတွင် လုံထိန်းပါဝင်




ကျော်ထင်/ ၂၅ ဇွန် ၂၀၀၈



ဇွန် (၁၉) ရက်ကအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်တွင် ဒေါ်အောင် ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်နေစဉ် လူ (၄) ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည့် စွမ်းအား ရှင်ဆိုသူများထဲတွင် အရပ်ဝတ် လုံထိန်း တဦးပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၂၆) ရက်တွင် ရွှေတိဂုံဘုရား၊ ကြားတောရလမ်း၌ အဆိုပါ လုံထိန်း၏ ရိုက်နှက်ဖမ်းဆီးမှု ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ယခုရိုက်နှက် ဖမ်းဆီးမှုတွင်လည်း ၎င်းလုံထိန်းကို စွမ်းအားရှင်ပုံစံ အရပ်ဝတ်နှင့် တွေ့ရကြောင်း ပြောသည်။

၎င်းက “ဘယ်လိုမှတ်မိလဲဆိုတော့ အဲဒီတုန်းက လဲသွားတဲ့ ကောင်မလေးတယောက်ကို သူရိုက် နေလို့ ဆက်မရိုက်ဖို့ သွားတောင်းပန်တာ။ ဒါနဲ့ပဲ ကျနော့်ကို ဆက်ရိုက်တာ။ နောက်ပြီးတော့ လဲသွားတော့ မျက်နှာကို သူကကန်တယ်၊ ဘာမှလုပ်တာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကျနော့်ကို လုပ်စရာမလိုဘူးလို့ ကျနော်ပြန်ပြောတယ်။ သူနဲ့မျက်နှာချင်းဆိုင် ပြောလိုက်တာပေါ့၊ ရာဇ၀တ်
ကောင်လည်းမဟုတ်ဘူးလို့” ဟု ပြောသည်။

“နောက်ထပ် သေချာမှတ်မိတာတခုက ကျနော်တို့ကို ဒိုင်နာပေါ်မှာ ဖမ်းထားတဲ့အချိန်မှာ ဗဟန်း (၃) လမ်းဘက်က သံဃာတွေကိုရိုက်တော့ ဘုန်းကြီးကျောင်းထဲက ပြန်ချတယ်လေ။ လုံထိန်း တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်တော့ ကားပေါ်က ဖမ်းခံထားရတဲ့ ကောင်မလေးတွေက ကြောက်ပြီး အော်တယ်။ အဲဒီမှာ ဒီလုံထိန်းပဲ နောက်ရဲ (၂) ယောက်နဲ့ ကားပေါ်တက်လာပြီး ဆက်ရိုက်သေးတယ်၊ ဒီလုံထိန်းက (၂) ရစ်နဲ့လေ” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စွမ်းအားရှင်များက ရိုက်ဖမ်းဆီးမှုသည် အာဏာပိုင်များကိုယ်တိုင် ဥပဒေချိုးဖောက်နေခြင်းဖြစ်ကြောင်း နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ပြောသည်။

BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက “စွမ်းအားရှင်တွေထဲ လုံထိန်းတွေ ထည့်ထား တာက အာဏာပိုင်တွေနဲ့ ဆိုင်တယ်လေ။ ဥပဒေကြောင်းအရတော့ သာမန်ပြည်သူကိုဖမ်းမယ် ဆိုရင် ယူနီဖောင်းဝတ်တဲ့ ရဲသာလျှင် ဖမ်းခွင့်ရှိတယ်။ လုံထိန်းဖြစ်စေ၊ စွမ်းအားရှင်ဖြစ်စေ၊ ဒီလို ဖမ်းဆီးတယ်ဆိုရင်တော့ မတရားဖမ်းဆီးချုပ်နှောင်မှုကို အစိုးရအာဏာပိုင်တွေက ကျူးလွန် တာပဲလို့ ပြောရမှာ” ဟု ပြောသည်။

မြန်မာစစ်အစိုးရသည် ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်းမှစပြီး နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး ရိုက်နှက်ရာတွင် စွမ်းအားရှင်ဆိုသူများကို စတင်အသုံးချလာခြင်းဖြစ်သည်။ ။

အပြည့်အစုံသို့...

မူမမှန်သော ရာထူးဋ္ဌာန နေရာအရွှေ့အပြောင်း




မြန်မာစစ် အစိုးရသည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကူညီမှု လုပ်ငန်းများတွင် ပိုမိုအာရုံ စူးစိုက် လုပ်ကိုင်နိုင်ရန် ဟူသော ဆင်ခြေဖြင့် အချက်အခြာကျသော ၀န်ကြီးဋ္ဌာန တချို့မှ ၀န်ကြီးများအား မမျှော်လင့်ထားသော ရွှေ့ပြောင်းမှု လုပ်ခဲ့သည်အား မြန်မာစစ်အစိုးရပိုင် မီဒီယာ များမှ သောကြာနေ့ အစောပိုင်း ထုတ်ပြန် ကြေငြာချက်များအရ သိရှိရသည်။
စစ်အစိုးရ ပိုင်မီဒီယာမှ ယနေ့ နံနက် ထုတ်ပြန်ကြေညာချက်

ထူးခြားစွာ ပြုမူနေထိုင်တတ်သည့် စစ်အစိုးရသည် ဤအရွှေ့အပြောင်းအား မည့်သည့် အတွက်ကြောင့် ဤသို့ပြုရသည်ကို နေပြည်တော်မှလာသော အတွင်းသတင်း ထွက်ရှိမလာသေးဟု ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်း ၀ါရင့် ပုဂ္ဂိုလ်တဦးမှ ထောက်ပြပြောဆိုသည်။

ယခင်က ပြန်လည်နေရာ ချထားရေး နှင့် လူဝင်မှုကြီးကြပ်ရေး-ပြည်သူ့အင်အား ၀န်ကြီးဋ္ဌာန ၂ခု လက်ကိုင်ထားသော ဗိုလ်ချုပ်မောင်မောင်ဆွေအား ပြန်လည်နေရာ ချထားရေးဝန်ကြီး အဖြစ်သာ ပေးအပ်လိုက်ပြီး လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ၀န်ကြီး အဖြစ် ယခင် အမှတ်(၂)စက်မှုဝန်ကြီး ဗိုလ်ချုပ်စောလွင်အား လည်းကောင်း၊ လစ်လပ်သွားသော အမှတ်(၂)စက်မှု ၀န်ကြီးနေရာအား မကြာမီ အသက် ၆၀ပြည့်တော့ မည်ဖြစ်သော ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း အားပြောင်းရွှေ့ ခန့်ထားလိုက်ကာ စစ်အစိုးရ ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်သည်ဟု သိရှိရသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်၏ ထိပ်တန်း စစ်ရာထူးရာခံ ပုဂ္ဂိုလ်များအား အဆင့်နိမ့် နေရာများတွင် တာဝန်ထမ်းဆောင် စေခိုင်းခြင်းမှာ ထုံးစံမရှိသော မူမမှန်ခြင်း တမျိုးဟု အမည်မဖေါ်လိုသူ မြန်မာ့နိုင်ငံရေး သုံးသပ်သူတဦးက ပြောဆိုလိုက်ပြီး၊ သူတို့၏ အတွင်းပဋိပက္ခ ဘယ်လိုဘယ်ပုံ ထပ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရဦးမည်ဟု လူထုအသံအား ပြောကြားခဲ့ပါသည်။

အပြည့်အစုံသို့...

Tuesday, June 24, 2008


အပြည့်အစုံသို့...

အပြည့်အစုံသို့...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဖြတ်သန်းမှုသမိုင်းအကျဉ်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေး တော်ပုံကြီးအတွင်း သန္ဓေတည်ခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ လူငယ် ကျောင်းသားများနှင့် စုစည်းထားခဲ့သော တော်လှန်သည့်ပါတီတရပ် ဖြစ်ပေသည်။



(၁)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရဲဘော် မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သော ပါတီတရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။

ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ -

(၁) ရဲဘော် မိုးသီးဇွန် (ဥက္ကဋ္ဌ)
(၂) ရဲဘော် သက်ထွန်း (ဒုတိယ ဥက္ကဋ္ဌ)
(၃) ရဲဘော် မိုးဟိန်း (အထွေထွေအတွင်းရေးမှူး)
(၄) ရဲဘော် ရဲနိုင်အောင် (တွဲဖက်အတွင်းရေးမှူး)
(၅) ရဲဘော် ဂျင်မီ (ခ) ကျော်မင်းယု (စည်းရုံးရေးကော်မတီ)
(၆) ရဲဘော် ယဉ်ထွေး (စီမံ/စည်းကမ်း ကော်မတီ)
(၇) ရဲဘော် ၀င်းမြင့်အောင် (သတင်းနှင့်ပြန်ကြားရေးကော်မတီ)
(၈) ရဲဘော် တင်ထွန်းလှိုင် (ဘဏ္ဍာရေးကော်မတီ)

ပါတီကို စတင်ထူထောင်သည့်ကာလတွင် အောက်ပါရည်ရွယ်ချက် (၃) ရပ်ကို ချမှတ် အကောင်အထည်ဖော်ခဲ့သည်။

၁။ ပြည်သူတို့အာဏာ ပြည်သူတို့ ထာဝစဉ်ပိုင်စိုးရေးအတွက် ပြည်သူကို ဖိနှိပ်သော အာဏာရှင်စနစ်များ မြန်မာပြည်မြေပေါ်မှသာမက ကမ္ဘာ့မြေပေါ်မှပါ အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ် စေရန်။

၂။ ပြည်သူလူထု အကျိုးစီးပွားအတွက် စစ်မှန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀ ရှင်သန်လာစေရန်။

၃။ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ အသင်းအဖွဲ့များ၊ ပါတီများ စုစည်း၍ အမျိုးသားထု တစ်ရပ်လုံးကို ကိုယ်စားပြု အသွင်ဆောင်သည့် ကြီးမားကျယ်ပြန့်သော တပ်ပေါင်းစုကြီးတစ်ရပ် ပေါ်ထွန်းလာစေရန်။

ရည်မှန်းချက်များမှန်ကန်ပြီး အရေးတော်ပုံကြီးပြီးစ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူ တို့၏ အကြပ်အတည်းများကို စာနာရပ်ခံပြီး တိုက်ပွဲဝင်ခဲ့မှုများကြောင့် ပါတီ၏စည်းရုံးရေးမှာ တနေ့တခြား ကျယ်ပြန့်လာသည်။ “ပြည်သူသာအမိ ပြည်သူသာအဖ” စိတ်ဓါတ်ကို ကိုင်စွဲကာ ‘ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး’ ကြွေးကြော်သံကို ဆက်လက်ကိုင်စွဲခဲ့သည်။

၁၉၈၈ နိုဝင်ဘာလတွင် လူငယ်ကျောင်းသား (၁၁) ပါတီ ပါဝင်သော ‘ညီအကိုတော် ကျောင်းသားလူငယ်များ သွေးစည်းညီညွတ်ရေးကော်မတီ’ ကို စုစည်းနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် နိုင်ငံရေးပါတီ (၁၃) ပါတီ ပါဝင်သော ‘ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ် (ဒမဖ)’ကို ဖွဲ့စည်းနိုင်ခဲ့သည်။ တပြိုင်နက်တည်းတွင် ပါတီ (၄၁) ပါတီ ပါဝင်သော ‘ပြည်ထောင်စုမြန်မာနိုင်ငံ ဒီမိုကရေစီတပ်ပေါင်းစု (ပဒတ)’ ဦးဂွယ်လမ်းတပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့သည်။

ပါတီသက်တမ်း (၄) လအတွင်း ဒုတိယ အင်အားအကြီးဆုံးပါတီအဖြစ် အသိအမှတ် ပြုခြင်း ခံရသည့်အဆင့်အထိ အားကောင်းလာခဲ့ပြီး ပါတီစည်းရုံးရေးမှူးပေါင်း ရာနှင့်ချီ၍ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီ (၁၈)ပါတီ စုစည်းထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) တို့ပါ ပါဝင်သည့် ကြီးမား ကျယ်ပြန့်သည့် တပ်ပေါင်းစုတရပ် ပေါ်ပေါက်ရေးအတွက် အတက်ကြွဆုံး ဆက်လက်လှုပ်ရှားခဲ့ကြ သည်။

ရန်သူ၏ ပြင်းထန်သည့် ဖမ်းဆီးဖိနှိပ် အကြပ်ကိုင်မှုများကြောင့် ပါတီဥက္ကဋ္ဌ ရဲဘော် မိုးသီးဇွန် မှာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းသို့ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် ကူးပြောင်းခဲ့ရသည်။

နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ပါတီညီလာခံကို ၁၉၈၉ ခုနှစ်၊ ဧပြီလ (၂၂၊ ၂၃၊ ၂၄) ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ရဲဘော် အောင်ဇေယျ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ရဲဘော် သက်ထွန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ရဲဘော် ဗဟိန်းအောင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ရဲဘော် ယဉ်ထွေးတို့ တာဝန်ယူသော ဗဟိုကော်မတီ (၂၅) ဦးကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် ပါတီခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများ၊ အတွေ့အကြုံ နုနယ်မှုများ၊ ရန်သူ၏ သပ်လျှိုဖြိုခွဲမှုများကြောင့် ပါတီတွင်း စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည့် အခြေအနေတရပ်သို့ ဆိုက်ရောက်ခဲ့ရသည်။

န၀တနှင့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကော်မရှင်၏ စနစ်တကျ ၀င်ရောက်စွက်ဖက်မှု များကြောင့် ပါတီမှာ သိသိသာသာ နှစ်ခြမ်းကွဲရသည့် အဆင့်သို့ ရောက်ခဲ့ရသည်။

တစ်ခြမ်းကို ရဲဘော် အောင်ဇေယျ၊ ရဲဘော် ဗဟိန်းအောင်တို့မှ ဦးဆောင်ပြီး တစ်ခြမ်းကို ရဲဘော် မိုးဟိန်း၊ ရဲဘော် ရဲနိုင်အောင်တို့မှ ဦးဆောင်ခဲ့ပါသည်။

ရဲဘော် အောင်ဇေယျနှင့် ရဲဘော် မိုးဟိန်းတို့ အဖမ်းခံရပြီးသည့်နောက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် ရဲဘော် ဗဟိန်းအောင်တို့အခြမ်းကို လုံးဝ ဖျက်သိမ်းပစ်လိုက်ပြီး ရဲဘော် ရဲနိုင်အောင်တို့အခြမ်းကို တရားဝင် ဆက်လက်တည်ရှိခွင့်ပြုခဲ့သည်။ ရဲဘော် သက်ထွန်း ဥက္ကဋ္ဌ၊ ရဲဘော် ကျော်ဝင်းသိန်း ဒုတိယဥက္ကဋ္ဌ၊ ရဲဘော် ရဲနိုင်အောင် အထွေထွေအတွင်းရေးမှူး၊ ရဲဘော် ဖုန်းဆွေ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူသော ဗဟိုအလုပ်အမှုဆောင် (၁၁) ဦးကို ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ရဲဘော် ဗဟိန်းအောင် ဦးဆောင်သောအဖွဲ့မှာ မျိုးချစ်ဒီမိုကရက်တစ်လူငယ် တပ်ပေါင်းစု အဖြစ် ဆက်လက်လှုပ်ရှားကြပြီး အချို့မှာ အောက်ဗမာပြည် ဗကသများအဖွဲ့ချုပ်ဝင်များအဖြစ် ဆက်လက် ရပ်တည်လှုပ်ရှားခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ်တို့နှင့်အတူ အာဏာဖီ ဆန်ရေးလှုပ်ရှားမှုများကို ၁၉၈၉ ဇူလိုင် (၁၉) ရက်နေ့အထိ တွဲဖက်ဆောင်ရွက်ခဲ့သည်။ ရွေးကောက် ပွဲ အကြိုကာလတွင် ဒီမိုကရေစီအင်အားစုများက တဘက်၊ (တစည)နှင့် (တစည)အနွယ်များက တဘက် စီးချင်းထိုးမှုဖြင့် ရွေးကောက်ပွဲဝင်ကြရန် ချပြစည်းရုံးခဲ့သည်။ သို့သော် ၎င်းအခြေအနေ ဖြစ်မလာသည့်အခါ မဲမကွဲရေးအတွက် (NLD) ၀န်းရံရေးပေါ်လစီချ၍ လှုပ်ရှားခဲ့သည်။ ရွေးကောက်ပွဲ ပြီးကာလတွင် အနိုင်ရပါတီကို အာဏာအပ်ရေး၊ လွှတ်တော်ခေါ်ယူပေးရေးလှုပ်ရှားမှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးကို ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆ ၊ ၁၇) ရက်နေ့များ တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌ ရဲဘော်မြင့်ဇော်၊ ဒုတိယဥက္ကဋ္ဌ ရဲဘော် ကျော်ဝင်းသိန်း၊ အထွေထွေအတွင်း ရေးမှူး ရဲဘော် အောင်မိုးဇော်၊ တွဲဖက်အတွင်းရေးမှူး ရဲဘော် ဇေယျ အပါအ၀င် ပါတီဗဟိုကော်မတီ (၂၁) ဦးအား ရွေးချယ်တင်မြောက်နိုင်ခဲ့ကြသည်။

န၀တ၏ အမိန့်အမှတ် ၁/၉၀ အား ဆန့်ကျင်တိုက်ခိုက်ခဲ့ခြင်း၊ ပါတီ ပြန်လည်ပေါင်းစည်း နိုင်ရေး လုံးပမ်းခဲ့ခြင်း၊ ၎င်းကာလ လူငယ်ပါတီများအတွင်း ညီညွတ်ရေးကို တည်ဆောက်ခဲ့ခြင်း၊ လွှတ်တော်ခေါ်ယူနိုင်ရေးလှုပ်ရှားမှုများကို အဆက်မပြတ် ဆောင်ရွက်နေခြင်းတို့ကြောင့် န၀တမှ အပြင်းအထန် ဖိနှိပ်လာသည်။

၁၉၉၀ ဒီဇင်ဘာတွင် မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု ဗဟိုအလုပ်အမှုဆောင်များ ကို ဖမ်းဆီးပြီး ပါတီလည်း ဖျက်သိမ်းခံခဲ့ရသည်။ ၁၉၉၁ ဒီဇင်ဘာ (၆) ရက်တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဌာနချုပ်ကို န၀တမှ ဆိုင်းဘုတ်လာဖြုတ်ချပြီး ပါတီကိုလည်း ဖျက်သိမ်းခဲ့သည်။ ပါတီခေါင်းဆောင်အများစုမှာ ထိုရက်မတိုင်ခင်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ရှောင်တိမ်း ခဲ့နိုင်သော ပါတီခေါင်းဆောင်များက ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီ၏ အလံတော် အား မာနယ်ပလောအောင်မြေသို့ ပြောင်းရွှေ့စိုက်ထူနိုင်ခဲ့ကြသည်။



(၂)

ပါတီသည် တရားဝင်ပါတီအဖြစ်မှ လွတ်မြောက်ဒေသတွင် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲသော ပါတီနှင့် ပြည်တွင်းတွင် မြေအောက်ပါတီအဖြစ် ဆက်လက်လှုပ်ရှားခဲ့ကြရသည်။ ဥက္ကဋ္ဌ ရဲဘော် မြင့်ဇော်နှင့် အထွေထွေအတွင်းရေးမှူး ရဲဘော် အောင်မိုးဇော်တို့ ဦးဆောင်သော ဗဟို ကော်မတီသည် ပြည်တွင်းနှင့် လွတ်မြောက်ဒေသ လှုပ်ရှားမှုများကို စနစ်တကျ ဆက်လက် ဦးဆောင်ခဲ့ကြသည်။

အဆင့်တိုင်း၏ ဦးတည်ချက်နှင့် လှုပ်ရှားမှုများသည် နှိုင်းယှဉ်ချက်အရ တစ်ဆင့်ပြီး တစ်ဆင့် ရှင်းလင်းကြည်လင် ကျယ်ပြန့်လာခဲ့သည်။

- လူမျိုးစုံ အဖိနှိပ်ခံပြည်သူများဘက်က ထာဝစဉ်ရပ်တည်ရေး၊

- စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးဆိုသည့် အချက်နှစ်ချက်အပေါ် ပိုမို လေးနက်လာခဲ့သည်။ ပါတီရေရှည်တည်တံ့တိုးပွားရေးနှင့် ပြည်သူ့အကျိုးဆောင်ရေးအတွက် ထိုနှစ်ချက်သည် အသက်ဝိဉာဉ်ကဲ့သို့ အရေးကြီးကြောင်း ပိုမိုသိမြင်နားလည်လာခဲ့သည်။

လက်နက်ကိုင်တော်လှန်စစ်ကို ဆင်နွှဲသောကာလသည် ပါတီအတွက် အတွေ့အကြုံသစ် ဖြစ်သကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် ကာလလည်း ဖြစ်သည်။ ထိုအခက်အခဲများကြားကပင်

- စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး

- ဒီမိုကရေစီရေး

- ပြည်တွင်းငြိမ်းချမ်းရေး

- အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ် ပေါင်းစု ပြည်ထောင်စုကြီး တည်ဆောက်ရေး ကြွေးကြော်သံများကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင် ခဲ့ကြသည်။

(KNU) အပါအ၀င် မဟာမိတ် တိုင်းရင်းသားလူမျိုးစုများ၏ ၀န်းရံကူညီမှုကြောင့်လည်း ပါတီအလံတော်ကို မြင့်မားစွာ ဆက်လက်လွင့်ထူနိုင်ခဲ့ပါသည်။ ပါတီသည် ဒီမိုကရက်တစ် မဟာမိတ် များ အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစု များတွင် တက်ကြွစွာ ပါဝင်တာဝန်ယူနိုင်ခဲ့သည်။ အလယ်ပိုင်းဒေသရှိ လူမျိုးပေါင်းစုံ ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု (လပဒတ)နှင့်လည်း ပူးတွဲလှုပ်ရှားနိုင်ခဲ့သည်။

၁၉၉၄ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ ပါတီ၏ နိုင်ငံရေးဖြစ်စဉ် အကျဉ်း၊ ပါတီ၏ အထွေထွေနိုင်ငံရေးသဘောထားနှင့် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြု ချမှတ်နိုင်ခဲ့သည်။ ကရင်အမျိုးသားအစည်းရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) အစရှိသော လူမျိုးစုပါတီများနှင့် အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်ပြီး လက်တွဲလှုပ်ရှားနိုင်ခဲ့သည်။



(၃)

၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီတွင် မာနယ်ပလောအခြေခံဒေသကို လက်လွတ်ခဲ့ရသည့်နောက် ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းကာ ဆက်လက်လှုပ်ရှားခဲ့ကြရသည်။

ပါတီဥက္ကဋ္ဌ ရဲဘော်မြင့်ဇော်သည် (NCUB) အတွင်းရေးမှူးအဖွဲ့ဝင်၊ (DAB) အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံရေးအံတုမှုကော်မတီ (PDC) တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် ၁၉၉၇ ခု၊ မတ်လ (၅) ရက်နေ့တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ပါတီဥက္ကဋ္ဌ ရဲဘော် မြင့်ဇော် ကွယ်လွန်သွားပြီးနောက် အထွေထွေအတွင်းရေးမှူး ရဲဘော် အောင်မိုးဇော်က ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်၊

၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ (၈) မှ (၁၂) ရက်နေ့အထိ ဗဟိုကော်မတီ စုံညီပုံမှန် အစည်းအဝေးကို ကျင်းပကာ အထွေထွေနိုင်ငံရေးသဘောထားနှင့် လတ်တလော လုပ်ငန်းစဉ်များ ကို ပြင်ဆင်တိုးချဲ့ အတည်ပြုခဲ့ကြသည်။

ပါတီဥက္ကဋ္ဌဟောင်း ရဲဘော် မိုးသီးဇွန် ဦးစီးသော အင်အားစုဖြင့် ပါတီကို အားဖြည့်ခဲ့ကြ သည်။

ရဲဘော် အောင်မိုးဇော် (ဥက္ကဋ္ဌ)၊ ရဲဘော် အောင်သူငြိမ်း (ဒုတိယဥက္ကဋ္ဌ)၊ ရဲဘော် ဇော်နိုင်ဦး (အထွေထွေအတွင်းရေးမှူး)၊ ရဲဘော် ၀င်းနိုင်ဦး (တွဲဖက်အထွေထွေအတွင်းရေးမှူး)တို့ ဦးဆောင် သည့် ဗဟိုကော်မတီသည် ပြည်တွင်းလုပ်ငန်း၊ တပ်ပေါင်းစုလုပ်ငန်းနှင့် နိုင်ငံတကာထောက်ခံမှု ရယူရေးလုပ်ငန်းများကို အားစိုက်ဆောင်ရွက်ခဲ့ကြသည်။

၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလ (၁၀ မှ ၁၈) ရက်နေ့အထိ ဒုတိယအကြိမ် ပါတီညီလာခံကို
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပကာ ပါတီ၏ ရည်မှန်းချက် (၄)ရပ်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစဉ်များချမှတ်နိုင်ခဲ့ကြသည်။

၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၂၅ မှ ၂၇) ရက်နေ့အထိ တိုးချဲ့ဗဟိုကော်မတီ စုံညီအစည်းအဝေး ကို ပြုလုပ်ခဲ့ကြပြီး လတ်တလောလုပ်ငန်းစဉ် (၁၀)ရပ်ကို ချမှတ်ခဲ့ကြသည်။ ပြည်တွင်းလုပ်ငန်းကို ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ခဲ့သည်။

ယနေ့အထိ ရဲဘော် အောင်မိုးဇော် (ဥက္ကဋ္ဌ)၊ ရဲဘော် ယဉ်ထွေး (ဒုတိယဥက္ကဋ္ဌ)၊ ရဲဘော် ခင်မောင်တင့် (အထွေထွေအတွင်းရေမှူး)၊ ရဲဘော် ငွေလင်း (တွဲဖက် အထွေထွေအတွင်းရေးမှူး) တို့ ဦးဆောင်သည့် ဗဟိုကော်မတီသည် ယနေ့ကာလ တိုက်ပွဲလိုအပ်ချက်များကို ပြည်တွင်းပြည်ပ မဟာမိတ်အင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသည်။

လက်ရှိ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့

၁။ ရဲဘော် အောင်မိုးဇော် ဥက္ကဋ္ဌ
၂။ ရဲဘော် ယဉ်ထွေး ဒုတိယ ဥက္ကဋ္ဌ
၃။ ရဲဘော် ခင်မောင်တင့် အထွေထွေအတွင်းရေးမှူး
၎။ ရဲဘော် ငွေလင်း တွဲဖက်အထွေထွေအတွင်းရေးမှူး
၅။ ရဲဘော် မင်းလွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၆။ ရဲဘော် ထွဋ်ဦးလှိုင် ။
၇။ ရဲဘော် ဇော်မင်း ။
၈။ ရဲဘော် တိုးတိုးထွန်း ။
၉။ ရဲဘော် ဇော်ဇော်ထွန်း ။
၁၀။ ရဲဘော် အောင်ကို ။
၁၁။ ရဲဘော် ၀င်းမြင့်နိုင် ။
၁၂။ ရဲဘော် ရီရီထွန်း ။


အပြည့်အစုံသို့...

တက္ကသိုလ်ကျောင်းအပ်ခများ ကျောင်းသားဟောင်းကို မြှင့်တောင်းနေ

ဒဂုံတက္ကသိုလ်ရင်ပြင်မှ ကျောင်းသားများ

ရန်ကုန် အဝေးသင် တက္ကသိုလ်များတွင် တက္ကသိုလ်ကျောင်းအပ်ခများကို နှစ်ကျကျောင်းသားများကို ကျောင်းအပ်ခ မြှင့်တောင်း၍ ကျောင်းသားများ မကျေမနပ်ဖြစ်နေကြသည်။ ဒဂုံတက္ကသိုလ်နှင့် တာဝဟု ကျောင်းသားများခေါ်ကြသော အရှေ့ပိုင်း တက္ကသိုလ် ကျောင်းအားလုံးတွင် တောင်းနေခြင်း ဖြစ်သည်။

“ပုံမှန်နှစ်သစ် အတွက်ကျောင်းသားတစ်ယောက်က ကျောင်းအပ်ခ ၉၅၀၀ လောက်ကျတယ်။ အဲဒါကကျောင်းသားအသစ်တွေ အတွက်၊ ကျောင်းသားအဟောင်းတွေ့ကတော့ ၃၅၀၀ လောက်ပဲကုန်ကျတယ်။ ဒီနှစ်တော့ ကျောင်းသား အဟောင်းတွေ ကိုလဲ ကျောင်းသားအသစ်နှုန်းအတိုင်းတောင်းတယ်။ နောက်ပြီးကျောင်းသုံးစာအုပ်တွေ့ကိုလည်း မယူမနေရဆိုပြီး အားလုံး ယူခိုင်းတယ်။ နှစ်ကျကျောင်းသားတွေ့က မနှစ်ကစာအုပ်တွေ့ရှိတယ်ပြောတော့ သင်ရိုးသစ်တွေပါတယ်ပြောတယ်။ ပြန်တိုက် ကြည့်တော့ အရင်နှစ်တွေ့ကအတိုင်းပဲ ဘာမှမထူးဘူး”ဟု တာဝမှ အဝေးသင်ကျောင်းသားတဦးဖြစ်သူ မောင်သူရိန်က ပြောကြားသည်။

“သူတို့က ကြိုတင်ပြီးတော့လည်း မကြေငြာပေးထားဘူး။ ကျောင်းသွားအပ်တော့မှ ပြောတာ။ အဲဒါကတော့မကောင်းဘူး။ တော်တော်ဒုက္ခရောက်တယ်။ ကျောင်းကိုတစ်ခါ တစ်ခါသွားရတာက မလွယ်ဘူး။ အလုပ်လုပ်နေတဲ့ သူဆိုရင် တစ်နေ့ကုန် ခွင့်ယူမှရတယ်။ အဝေးသင်ကျောင်းသားအများစုက အလုပ်လုပ်ပြီးကျောင်းတက်နေရတာများတယ်။ သူတို့ကျောင်းအပ်ခက ၁၀၀၀၀ နားကပ်နေပြီ ၊ နောက်ကျူရှင်လခ တွေ့က ၃ လပြတ်ကို ၅၀၀၀၀ လောက်ပေးရတယ်။ ကျောင်းကိုသွားတဲ့ကားခက တစ်နေ့ကို ၅၀၀ လောက်မှာရှိတယ်”ဟု ဆက်လက် ပြောပြသည်။

ဒဂု့တက္ကသိုလ်နှင့် သံလျင် (တာဝ) တက္ကသိုလ်များသို့ မြို့တွင်းမှ ကားစီးလျှင် တနာရီကျော် (ကားစောင့်ချိန်မပါ) ကြာမြင့်ပြီး သံလျင်တံတားကြီးကို ဖြတ်ကျော် ကျောင်းတက်ရသော သံလျင်တက္ကသိုလ်မှာလည်း အလားတူ ကြာသဖြင့် အသွားအပြန် ကားပေါ်တွင် အလွန် အချိန်ပေးရသော ကျောင်းများ ဖြစ်သည်။ ကျောင်းတက်ချိန်များတွင် ကားများမှာ လူပြည့်ကျပ်ပြီး ကျောင်းသားများ တွဲလောင်းခို လိုက်ပါလာလေ့ရှိသည်။

အပြည့်အစုံသို့...

၈ ၈ - အနှစ် ၂၀

မောင်ရစ်
ဇွန် ၂၃၊ ၂၀၀၈

၂၀၀၇ သြဂုတ်လက ၈၈ အရေးတော်ပုံ ၁၉ နှစ်ပြည့်ခဲ့တယ်။ အဲဒီတုန်းမှာ ပြည်တွင်းက ၈၈ မျိုးဆက်ကျောင်းသားများ ထောင်ထဲက ၁၀ နှစ်ကျော် အကျဉ်းကျနေရာက တစတစ အပြင်ရောက်လာကြပြီးနောက် တစုတဝေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေ လူငယ်တွေနဲ့ လက်တွဲလို့ "၈ လေးလုံး ၁၉ နှစ် ဆွမ်းကျွေး" ကျင်းပခဲ့ကြပါတယ်။

ဘုန်းကြီးကျောင်းက ရတနာသိပ္ပံကျောင်းတိုက်၊ အခုအချိန်မှာ စစ်အစိုးရက ကျောင်းထိုင်ဆရာတော် ပျံလွန်ချိန်မှာ အာဏာသုံးပြီး စစ်တပ်က သိမ်းပိုက်လိုက်တဲ့ ကျောင်းပေါ့။

အခု ကျောင်းကြီးလည်း မရှိတော့ဘူး၊ အပိတ်ခံလိုက်ရပြီ။ အခု အဲဒီက ကျောင်းသားတွေ၊ လူငယ်တွေ တော်တော်များများ မရှိတော့ဘူး။ မတရားအဖမ်းခံထားရပြီ။ ၂၀၀၇ သြဂုတ်မှာ လောင်စာဆီသပိတ် ဖြစ်ခဲ့တယ်။ သူတို့တွေကို စစ်အစိုးရက ဖမ်းတယ်။ သားတကွဲ၊ အမိတကွဲဖြစ်အောင် ဖိနှိပ်ခဲ့တယ်။

၂၀၀၇ သြဂုတ်ကတည်းက တိုင်းပြည်ကြီး အတောမသတ်တဲ့ အရေးအခင်းတွေ နေ့၊ ည ဆက်ခဲ့ရပါပြီ။ ၂၀၀၇ စက်တင်ဘာ သံဃာသပိတ် အရေးတော်ပုံ၊ ၂၀၀၈ မေလ နာဂစ်ကပ်ဘေး အရေးအခင်း။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုများ …

၂၀၀၇ သြဂုတ် ၈ က ရှစ်လေးလုံး ၁၉ နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့စဉ်က မှတ်တမ်းရုပ်ရှင်ကို ပြန်ကြည့်မိပါတယ်။

သူတို့တွေ တော်တော်များများ ပြင်ပမှာ လွတ်လပ်စွာ မရှိတော့ပါ။ သူတို့ရဲ့ ရဲရင့်တဲ့ အရုပ်၊ အသံ၊ ရုပ်ပုံလွှာတွေကို အဲဒီမှတ်တမ်းမှာ တွေ့ရတယ်။

၁၉၈၈ ကတည်းက အိမ်တွေ၊ ကျောင်းတွေ၊ မိဘရင်ခွင်တွေကနေ လမ်းတွေပေါ် ထွက်လာပြီး ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေအတွက် အမှန်တရားကို ကာကွယ်ဖို့၊ မြှင့်တင်ဖို့၊ စောင့်ရှောက်ဖို့ အသက်တွေ ပေး၊ ဘ၀တွေ ပေးခဲ့ကြတဲ့ ၈၈ သူရဲကောင်းတွေ၊ သူတို့မိသားစုတွေကို အဲဒီရုပ်ရှင်မှတ်တမ်းလေးကို ပြန်လည်ကြည့်ရှုခံစားရင်း အလေးပြုလိုက်ပါတယ်။ ။

အပြည့်အစုံသို့...

Monday, June 23, 2008

စစ်တွေတွင် မိသားစု တစု တမင်းငတ်၍ အဆိပ်စား သတ်သေ

June 23rd, 2008 by admin

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အဖွဲ့ဝင် သုံးဦးပါ မိသားစု တစုမှာ လွန်ခဲ့သော ဇွန်လ ၁၆ ရက်နေ့က ထမင်းငတ်၍ အဆိပ်စား သတ်သေသွားကြောင်း သတင်းရရှိသည်။အဆိပ်စား သတ်သေသွားသော မိသားစုမှာ စစ်တွေမြို့ မင်းဂံ ရပ်ကွက် အကွပ်(၁၁) (ဃ) အတန်းမှ ဖြစ်ပြီး သေဆုံးသွားသူများမှာ ဦးမောင်ဘဦး (၃၉ နှစ်) နှင့် သူ၏ ၈ နှစ် အရွယ် သမီးတဦးနှင့် ၅ နှစ်အရွယ် သားတဦး တို့ ဖြစ်ကြသည်။စစ်တွေမြို့မှ သူတို့၏ ဆွေမျိုး တဦးက အဆိုပါ အဆိပ်စား သေဆုံးမှုကို အတည်ပြု ပြောကြားပြီး သေဆုံးသွားပုံကို ယခုကဲ့သို့ ပြောသည်။

“သူတို့ သေဆုံးသွားတာက တော်တော် ကြေကွဲစရာ ကောင်းပါတယ်။ ဦးမောင်ဘဦးဟာ ဆိုက်ကား နှင်းပြီး မိသားစုတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေတဲ့သူပါ။ မိန်းမ ဆုံးသွားပြီး ကတည်းက ခလေးနှစ်ဦးကို သူကဘဲ တာဝန်ယူ စောင့်ရှောက်လာခဲ့တာပါ။ အခုအခါမှာ ကုန်ဈေးနုန်းက အရမ်းကြီးလာပြီး ဆိုက်ကား နှင်းရတာလည်း အဆင်မပြေတော့ နောက်ဆုံး ထွက်ပေါက် အနေနဲ့ သူဒီလမ်းကို ရွှေးချယ်သွားခဲ့တာပါ။ ” ဟုပြောသည်။
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး သိရှိရသည်မှာ ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁နာရီ ခန့်တွင် ဦးမောင်ဘဦးမှာ သမီးဖြစ်သူ စားမည့် ထမင်းပုဂံတွင် ဗျိုင်းသတ်ဆေးထည့်ပြီး ပထမဆုံး ကျွေးကြောင်း ဒုတိယ အနေဖြင့် သားဖြစ်သူအား အဆိုပါ ဗျိုင်းသတ်ဆေး ထည့်ကာ ထမင်းကျွေးကြောင်းနှင့် နောက်ဆုံးတွင် မိမိစားမည့် ထမင်းတွင် ဗျိုင်းသတ် ဆေးထည့်ကာ မိမိ ကိုယ်ကို အဆုံး စီရင်သွားခဲ့ခြင်း ဖြစ်သည်။
ဗျိုင်းသတ်ဆေးဆိုသည်မှာ ဒေသခံ ပြည်သူများက ခေါ်ဆိုခြင်း ဖြစ်ပြီး အမည်မှာ ပရိုတက်(စ်) ဆေးဖြစ်ကြောင်းနှင့် အဆိုပါ ဆေးမှာ အဆိပ် အပြင်းစား ဆေးတမျိုးဖြစ်ကြောင်း သိရှိရသည်။
ဦးမောင်ဘဦးတို့ မိသားစု အဆိပ်စားကြောင်း သတင်းများ ရရှိ၍ ရပ်ကွက်နေ အိမ်နီးနားချင်းများက လိုက်လာသောအခါ မိသားစု ၃ ဦးစလုံးမှာ ထမင်းပုဂံများဘေးတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ရပ်ကွက်လူကြီး တဦးပြောသည်။ သူတို့ သုံးဦးစလုံးကို နောက်တရက်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် ကျေးရွာသားများက သဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့တွင် ဆိုက်ကားသမား တဦး၏ ပျမ်းမျှရငွေသည် တရက်လျှင် ကျပ်ငွေ ၉၀၀ နှင့် ၁၀၀၀ ခန့်သာရရှိပြီး အဆိုပါ ဝင်ငွေမှာ မိသားစု တစု အဖို့ တရက်တာ ထမင်း ၀မ်းဝရန် အတွက် မဖုံလှုံသောငွေ ပမာဏဖြစ်ကြောင်း အဆိုပါ ရပ်ကွက် လူကြီးက ပြောသည်။
ယခုအခါတွင် ရခိုင်ပြည်နယ် တဝှမ်းလုံးတွင် အလုပ်အကိုင်များရှားပါးပြီး ကုန်းဈေးနှုန်း များလည်း တရက်ထက် တရက် အဆမတန် မြင့်တက်လာသဖြင့် ဆင်းရဲသူ လက်လုပ် လက်စားများမှာ အငတ်ဘေးနှင့်ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း စစ်တွေမှ လာသော သတင်းများအရ သိရှိရသည်။ ။

အပြည့်အစုံသို့...

အိန္ဒိယက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၈၄သန်း ချေးငှားမည်

June 23rd, 2008 by admin

အိန္ဒိယနိုင်ငံက ထိပ်တန်း အစိုးရအရာရှိတဦး မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် အခုအပတ်အတွင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက် တရပ်ကို လက်မှတ်ထိုးဖို့ရှိပြီး၊ မြန်မာစစ်အစိုးရအတွက်လည်း အကြွေး အမေရိကန်ဒေါ်လာ ၈၄သန်း ပေးဖို့ ကမ်းလှမ်းချက်လည်း ရှိနေပါတယ်။
အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့စွမ်းအင်ဝန်ကြီး ဂျရမ်း ရာမတ်ရှ်ဟာ မနေ့က ရန်ကုန်မြို့ကို ထွက်ခွာသွားပါတယ်။ မြန်မာနိုင်ငံမှာ ရှိစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုတွေ တိုးများလာစေဖို့ ရည်ရွယ်တဲ့ ၁၀နှစ်ကြာ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့လည်း ရှိပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၈၄သန်း အကြွေးပေးဖို့ အိန္ဒိယနိုင်ငံဖက်က ကမ်းလှမ်းချက်ကိုလည်း မစ္စတာ ရာမတ်ရှ်ရဲ့ ခရီးစဉ်အတွင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် နာဂစ်ဆိုက်ကလုံးမုန်တိုင်းလွန် ပြန်လည်ထူထောင်ရေးအစီအစဉ်အတွကလည်း အမေရိကန်ဒေါ်လာ နှစ်သန်း ပေးသွားဖို့ရှိပါတယ်။
ဒီနှစ်သန်းကိုတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လျပ်စစ်ဓါတ်အားပေးစက် ၁၆လုံး ကို ပြန်လည်ပြုပြင်ရေးအတွက် ပေးအပ်မှာဖြစ်ပါတယ်။ ။

အပြည့်အစုံသို့...

ယုံလိုလား?




ထိပ်သီးစစ်ခေါင်းဆောင်နှစ်ဦး စစ်တပ်ရာထူးမှ အနားယူ


မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုးခန့်အပ်ခဲ့သည် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။

“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေသည်ဟု အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။


အပြည့်အစုံသို့...

အရေးတော်ပုံကား မျိုးဆက်တိုင်းအား တပ်လှန့်၍ နေချေပြီ



နိုင်ငံသားတိုင်း၌ မိမိတို့လိုချင်သည့် အစိုးရမျိုးကို မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့်ရှိကြပေသည်။
ဤအခွင့်အရေးကို ဆုပ်ကိုင်၍ မိမိတို့ဆန္ဒအလျောက် မိမိတို့ဘာသာ မရွေးချယ်ခဲ့ကြပါက မိမိတို့မလိုချင်သည့် အစိုးရမျိုးကိုသာ ရရှိကြပေလိမ့်မည်။ သို့သော် အရာရာနှောင်းသွားပြီဖြစ်သဖြင့် ညံ့ဖျင်းသည့် အစိုးရကိုသာလျှင် မိမိတို့နှင့် တန်သည့်အစိုးရ အဖြစ် သဘောပိုက်၍ လူမဆန်သည့်အစိုးရ၏ အဓမ္မပြုကျင့်မှုကို ပြားပြားဝပ်မျှ ခံကြရပေလိမ့်မည်”

စစ်အုပ်စုက ဆန္ဒခံယူပွဲ၌ (၉၂।၄)ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ စကတည်းက လိမ်လည်ညစ်ပတ် လိမ့်မည်ဆိုသည်ကို ကြိုခန့်မှန်းထားနှင့်ကြသည့် လူများအတွက်မူ ဤကြေညာချက်သည် ပြက်လုံးတခုသဖွယ် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့သော် ဤပြက်လုံးသည် ဘ၀နှင့်ရင်း၍ ရယ်ရမည့် ပြက်လုံးမျိုး၊ အနာဂတ်ကို ထိုးကျွေး၍ ရယ်ရမည့် ပြက်လုံးမျိုး၊ သခင်ရှေ့မှောက် ဒူးထောက်၍ ကျွန်ရယ် ရယ်ရမည့် ပြက်လုံးမျိုး ဖြစ်နေသဖြင့် ရယ်ရခက်ကြပေလိမ့်မည်။

လူအတော်များများက ဆန္ဒခံယူပွဲရလဒ်ကို ၆၀% - ၄၀% ခန့် ဖြစ်နိုင်ဘွယ်ရာရှိသည်ဟူ၍ မှန်းဆထားခဲ့ပါသည်။ ပြည်သူ လူထု ကို လျှော့တွက်၍မဟုတ်ဘဲ စစ်အုပ်စု၏ လိမ်လည်ညစ်ပတ်မှုကို ထည့်တွက်၍ ဤသို့ခန့်မှန်းထားခြင်း ဖြစ်ပါသည်။ အကယ်၍ လူအများမှန်းဆထားသလို စစ်အုပ်စုက နှာတဖျားသာရုံလေး ကပ်၍ကြေညာခဲ့မည်ဆိုလျှင် လူတိုင်းလိုလို မျက်စေ့လည်သွား နိုင်ပါသည်။ (၁) စစ်အုပ်စုကို လိမ်လည်ညစ်ပတ်သည်ဟူ၍ တိတိကျကျ ပြောရန်ခက်ခဲနိုင်ပါသည်။ (၂) ပြည်သူလူထုအတွင်း ငါက ကန့်ကွက်တယ်၊ နင်က ထောက်ခံတယ်ဟူ၍ အချင်းချင်း အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက် လာနိုင်ပါသည်။ (၃) နိုင်ငံတကာအစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် အတော့်ကို ခက်ခဲနိုင်ပါသည်။

သို့သော် စစ်အုပ်စုက (၉၂।၄%)ဟု ကြေညာလိုက်သဖြင့် (၁) စစ်အုပ်စု၏ လိမ်လည်ညစ်ပတ်မှုမှာ ဘွားဘွားကြီး ပေါ်ထွက် လာခဲ့ပါသည်။ (၂) ပြည်သူအားလုံးသည်လည်း မိမိတို့ လိမ်ညာခံရ၊ မတရားပြုခံရသည်ကို မျက်မြင်ဒိဌ သိရှိခွင့် ရရှိသွားခဲ့ ကြပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန်မလိုတော့လောက်အောင်ပင် စစ်အုပ်စု ၏ ငါတကောကောသည့် လုပ်ရပ်က ဘူးပေါ်သလို ပေါ်နေပါတော့သည်။

တရုတ်ပြည်လွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလက ဗုံးမိုးရွာနေသည့် ဂျပန်လေယာဉ်ပျံများအား ခုခံရေးနှင့်ပတ်သက်၍ ဥက္ကဌ မော်ပြောခဲ့သည့် စကားတခွန်းရှိပါသည်။ “ငါတို့က ဂျပန်စစ်တပ်ဟာ မကောင်းဘူး၊ ဒါကြောင့် ဂျပန်စစ်တပ်ကို ခံတိုက်ကြဆိုပြီး ငါတို့ပြည်သူတွေကို တကူးတက ရှင်းပြနေစရာ မလိုတော့ဘူး။ ငါတို့ပြောချင်တဲ့စကားကို ငါတို့ကိုယ်စား ဂျပန်တွေက ဗုံးတွေ ကျဲပြီး ပြောလိုက်ကြပြီ။ ရန်သူက ငါတို့ပြည်သူတွေကို အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲ ဆင်ကြဖို့ လှုံ့ဆော်ပေး လိုက်ပြီ” ဟူ၍ မော်က အဆိုးထဲမှ အကောင်းကို ထုတ်ဖော်တင်ပြခဲ့သည်။ ထို့အပြင် မော်က “ဂျပန် စစ်တပ်ဟာ တရုတ်ပြည်မှာ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ အမျိုးသားညီညွတ်ရေးကို ယူဆောင်လာခဲ့တယ်” ဟူ၍ တပ်နီတော် နှင့် ကူမင်တန်တို့အကြား အမျိုးသားညီညွတ်ရေး တည်ဆောက်ရန် လမ်းပွင့်သွားမှုကိုပါ ထုတ်ဖော်တင်ပြခဲ့သည်။

ကျနော်တို့အနေဖြင့်လည်း စစ်အုပ်စုသည်မတရား၊ စစ်အုပ်စုသည် မမျှတ၊ ထို့ကြောင့် စစ်အုပ်စုကို တော်လှန်ကြဟူ၍ ပြော နေရန် လိုပါဦးမည်လား။ စစ်အုပ်စုသည် အများပြောချင်သည့်စကားကို အားလုံးကိုယ်စား ရုပ်မြင်သံကြားမှ ကြေညာပေးခဲ့ သည်။ ရေဒီယိုမှ ထုတ်လွှင့်ပေးခဲ့သည်။ သတင်းစာများမှ ပုံနှိပ်ဖော်ပြပေးခဲ့သည်။ ထိုမျှမက စစ်အုပ်စု၏ လိမ်လည်ညစ်ပတ် မှုသည် “ဒုတိယရှစ်လေးလုံး”ဟုဆိုနိုင်မည့် လူထုအုံကြွမှုကြီးတရပ် ပေါ်ပေါက်လာစေရန်ပင် တပ်လှန့်ပေးလိုက်ပေသည်။

သို့သော် ၁၉၄၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အနှစ်(၆၀)လုံးလုံး စစ်ကျွန်ဘ၀ရောက်နေခဲ့ကြရသည်မှာ နိုင်ငံသားအခွင့်အရေး အတွက် တောင်းဆိုတိုက်ပွဲဝင်ကြသည့် နိုင်ငံသားအရေအတွက်က စစ်သားအရေအတွက်ထက် နည်းပါးနေခြင်းကြောင့်ပင် ဖြစ်လေမည်လားမပြောတတ်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလှုပ်ရှားမှုအပါအ၀င် အခြားသော အရေးတော်ပုံကြီးငယ်များတွင် ပွဲတိုင်းလိုလို ဒီလူတွေချည်း လှုပ်ရှားလိုက်၊ ဒီလူတွေချည်း ထောင်ချခံရလိုက်၊ ဒီလူတွေချည်း မြေလျှိုးကြရလိုက်၊ ဒီလူတွေ ချည်း နယ်စပ်သို့ ရှောင်တိမ်းကြရလိုက်၊ ဒီလူတွေချည်း ဘ၀ပျက်ခံကြရလိုက်၊ ဒီလူတွေချည်း မိသားစုနှင့် ကွေကွင်းကြရ လိုက်၊ ဒီလူတွေချည်း အသက်စွန့်လွှတ်ကြရလိုက်နှင့် တကယ်လှုပ်ရှားကြသူ အရေအတွက်မှာ လက်ချိုးရေနိုင်ရုံလောက် မျှသာ ရှိခဲ့သည်ဟူ၍ အရေးတော်ပုံမှတ်တမ်းများက သက်သေထူပြနေသည်ကို ကျနော်တို့ မငြင်းနိုင်ပါ။

လှုပ်ရှားမှုများ၌ ဒီလူတွေချည်းလိုလို ဖြစ်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကျနော့်မိတ်ဆွေ အယ်ဒီတာတဦးက ပြောဖူးပါ သည်။ အခြေခံပြဿနာမှာ လူထုစည်းရုံးမှုအ၀န်းအ၀ိုင်းကို မချဲ့ထွင်နိုင်ခြင်းပင်ဖြစ်သည်ဟု ဆိုပါသည်။ အရေးတော်ပုံ တပ်သားများ (တနည်း) လူထုစည်းရုံးရေးသမားများအနေဖြင့် ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ လူထုစည်းရုံးရေး လုပ်ငန်းများကို ဇောက်ချမလုပ်နိုင်ဘဲ မြို့ပြဒေသများ၌သာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေကြခြင်းကို တွေ့နေရသည်ဟု ဆိုပါသည်။ ရှစ်လေးလုံးအရေးတော်ပုံတုန်းက တက္ကသိုလ်ကျောင်းသားများနှင့် အထက/အလက ကျောင်းသားများသည် (ကျောင်းများ ပိတ်ပစ်လိုက်ခြင်းကို အခွင့်ကောင်းယူ၍) ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ တောင်သူဦးကြီးများအား လှုပ်ရှားမှုထဲ ဆွဲ ခေါ်နိုင်ခဲ့ကြပါသည်။ စက်ရုံအလုပ်ရုံများမှ ကော်လာပြာလုပ်သားများနှင့် လက်လုပ်လက်စား အလုပ်သမား များအား လှုပ်ရှား မှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ သို့နှင့် ပြည်လုံးကျွတ် အထွေထွေလူထုလှုပ်ရှားမှုကြီးတရပ် ပေါ်ပေါက်ခဲ့ရပါ သည်။ ယနေ့ အခြေ အနေ၌ဆိုလျှင် ရဟန်းသံဃာတော်များ၊ အနုပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ၊ လူမှုစောင့်ရှောက်ရေး ဆိုင်ရာ ပညာရှင်များ ပါ ပါဝင်လှုပ်ရှားနေကြသဖြင့် လူထုစည်းရုံးရေးနယ်ပယ်ကို ချဲ့ထွင်ရန် အခွင့်အခါသင့်လှပေသည်။

ဆိုကြပါစို့။ ယနေ့၌ အသက်(၂၀)အရွယ်ရှိသည့်လူငယ်လေးတဦးသည် အာဏာရှင်စနစ်အောက်၌ အနှစ်(၂၀)မျှ ဖြတ်သန်း ကြီးပြင်းခဲ့ရပေလိမ့်မည်။ ထိုလူငယ်၏မိဘနှစ်ပါးသည် အသက်(၄၀) ၀န်းကျင်အရွယ်များဖြစ်နိုင်သဖြင့် တပါတီအာဏာရှင် စနစ်နှင့် စစ်အာဏာရှင်စနစ်နှစ်ခုပေါင်းအောက်၌ နှစ်ပေါင်း(၄၀)မျှ ဖြတ်သန်းကြီးပြင်းခဲ့ကြရပေလိမ့်မည်။ ထိုလူငယ်လေး၏ ဘိုးဘွားတို့သည်လည်း အသက်(၆၀) ၀န်းကျင်အရွယ်များဖြစ်နိုင်သဖြင့် လွတ်လပ်ရေးအရ ပြည်တွင်းစစ်အစဟုဆိုရမည့် ခေတ်ကာလများမှသည် မျက်မှောက်ခေတ်ကာလများအထိ နှစ်ပေါင်း(၆၀)ကျော် ၀ဋ်နာကံနာ ခံစားခဲ့ကြရရှာပေလိမ့်မည်။

မျိုးဆက်(၃)ဆက်မျှ ခေတ်ဆိုးစနစ်ဆိုးများအောက်၌ ဖြတ်သန်းခဲ့ကြရသည့် သမိုင်းသည် ဤတွင် တခန်းရပ်သင့်ပါပြီ။ ထို့အတူ ထိုလူငယ်လေးမှ မွေးဖွားလာမည့် မျိုးဆက်သစ်ရင်သွေးလေးများခမြာ ၎င်းတို့၏ ဘိုးဘွားမိဘများနည်းတူ ခေတ်ဆိုး စနစ်ဆိုး ကြီးများအောက်၌ ထပ်မံဖြတ်သန်းကြရဦးတော့မည့်အရေးကို ကျနော်တို့ လက်ပိုက်ကြည့်နေကြသင့် ပါ၏လော။ အနာဂတ်၏ ရင်သွေးငယ်လေးများ (တနည်း) စတုထ္ထမျိုးဆက်လေးများအား ဤခေတ်၊ ဤစနစ်နှင့် ဤလို ဖက်စစ်အုပ်စု၏ သေနတ်ပြောင်း အောက်၌ ကြီးပြင်းစေသင့်ပါ၏လော။ လူလားမြောက်စေသင့်ပါ၏လော။

ဆန်နှင့် လောင်စာဆီပြဿနာကို ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေကြရချိန်တွင် မွဲပြာကျ၍ ချွတ်ခြုံကျနေသည့် မြန်မာပြည်အဖို့ ပို၍ အလူးအလဲခံရမည်မှာ မြေကြီးလက်ခတ်မလွဲချေ။ ယနေ့ (သို့) မနက်ဖြန်၌ လူထုသည် သူတို့အသက်ရှင်ရပ်တည်ရေး အတွက် အစားအစာရရှိရေး၊ အမိုးအကာရရှိရေး၊ ထွန်ယက်စိုက်ပျိုးစရာ ရရှိရေး စသဖြင့် အခြေခံအကျဆုံးသော လိုအပ် ချက်များ အတွက် တောင်းဆိုကြပေလိမ့်မည်။ ငတ်၍သေရမည့်အတူတူ တိုက်၍သာ သေတော့မည်ဟူသည့် ပိုင်းဖြတ်မှုများ ကြောင့် လူထုလှုပ်ရှားမှုသည် အားနှင့်အင်နှင့် ပေါ်ပေါက်လာနိုင်ပေသည်။ ထိုသို့ပေါ်ပေါက်လာနိုင်သည့် လူထုအုံကြွမှုအား တနေရာ တည်း၌ကွက်ကျားမဖြစ်စေဘဲ နေရာအနှံ့အပြား၌ အကျယ်အပြန့်ဖြစ်စေရေးနှင့် မြို့ပြရော၊ ကျေးလက်ပါ ပါဝင်စေ ရေး တို့ အတွက် လူထုစည်းရုံးရေးသမားများအနေဖြင့် ပြင်ဆင်ကြရန်လိုပေမည်။ ထိုမျှမက သွေးချောင်းစီးမှု နည်းနိုင်သမျှ နည်းပါးစေ ရေးအတွက် ရနိုင်သမျှသော နည်းလမ်းများအား အသုံးပြုကြရန်လည်း လိုပေလိမ့်မည်။

“ကယ်ဆယ်ရေးအကူအညီများကို ပိတ်ပင်သည့်နည်းဖြင့် ပြည်သူသန်းပေါင်းများစွာကို သေတွင်းပို့ရုံနှင့် အားမရ၊ ဆန္ဒခံယူပွဲ၌ မဲလိမ်သည့်နည်းဖြင့် ပြည်သူသန်းပေါင်းများစွာကို ကျွန်ပြုရန် စီမံကိန်းချအကောင်အထည်ဖော်နေသည့် စစ်အုပ်စုကို သည် အတိုင်း ထင်တိုင်းကျဲခွင့် ပြုထားဦးမည်ဆိုလျှင် နိုင်ငံ့သမိုင်း၌ ရာဇ၀င်ရိုင်းရပေရော့မည်။

သခင်အောင်ဆန်း ဥပမာပေးခဲ့သည့် xxxx နိုင်ငံလိုဘ၀မျိုးသို့ မုချပင် ရောက်ရှိသွားရပေရော့မည်”

အောင်မော်ဦး

အပြည့်အစုံသို့...

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထွက်လိုသူများကို (၃) နှစ်စောင့်ခိုင်း

၂၃ ဇွန် ၂၀၀၈
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နုတ်ထွက်လိုကြောင်း လျှောက်ထားသူများကို နုတ်ထွက်ခွင့်တောင်းပြီး (၃) နှစ်ကြာမှ ထွက်ခွင့်ပြုသည့်အတွက် အမှုထမ်း အရာထမ်းများ စိတ်ဓာတ်ကျနေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြားမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များ မကြာခဏ ထွက်ပြေးခြင်း အကြောင်းတရားများအနက် နေပြည်တော်မှာ မနေချင်သည့်အချက်က အဓိကအချက်ဖြစ်သည်ဟု နေပြည်တော်အရာရှိတဦးက ပြောသည်။

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်ရာမှ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ရောက်လျှင် နောက်တခေါက် နိုင်ငံခြားပြန်ထွက်ရန် အနည်းဆုံး (၃) နှစ်စောင့်ရလေ့ရှိသည်။ သို့သော် အထက်လူကြီးနှင့် ပြေလည်သူများကိုမူ နေပြည်တော်ရောက်ပြီး (၃) လနှင့် (၆) လကြား နိုင်ငံခြားမြန်မာသံရုံးတခုခုသို့ ပြန်လွှတ်လေ့ရှိသည်ဟုပါ ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီး (၄) ဦး အပါအ၀င် ဆွေမျိုးစုစုပေါင်း (၈) ဦးခန့်ရှိပြီး အထူးအခွင့်အရေးများ ရနေသည်ဟု စုံစမ်းသိရသည်။ ။

အပြည့်အစုံသို့...

Duty is duty!




အပြည့်အစုံသို့...

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတခု

နှင်းခါးမိုး

၂၀၀၁ ခုနှစ်မှာ ပြည်တွင်းကို ၂ လလောက် ကျနော်ပြန်ရောက်ဖြစ်တယ်။ လူထုရဲ့ တကယ့်နေ့စဉ်ဘ၀ကို ကိုယ်တိုင်သိမြင်ခဲ့ရပြီးတဲ့နောက် ပါလာတဲ့ဝေဒနာတွေကို အခြေခံပြီး ဒီကဗျာကို ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ဦးနေ၀င်း မသေသေးဘူး။ ဂျာနယ်တွေက ဘင်လာဒင်ကောင်းမှုနဲ့ ရောင်းအားကောင်းနေကြတယ်။ ဒုက္ခသည်တို့၊ ဒုက္ခသည်စခန်းတို့ဆိုတာ နယ်စပ်က လူတွေအတွက် ဘ၀ပုံရိပ်ဖြစ်နေမယ့် ဒီတုန်းက ပြည်တွင်းကလူတွေ နားမလည် မခံစားတတ်ကြသေးဘူး။

တိုက်ဆိုင်ချင်တော့ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က ဗွီအိုအေကနေ ဒီကဗျာကို ရွတ်ဆိုဖေါ်ပြခဲ့ပါတယ်။ တပတ်လောက်နေတော့ တောင်ပိုင်းကျေးလက်ကို နာဂစ်ဝင်မွှေတော့တာပဲ။ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အားလုံး ကြားကြ မြင်ကြပြီးသားပါ။ တလောက ဖုန်းလှမ်းပြောတဲ့ညီတယောက်က အခုတော့ အကို့ကဗျာခေါင်းစဉ်လို ဖြစ်နေပြီလို့ပြောတော့ ရင်မှာ မကောင်းဘူး။ ဧရာဝတီကို ရင်ခွဲပြလိုက်မှ ကမ္ဘာကြီးက ပုတ်ပွနေတဲ့ ဒုက္ခတွေကိုမြင်ပြီး အထိတ်တလန့်ဖြစ်တယ်တဲ့။

ဘာပဲဖြစ်ဖြစ် သဘောင်္မြုပ်တုန်းတော့ လူကို အရင်ကယ်ရတာပဲ။ သဘောင်္ပါ ဆယ်ပါလားလို့ ၀င်ပြောလို့မရဘူး။ ဒီအချိန်မှာ တိုက်တန်းနစ်တုန်းကလို သော့ပိတ်ခံထားရတဲ့ တတိယတန်းခရီးသည်တွေအတွက်ကတော့ ရှင်သန်ရေးဟာ တိုက်ပွဲပဲ။ ကိုယ်တိုင်တိုက်ရမှာ။
ကြပ်ဆို့နေတုန်းမို့ ပြောစရာတွေရှိပေမယ့် အသံမထွက်နိုင်သေးခင်မှာ ဒီကဗျာထဲက စကားလုံးအဟောင်းတွေကိုပဲ စန္ဒယားအပျက်တလုံးရဲ့ ခလုတ်တွေပေါ် လက်နဲ့ခေါက်သလိုခေါက်ရင်း ကိုယ့်ကိုယ်ကိုယ် အသံညှိနေလိုက်မိတယ်။

ပြန်ပေးဆွဲခံထားရတဲ့ဒုက္ခသည်စခန်းကြီးတခု

အဲဒီ့မှာ...
ကလေးတွေအတွက်
စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက်
ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒီ့မှာ...
ကမ္ဘာကြီးနဲ့ ဝင်ဆန့် နိုင်ဖို့ 
အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွှင့်ဖို့
စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲ့ဒီမှာ...
အိပ်မက်တွေအတွက်
မနက်ဖန်မရှိပေမယ့်
ဒီနေ့အတွက်
နှစ်လုံးထီရှိတယ်။

အဲ့ဒီမှာ...
ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့
ကောင်းရောင်းကောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့
အပေါင်ဆိုင်တွေ ရှိတယ်။

အဲဒီမှာ
မရှိပေမယ့်.. မရှိပေမယ့်၊
ရှိတယ်..ရှိတယ်..ရှိတယ်။

ခေတ်မီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...
ဖယောင်းတိုင်ရှိတယ်၊
ကြားကားရှိတယ်...
ဂြိုလ်တုလောင်းကစားရှိတယ်၊
ဘောလုံးနဲ့ ဘင်လာဒင်ကို
ဘုရားစင်မှာတင်ထားတဲ့ ဂျာနယ်တွေရှိတယ်၊
ဖာခန်းဖွင့်စားတဲ့
ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေရှိတယ်။

ပြီးတော့...
သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့
တရားဥပဒေရှိတယ်၊
ရေဒီယိုနဲ့ ကောလာဟာလပေါင်းထားတဲ့
မျှော်တလင့်လင့်နိုင်ငံရေးရှိတယ်၊
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့...
ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေပျောက်မလားလို့
တံတားတွေဆောက်ထားတာ ရှိတယ်။
မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့
တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ်ကင်းစောင့်နေတဲ့
အေးချမ်းစွာပညာသင်ကြားရေး ရှိတယ်။

ပြီးတော့ ...
အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်ရှိတယ်။

ပြီးတော့ ...
တရုတ်တန်းဖြစ်သွားတဲ့
နန်းတော်တစ်ခုရှိတယ်။ ။

အပြည့်အစုံသို့...

ရွှေတိဂုံဘုရားပေါ်မှ ကြောက်ရိပ်လွှမ်းနေသော ဘုန်းတော်ကြီးများ




ရိုက်တာသတင်းဌာနမှာတွေ့လိုက်ရတဲ့  ဓါတ်ပုံပါ ကြောက်လန့်စိုးရွံ့မှုတွေအပြည့်နဲ့ ဘုန်းတော်အိုကြီးရဲ့ မျက်နှာမှာ ပေါ်လွင်နေတယ် ။ လူသတ်၊ ဓါးမြ စစ်မိစ္ဆာတွေရဲ့လက်ထဲမှာ အသက်ကို စိုးရွံ့နေကြရတဲ့ အမှောင်ထဲကဗမာပြည်အတွက် ကျနော်တို့အားလုံး တစုံတရာကို ပြတ်ပြတ်သားသားဆုံးဖြတ်ကြပါစို့ ၊

အပြည့်အစုံသို့...

ခွေးတောင်စိတ်နာလို့

အပြည့်အစုံသို့...

Saturday, June 21, 2008

နယူးယော့ခ် မြန်မာသံအမတ်အား စစ်အစိုးရ ပြန်ခေါ်ခြင်းမဟုတ်ဟု သံတမန်သတင်းရပ်ကွက်ပြော



NEJ/ ၂၀ ဇွန် ၂၀၀၈

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့်သတင်း မမှန်ကန်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။

နာဂစ်မုန်တိုင်းကိစ္စတွင် နိုင်ငံတကာဘက်မှ ထောက်ခံပြောဆိုသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည် ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပမီဒီယာများသို့ မကြာခင်က ပေးပို့ခဲ့သည်။ သို့သော် သံအမတ်ကြီး ဦးကျော်တင့်ဆွေ


(ဤသတင်းရေးချိန်ထိ) နယူးယော့ခ် မြန်မာသံရုံးတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

နယူးယော့ခ်မြန်မာသံရုံးမှ ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့ကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုများဖြစ်ပြီး မကြာခင် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ဖြန့်ဝေခဲ့ခြင်းဖြစ် သည်ဟု နယူးယော့ခ် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဗိုလ်မှူး အောင်လင်းထွဋ်အား သတင်းမှားများထုတ်ပေးရန် ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းကို စစ်အစိုးရက သီးခြားတာဝန်ပေးခဲ့ပုံရသည်ဟု နေပြည်တော် အရာရှိအသိုင်းအ၀န်းက ယူဆသည်။

နယူးယော့ခ်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် တင့်ဆွေသည် နယူးယော့ခ်မြန်မာသံရုံးတွင် (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီး ကုလ သမဂ္ဂတွင် စစ်အစိုးရအလိုကျ ကူညီပြောဆိုနေသည့် သံတမန်တဦးဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။

လတ်တလော ပြည်ပမီဒီယာများသို့ ဖြန့်ဝေသည့် ဗိုလ်မှူးအောင်လင်းထွဋ်၏ စာများတွင် မြန်မာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျူးလွန်သည်ဆိုသည့် အချက်များကိုသာ အသား ပေးဖော်ထုတ်ထားပြီး အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၊ တချိန်က စစ်ထောက်လှမ်းရေး၏ အတိုက်အခံအပေါ် ရက်စက် ကြမ်းကြုတ်မှုများကိုမူ ယခုချိန်ထိ ဖော်ပြထားခြင်းမရှိဟု အတိုက်အခံအချို့က သုံးသပ်သည်။

ဦးအောင်လင်းထွဋ်သည် ထောက်လှမ်းရေးဗိုလ်မှူးဟောင်းဖြစ်ပြီး တချိန်က ၀ါရှင်တန်ဒီစီ မြန်မာ သံရုံးတွင် သံရုံးဒုတိယတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီး မကြာခင် အမေရိကန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့သည်။ ။

အပြည့်အစုံသို့...

Thursday, June 12, 2008

နာဂစ် ကြောင့် ဗိုက်ကြီးသည် တသောင်းခန့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုလ


ိုပိုစ့် တင်ပေးသူမှာ Administrator
Thursday, 12 June 2008
http://www.peoplemediavoice.com
နီနီဇော် (ရန်ကုန်)
မုန်တိုင်း ဒါဏ်ခံရသော ရန်ကုန် ဒဂုံမြို့သစ်မှ ကိုယ်ဝန်ဆောင် တဦး

နာဂစ်မုန်တိုင်း ဒါဏ်ခံရသည့် ဒေသများမှ ဗိုက်ကြီးသည် တသောင်းခန့် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂမှ အထူးကျွမ်းကျင်သူ ၀ီလီယံ ရိုင်ယန် က ဗုဒ္ဓဟူးနေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။


အာရှတွင် အဆင်းရဲဆုံး တိုင်းပြည်တခု၌ ကိုယ်ဝန်ဆောင်နှင့် မီးဖွားခြင်း ကိစ္စရပ်များသည် အလွန်ပင် အန္တရာယ်ကြီးစွာ စွန့်စားရကြောင်း ကုလသမဂ္ဂ လူဦးရေ ပြန့်ပွားမှု ထိမ်းချုပ်ရေး ရံပုံငွေအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ၀ီလီယံ ရိုင်ယန်မှ ပြောဆိုသည်။ ဆက်လက်ပြီး ပြောဆိုရာတွင် မုန်တိုင်းကျရောက်ရာ ဒေသတွင် နေ့စဉ် မီးဖွားသူ အယောက် ၁၀၀ ခန့်ရှိနေသည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မီဒီယာများသို့ ထုတ်ဖေါ်ပြောဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ဆေးရုံ၊ ဆေးကုသခန်းများ နှင့် အတူ သူနာပြုများပါ ပျောက်ကွယ်ခဲ့ရသလို ကိုယ်ဝန်ဆောင်မိခင်များ မည်သို့ သွားရောက်၍ ထိရောက်သော ကုသမှုမျိုး ပေးနိုင်မည့် အကူအညီ လိုအပ်လျှက်ရှိသည်ဟု ပြောဆိုသည်။

မစ္စတာရိုင်ယန်မှ ဆက်လက်ပြောဆိုရာတွင် ဆေးရုံ၊ ဆေးခန်းများ ပြန်လည် ပြုပြင်ခြင်း၊ သူနာပြုများအား ထိရောက်သော ကုသမှုပေးနိုင်ရန် လေကျင့်ပေးခြင်းများ အချိန်များစွာ ယူဆောင် လုပ်ကိုင်ရမည် ဖြစ်သည်ဟု ထပ်လောင်းပြောဆိုသည်။ ကုလသမဂ္ဂ လူဦးရေ ပြန့်ပွားမှု ထိမ်းချုပ်ရေး ရံပုံငွေအဖွဲ့မှ မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဋ္ဌာနသို့ ရာဘာ လက်အိပ်များ၊ ဆေးရုံသုံး အခြားပစ္စည်းများ အထောက်အပံ့ ပြုထားသော်လည်း မြို့နယ် ၁၀ခု၌သာ အကျိုးသက်ရောက်မှု ရှိသေးသည်ဟု သိရှိရသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များမှ ပြောဆိုသည်မှာ မြန်မာစစ်အစိုးရ၏ အကူအညီပေးရေး အစီစဉ်သစ်မှာ လုပ်ငန်းစီးဆင်းမှု အလွန်ပင် နှေးကွေးလျှက် ရှိနေသေးသည်ဟု ပြစ်တင် ဝေဖန်ကြသည်။ ယခုအပါတ် အင်္ဂါနေ့တွင် စစ်အစိုးရ အာဏာပိုင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း၊ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းရာ ထုံးစံအတိုင်း ကြိုးနီစနစ်ကြောင့် ထူထဲသော စာရွက်စာတမ်း အထောက်အထားများ၊ အကြိမ်ကြိမ် အဖန်ဖန် ရှင်းလင်း တင်ပြ ရမှုများ ရှိနေဆဲပင်။ ထိုအတွက်ကြောင့် ကမ္ဘာ့ ကြက်ခြေနီအဖွဲ့မှ မလိုလားအပ်သော အဆင့်များ ဖြတ်ကျော်နေရသဖြင့် မုန်တိုင်း အကူအညီပေးမှု နှောင့်နှေးခဲ့ရသည်ဟု ပြောဆိုလိုက်သည်။

ခေါင်းမာသော စစ်အစိုးရအား ဖျောင်းဖြခြင်းနှင့် နာဂစ်ကြောင့် ဆာလောင်နေသူ ၂.၄သန်းသော ပြည်သူများအတွက် ထိရောက်သော ကူညီမှုပေးနိုင်ရန် သုံးပွင့်ဆိုင် တွေ့ဆုံမှု ဖြစ်သော ကုလသမဂ္ဂ၊ အာဆီယံ နှင့် မြန်မာနိုင်ငံ ဦးတိုက် ဆွေးနွေးကြဖို့ လိုပြီဟု သုံးသပ်နေကြသည်။

အပြည့်အစုံသို့...

နှမ်းတစေ့ကြောင့် ဆီမဖြစ်သော်ငြား





မုန်တိုင်းဒဏ်ခံခဲ့ရသည့် တောကျောင်းရွာမှ ကလေးများ (ဓာတ်ပုံ - ဧရာဝတီ)
ကိုလေးနားမှာ ကလေးတွေဝိုင်းနေကြသည်။ အရွယ်အားဖြင့် ၄ နှစ်၊ ၅ နှစ်မှ ၁၀ နှစ်၊ ၁၁ နှစ်ခန့် ကလေး အယောက် ၂၀ ခန့်ရှိမည်။ သူ့ဆီမှာ ရန်ကုန်က ဝယ်လာသည့် ပလတ်စတစ် ဘောလုံးလေးတွေ တော်တော်များများ ပါလာသည်။ သို့သော် လည်း တယောက်တလုံး ဝေပေးရလောက်အောင်တော့ မလောက်ငလှ။


“ကဲ ပင်နယ်တီကန်ကြမယ်။ ဝင်အောင်ကန်နိုင်တဲ့သူကို ဘောလုံး တလုံး ဆုချမယ်” ဟု ကိုလေးက ပြောလိုက်ရာ ကလေး များ ဝမ်းသာအားရ ထခုန်ကြသည်။ ပင်နယ်တီကန်ပြီး ပြောထားသည့်အတိုင်း ကိုလေးက ဆုချလိုက်သည်။ ထို့နောက် ကစားနည်း နောက်တမျိုး ပြောင်းပြန်သည်။ ဒီတခါတော့ သူတို့ ပစ္စည်း ရှာဖွေတမ်းကစားဖြစ်သည်။

“ပုရွက်ဆိတ် အနီတကောင် ရှာပေးပါ။ အရင်ရှာနိုင်တဲ့သူ ဘောလုံးရမယ်” ဟု ကိုလေးက ပြောလိုက်ရာ ကလေးများ ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။

ကွမ်းခြံကုန်း မြို့နယ်ထဲက တောကျောင်းဆိုသော ရွာကလေးမှာ ကိုလေးတို့အဖွဲ့ ရောက်ရှိနေကြခြင်း ဖြစ်၏။ ကိုလေးတို့ အဖွဲ့ထဲမှာ ဆရာဝန် ၃ ဦးနှင့် ကူညီပေးမည့်သူက သူအပါအဝင် ၅ ဦး စုစုပေါင်း ၈ ဦး ပါဝင်သည်။ ကိုလေးက ကားနှင့် လူစိုက်သည်။ ကိုလေး၏ မူရင်းအလုပ်က ဧည့်လမ်းညွှန်။ ခုတော့ သူငယ်ချင်း ဆရာဝန်များက နာဂစ် မုန်တိုင်း ဒဏ်ခံခဲ့ ရသည့် ဒေသများတွင် အခမဲ့လိုက်လံ ဆေးကုသပေးချင်သည် ဆိုသဖြင့် သူ့ကားကို သူကိုယ်တိုင်မောင်းကာ လိုက်ပို့ ခဲ့ခြင်းဖြစ်သည်။

“ခုအချိန်က တကယ်ဆို စပိန်တွေ၊ အီတလီတွေ အလာများတဲ့ အချိန်ပေါ့။ ကျနော်နဲ့ ကြိုချိတ်ထားပြီးသား ဧည့်သည်တွေ ဘယ်သူမှ မလာဖြစ်တော့ဘူး။ အလုပ်လည်း အားနေတဲ့ အတူတူ သူငယ်ချင်းတွေကို ကူညီရင်း လုပ်အားအလှူ ပါဝင်တာပါ” ဟု ကိုလေးက ကျမကိုပြောပြသည်။

တောကျောင်း ရွာကလေးက မူလတန်းကျောင်းကလေးမှာ သူ့သူငယ်ချင်း ဆရာဝန်များက လူနာများကို ကြည့်ရှုပေးနေစဉ် သူက ကလေးထိန်းပေးနေခြင်းဖြစ်သည်။

“ကလေးလေးတွေက မှိုင်နေကြတာဗျ။ တချို့ကြောင်တောင်တောင်လေးတွေ ဖြစ်နေတာ။ ကျနော်နဲ့ ကစားရင်း သူတို့ တော်တော် ပျော်သွားကြတယ်။ တဘက်တလမ်းက သူတို့ စိတ်ဒဏ်ရာတွေကို ဝိုင်းကုစားပေးတာပေါ့ဗျာ” ဟု ကိုလေးက ဆက်ပြောသည်။

ကိုလေးတို့အဖွဲ့တွင် ပါဝင်သော လူငယ်ဆရာဝန်လေးတဦးက မုန်တိုင်းဒဏ်ခံရသော ဒေသများမှ ကလေးများတချို့မှာ စိတ်ဓာတ်များ ကြမ်းတမ်းနေပြီး တချို့မှာ မှိုင်တွေနေ သည်ကို တွေ့ရသည်ဟုဆိုသည်။ ပုံမှန်စိတ်အခြေအနေ ရှိသည့် ကလေးများကို မတွေ့ရ သလောက်ဖြစ်ကြောင်း ပြောပြသည်။

“ကိုလေးက ခုလိုကလေးတွေနဲ့ နေပေးတာလည်း တော်တော်ထိရောက်တယ်ဗျ။ သူတို့လေးတွေကို စိတ်ပိုင်းဆိုင်ရာ ဝိုင်းကုပေးနေသလိုပဲ။ ပထမတခေါက် ကျနော်တို့ သွားတုန်းကဆို ကလေးတွေက တော်တော် ဆိုးသလိုဖြစ်နေတာ။ ဆေးကောင်းကောင်း ကုလို့ မရခဲ့ဘူး” ဟု သူကဆက်ပြောသည်။

အဲဒီရွာမှာ လူနာတွေကြည့်၍ လိုအပ်သည့် ဆေးဝါးများပေးခဲ့ပြီးတော့ နောက်တရွာသို့ ကူးခဲ့ကြသည်။ သူတို့ ဖျာပုံဘက်က ရွာများကို သွားဖြစ်သည်တဲ့။

ဂွေးချောင်းဆိုသည့်ရွာမှာ အရင်က အိမ်ခြေ ၁၂၀ ရှိသည်။ မုန်တိုင်းကြောင့် လူ ၁၀၇ ဦး သေဆုံးခဲ့သည်။ သူတို့အဖွဲ့က ရွာတရွာရောက်သည်နှင့် စပီကာနှင့်အော်သည်။ တနေရာ တွင်စုရပ်လုပ်ကာ ဆေးကုပေးရန်ဖြစ်သည်။ လာနိုင်သည့်သူ များက ရောက်လာကြသည်။ မလာနို်င်သူများကို ကိုလေးက လိုက်လံခေါ်ဆောင်ပေးသည်။

“ဂွေးချောင်းမှာ မုန်တိုင်းဖြစ်စက လူ ၉၀ ကျော် သေတယ်။ နောက်ပိုင်း ရောဂါနဲ့ ထပ်သေ ကြတာနဲ့ ၁၀၇ ယောက် ဖြစ်သွားတာ” ဟု ကိုလေးကပြောသည်။

အများစုမှာ နမိုးနီးယားခေါ် အဆုတ်ပွဝေဒနာ ခံစားနေရပြီး ထိခိုက်ဒဏ်ရာများကြောင့် မေးခိုင်ပိုးဝင် သေဆုံးခြင်းများ၊ ဝမ်းဖောဝမ်းရောင် ဖြစ်နေသူများ ရှိသည်ဟု ဆိုသည်။ ထိုရွာသို့ ကိုလေးတို့ မရောက်ခင်ကပင် အမျိုးသမီးတဦး မေးခိုင်ပိုး ဝင်ကာ သေဆုံးသွားခဲ့ ကြောင်း ကိုလေးက ပြောပြသည်။

“တော်တော်များများမှာ ထိခိုက်ရှနာ ဒဏ်ရာတွေရှိတယ်။ အိုးကွဲ ပုလင်းကွဲတွေက အများကြီးဆိုတော့ ကျနော်တို့တောင် တော်တော် ရှောင်ရှားသွားနေရတာ။ တချို့ ကလေးတွေဆို အနာကြီးတွေ ရင်းပြီး အဖျားဝင်နေကြတယ်” ဟု ဆရာဝန် လူငယ် လေးက ပြောသည်။ နမိုးနီးယား ဖြစ်သူတို့မှာလည်း ရေလှိုင်းတက်လာစဉ်က အဆုတ်ထဲ ရေဝင်ခဲ့သော ကြောင့်ဖြစ်သည်ဟု ဆိုသည်။

မေးခိုင်ကာကွယ်ဆေးကို အများဆုံး ထိုးပေးခဲ့ရကြောင်း ထိုဆရာဝန်က ဆက်ပြောသည်။ သူ၏ အဆိုအရ အသက် ၆၀ ဝန်းကျင် လူကြီး အတော်များများမှာ သွေးတိုး နေကြသည်တဲ့။ ငါးပိ၊ ငါးခြောက်များဖြင့်သာ စားနေရသောကြောင့် ဖြစ်သည်ဟု သူက ဆက်ပြောပြသည်။

“ကျနော်တို့ ဆရာဝန်တွေက ငါးပိ၊ ငါးခြောက် မစားပါနဲ့ ပြောတော့ ဝိုင်းရယ်ကြတယ်။ သူတို့မှာ ဒါပဲရှိတာကိုးဗျာ။ လူကြီး ဆိုတော့လည်း ဘာမှမရှိတဲ့အချိန်မှာ အငန်ဓာတ် ကလေးနဲ့မှ ထမင်းစားဝင်တာပေါ့” ဟု ဆရာဝန်လေးက ပြောပြသည်။

အဲဒီကနေ တဆင့် ကံစုရွာသို့ ရောက်သည်။ ကံစုရွာမှာလည်း ထုံးစံအတိုင်း ဆေးကုပေးပြီးတော့ သောကြာ ရွာသို့ ဆက်သည်။ အဲဒီရွာမှာက ဆေးမှူးတယောက် ရှိသည်ဆိုတော့ သူတို့ မဝင်တော့ဘဲ ခရီးဆက်ခဲ့ကြသည်။

နောက်တပတ်ကျရင်တော့ ဒီထက်အင်အားတောင့်မည်ဟု ကိုလေးကပြောသည်။ ဆရာဝန်အင်အားကော ကူညီမည့် လူအင်အားပါ ထပ်ဖြည့်သွားကြမည်တဲ့။

အဲဒီဘက်က ရွာတွေက ချမ်းသာသူတွေများတော့ အိမ်ကြီးအိမ်ကောင်းတွေ မပြိုဘဲ ကျန်နေတာရှိသည်။ အဲဒီအိမ်တွေကို နည်းနည်းပါးပါးပြင်ပြီး စုပေါင်းနေထိုင်ကြကြောင်း ကိုလေးကပြောသည်။

တတ်နိုင်သလောက် အစုအဖွဲ့ကလေးများ ဖွဲ့ကာ ကူညီနေကြသူများ များစွာရှိနေပါသည်။ သို့သော်လည်း မုန်တိုင်းဝင်ခဲ့ပြီး နောက်ပိုင်း အချိန်ကြာလာသည်နှင့်အမျှ ကူညီနိုင်သည့် အင်အားများ ယုတ်လျော့လာခဲ့ပြီ။ ငွေအား၊ လူအား၊ အချိန် စသည်ဖြင့် အင်နှင့် အားနှင့် ပေးနိုင်ဖို့ဆိုသည်မှာ ပေးသည့်သူဘက်မှလည်း ထိုအင်အားများရှိနေဖို့ လိုအပ်ပါသည်။

ကိုလေးကတော့ သူတို့၏ ဧည့်လမ်းညွှန်လုပ်ငန်းများ ပြန်မစမချင်း တတ်နိုင်သလောက် ပါဝင်မည်ဟု ကျမကိုပြောပြသည်။ ဘယ်အတိုင်းအတာအထိ ထိရောက်အောင် လုပ်နိုင်မည် ဆိုသည်ကိုတော့ သူမပြောတတ်ပါဟုဆိုသည်။ ခုထိတော့ သူတို့ကို ကူညီမည့် ဆေးဝါးဝယ်ရန် ငွေကြေးစိုက်ထုတ်ပေးသူ၊ ပညာအားဖြင့် ကူညီသူ၊ လုပ်အားဖြင့် ကူညီသူအနည်းငယ် ရှိနေပါသေးသည်။

လေစိမ်းဒဏ်ခံခဲ့ရသောကြောင့် အပြန်တွင် ကိုလေး အနည်းငယ် ဖျားလာသည်။ သို့သော်လည်း သူပျော်နေသည်။ သူက ဆရာဝန်မဟုတ်ပေမယ့် သူတတ်နိုင်သလောက်ကလေး ပါဝင်လိုက်ရတာကို ကျေနပ်သည်။
ကစားနည်းတခုအဖြစ် သူ့ကားနံပါတ်ကို ပေါင်းခိုင်းရာ ရလဒ်အမှန် ၂၁ ဟု သွက်သွက် လက်လက် ဖြေခဲ့သော ၁၀ နှစ် အရွယ် ကလေးမလေးကို သူက ဘောလုံးတလုံး ဆုချခဲ့သည်။ ဆုမရသူကလေးများက သူ့ကို “ကတုံးကြီး” ဟု အော်ဟစ် ထွက်ပြေးခဲ့ကြသော်လည်း သူစိတ်မဆိုးပါ။ နောက်တခေါက်အတွက် ကစားနည်း အသစ်များ စဉ်းစားရင်း ပို၍ပင် တက်ကြွ လန်းဆန်းနေသေးသည်။ ။

အပြည့်အစုံသို့...

blogger templates | Make Money Online