Wednesday, July 30, 2008

အာဏာပိုင်တို့၏လာဘ်စားမှုကြောင့် တရားဝင်ပိတ်ထားသောဂိတ်မှ ထိုင်းဘက်သို့ တရားမဝင် သစ်ကားများ ဝင်ရောက်နေဆဲ

ဘုရားသုံးဆူ။ ။ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို နေပြည်တော်၏အမိန့်ဖြင့် ပိတ်ထားသော်လည်း မြို့ပေါ် အာဏာပိုင်တို့က ၎င်းတို့နှင့်နီးစပ်သူများနှင့်လာဘ်ပေးနိုင်သောစီးပွားရေးသမားများကို ထိုင်းနိုင်ငံဘက်သို့ သစ်တင်သွင်း ခွင့် ပေးထားဆဲဖြစ်ပြီး ယင်းပိတ်ထားသောဂိတ်မှသာ ဖြတ်သန်းသွားနေဆဲ ဖြစ်ကြောင်း မြို့ပေါ်စီးပွားရေးသမားအသိုင်း အဝိုင်းမှ သိရသည်။

ယခု တစ်လအတွင်း ဂိတ်လမ်းကြောင်းမှ ထိုင်းဘက်သို့ သစ်ကား အစီးရေ ၆၀ နီးပါး ဖြတ်သန်းခဲ့ကြောင်း စီးပွားရေးသမား များက ပြောကြားသည်။ ယင်းသစ်ကားများကို ခလရ ၃၄ တပ်ရင်းမှူး ဒု ဗိုလ်မှုးကြီး အေးကိုကို၏အမိန့်ဖြင့် ဖြတ်သန်းခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သစ်ကားအစီးရေ ၃၇ စီး၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပါကေးများ တင်ဆောင်ထားသော ကားအစီးရေ ၁၈ စီးအား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း မျက်မြင်သက်သေများ၏အဆိုအရ သိရသည်။

Type the rest of your post here.

အပြည့်အစုံသို့...

ဒဏ်ရာ




လူရယ်လို့ ဖြစ်လာရင် ဒဏ်ရာဆိုတာ ရကြစမြဲပါ။ ဒဏ်ရာ(၂)မျိုး ရှိမယ်လို့ ထင်ပါတယ်။ ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာနဲ့ စိတ်မှာရတဲ့ ဒဏ်ရာ ဆိုပြီး ဒီလို (၂)မျိုး တွေ့ရပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာကို အချိန်မှီ ဆေးကုသမယ်ဆိုရင် ပျောက်ကင်း သွားပါလိမ့်မယ်။ စိတ်မှာရတဲ့ ဒဏ်ရာကိုတော့ ဘာနဲ့ ကုစားကြမလဲ။ ဒီနေရာမှာ ဗုဒ္ဓ၏ ဆေးနည်း ကတော့ ဘာဝနာတရားကို အခြေခံထားပြီး ကုစားရမယ်လို့ အဓိက ညွှန်ကြားထားပါတယ်။

စိတ်မှာဖြစ်နေတဲ့ ဒဏ်ရာကို သမထဘာဝနာ ၀ိပဿနာဘာဝနာ (၂)မျိုးထဲမှ သမထဘာဝနာဖြင့် ကုစားရမယ်လို့ ပြောထားပါတယ်။ သမထ ဆိုတာ စိတ်ကို ငြိမ်းအေးစေပြီး သမာဓိကို ဖြစ်စေတတ်ပါတယ်။ ဘာဝနာ ဆိုတာ လွန်စွာအကျိုးများသဖြင့် မိမိတို့၏ သန္တာန်၌ အဖန်ဖန် ဖြစ်စေထိုက် ပွားများစေထိုက်သော တရားကို ခေါ်တာပါ။ ပူနေတဲ့ စိတ်ကို အေးအောင်လုပ်တာ သမထ၊ ပျံ့လွင့်နေတဲ့စိတ်ကို အာရုံတခုထဲ ဆွဲစုတာကို သမထလို့ ခေါ်တာပါ။ သမထ (၄၀) ရှိတဲ့အထဲမှာ မေတ္တာဘာဝနာ ဆိုတာ သတ္တာဝါအများကို ကောင်းစားစေလိုခြင်း၊ ချစ်ခင် မြတ်နိုးခြင်း သဘော ရှိပါတယ်။ ဒါကြောင့် မေတ္တာပွားခြင်း မေတ္တာပို့ခြင်းဟာ စိတ် ဒဏ်ရာ အတွက် ဗုဒ္ဓ၏ အကောင်းဆုံး ဆေးကုနည်းပါ။

ကျွန်တော်တို့ မြန်မာပြည်သူတွေမှာ ခေတ်အဆက်ဆက် လွတ်လပ်ရေး ငြိမ်းချမ်းရေး ဒီမိုကရေစီ အရေးတွေနဲ့ ပတ်သက်ပြီး ယနေ့ထက်တိုင် ဒဏ်ရာပေါင်းများစွာ ရင်နင့်အောင် ခံစားခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်္ဘာလမှာ ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးမှာ န.အ.ဖ စစ်အာဏာရူး လူတစ်စု၏ လူမဆန်စွာ ဖမ်းဆီး နှိပ်စက် ညှင်းပမ်း သတ်ဖြတ်မှုတွေကြောင့် ရဟန်း ရှင် လူ ပြည်သူ အားလုံး ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြပါတယ်။ ခန္ဓာကိုယ်မှာ ရတဲ့ ဒဏ်ရာတွေကို ဆေးကုသလို့ ပျောက်ကင်းကောင်း ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် မေတ္တာပို့သပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင် မြန်မာ့ပြည်သူများ၏ စိတ် ဒဏ်ရာကို ဘယ်လိုကုစားကြမလဲ။ ဗုဒ္ဓ၏ မေတ္တာတရား နဲ့ပဲ ကုစားကြမလား။ ဒီမိုကရေစီ မရမချင်း မြန်မာပြည်သူတွေ နေစဉ် ခံစားနေရမှာ ဒဏ်ရာ…..

အပြည့်အစုံသို့...

ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ စစ်ဆေးခံရ ဘဏ်ကငွေတွေ အလုအယက်ပြန်ထုတ်




ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ထိန်းသိမ်းစစ်ဆေးခံနေရသဖြင့် ဘဏ်တွင် ငွေအပ် ထားသူများ ယခုရက်ပိုင်းအတွင်း ငွေပြန်ထုတ်ယူနေကြမှု များနေသည်။

ကမ္ဘောဇဘဏ်သည်လည်း မြန်မာမေဖလားဝါးနှင့် အာရှဓနဘဏ်များကဲ့သို့ မကြာခင် ဖျက်သိမ်း ခံရဖွယ်ရှိသည်ဟု ပြင်ပတွင် ကောလာဟလများ ထွက်လာပြီးနောက် ယခုကဲ့သို့ ဘဏ်အပ်ငွေ များကို ပြန်ထုတ်လာကြခြင်းဖြစ်သည်။

ယခုလလယ်ခန့်က ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းနိုင်ကို သက်ဆိုင် ရာက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုများ ပြုရာမှ အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဦးဇော်ဝင်းနိုင် အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်သို့ ခေတ်ပြိုင်က ဖုန်းအကြိမ် ကြိမ်ဆက်ခဲ့ရာ နံပါတ်အားလုံး ဆက်သွယ်မရသည့်အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။

“မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်ကြားတာပဲ၊ မောင်ဝိတ်တို့နဲ့ ဆက်စပ်နေတယ် လို့ ပြောနေကြတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

အခြားဘဏ်များ ငွေထုတ်ယူမှု ပမာဏကို ကန့်သတ်ချက်ရှိချိန်က အချိန်မရွေး လိုသလောက် မိမိအပ်ငွေကို ထုတ်ပေးနေခဲ့သော ကမ္ဘာဇဘဏ်သည် ယခုအခါ တပတ်တွင် တရက် ကျပ် (၁၀) သိန်းသာ အများဆုံးထုတ်ပေးနေကြောင်း ငွေအပ်ထားသူတဦးက ပြောသည်။

“ဒါက ခုမှမဟုတ်ပါဘူး။ ဒီစည်းကမ်းကို ဗဟိုဘဏ်က ထုတ်ပြန်ထားတာ ကြာပါပြီ။ ကျနော်တို့က ဘဏ်စည်းကမ်းအတိုင်း လုပ်ရတာပါ။ ဒီတပတ် (၁၀) သိန်းထုတ်ပြီးရင် နောက်တပတ်တွေမှာ လည်း တပတ် တရက် (၁၀) သိန်း ထုတ်ယူနိုင်ပါတယ်” ဟု ကမ္ဘောဇ ဘဏ်ခွဲတခုမှ မန်နေဂျာ တဦးက ပြောသည်။

ဘဏ်မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက မသိ ကြောင်း၊ ဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများမှာလည်း အမှားများ သာဖြစ်ကြောင်း၊ မိမိတို့ဘဏ်အနေဖြင့် ပုံမှန်လည်ပတ်နေနိုင်ပါကြောင်း ထပ်မံရှင်းပြသည်။

ဘဏ်နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာပြီး တပတ်အကြာတွင် စီးပွားရေးလုပ်ငန်း ရှင် အသိုင်းအ၀န်းတွင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို ကမာရွတ်မြို့နယ် ဘဏ်ရုံးချုပ်သို့ လာရောက် အစစ်ဆေးခံသွားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၂၃) ခုနှင့် လည်ပတ်နေကာ မိုင်းရှူး၊ ဖားကန့်တို့တွင်လည်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး စားအုန်းဆီ တင်သွင်းခြင်း၊ လမ်းဖောက် လုပ်ရေး စီမံကိန်းများနှင့် အင်းလေးအမှတ်တံဆိပ်ဖြင့် ပြည်ပပို့ကုန် ဖိနပ်များ ထုတ်လုပ်သော လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ဖမ်းဆီးစစ်ဆေးခံနေရသော ဦးဇော်ဝင်းနိုင်မှာ ယခင် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်း ထွန်း၏ သားဖြစ်ပြီး ဦးအောင်ကိုဝင်း၏ မွေးစားသားဖြစ်သည်။ ဦးအောင်ကိုဝင်းသည် စစ်အစိုးရ နံပါတ်နှစ်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးမောင်အေးနှင့် နီးစပ်ပတ်သက်သူဖြစ်သည်ဟု ဆိုကြသည်။ ။

အပြည့်အစုံသို့...

မြန်မာနိုင်ငံ၌ လူ (၁) ထောင်လျှင် (၇) ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ



ဒေါက်တာစန်ဂန် (၀ဲ) အား ဘန်ကောက်မြို့ (FCCT) တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌တွေ့ရစဉ်

မြန်မာနိုင်ငံ၌ ကိုယ်ခံအားကျဆင်းစေသည့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံနေသူ အရေအတွက် သိသိသာသာ လျော့နည်းကျဆင်းသွားသော်လည်း လူ (၁) ထောင်လျှင် (၇) ဦး ကူးစက်ခံနေ ရဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ယူအန်အေ့ဒ်စ် (UNAIDS) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသည့် အရွယ်ရောက်သူနှင့် ကလေးဦးရေသည် ၂၀၀၁ ခုတွင် (၃၀၀,၀၀၀) ခန့် ရှိရာမှ ၂၀၀၇ခု၌ (၂၄၀, ၀၀၀) ခန့်သာ ရှိတော့သည်ဟု ယမန် နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ထိုသို့ကျဆင်းသွားရခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များ၌ ကူးစက်မှု ကျဆင်းသွား၍ ဖြစ်သည်ဟု ယူအန်အေ့ဒ်စ်အဖွဲ့ ဒေသတွင်းအစီစဉ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာစန်ဂန်က ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်း၌ ယနေ့နံနက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ဆေးခန်းတွေက ရရှိတဲ့ စာရင်းတွေအရ များသောအားဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတာဖြစ်တယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ အဲဒီအုပ်စု အကြားမှာ (၂.၅) ရာခိုင်နှုန်းလောက်ကနေ (၁) ရာခိုင်နှုန်း ကျော်ကျော်လောက်ထိ ကျဆင်းသွား တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအပါအ၀င် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာတော့ အိတ်ခ်ျအိုင်ဗွီ ကူးစက် နှုန်း အမြင့်မားဆုံး ဖြစ်နေတုန်းပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လူ (၁) ထောင်လျှင် (၇) ဦး အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရကြောင်း၊ အသက် (၁၅) နှစ်မှ (၂၄) နှစ်အကြား လူငယ်အမျိုးသမီး (၁) ထောင်လျှင် (၆) ဦးနှင့် လူငယ်အမျိုးသား (၁) ထောင်လျှင် (၇) ဦးနှုန်း ဖြစ်ပွားနေပြီး ၂၀၀၇ ခုနှစ် စာရင်းအရ အိတ်ခ်ျအိုင်ဗွီကြောင့် သေဆုံးသူ (၂၄,၀၀၀) ဦး ရှိကြောင်း အစီရင်ခံစာအရ သိရသည်။

အာရှ ဒေသတခုလုံး၌ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူပေါင်း (၅) သန်းရှိပြီး တကမ္ဘာလုံး၌ (၃၃) သန်းရှိကြောင်းနှင့် နိုင်ငံအများအပြားတွင် လူငယ်လူရွယ်များအကြား ကွန်ဒုံးသုံးဆွဲမှု ပိုမိုများပြား လာကြောင်း ယူအန်အေ့ဒ်စ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ။

အပြည့်အစုံသို့...

Tuesday, July 29, 2008

ဒုက္ခသည်အမျိုးသမီးများက ဝန်ကြီးချုပ်ကားကိုတား၍ အခက်အခဲများတင်ပြ တောင်းဆို

လေဘေးသင့်ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ဝန်ကြီးချုပ်စီးလာသည့်ကားကိုတား၍ လက် ရှိရင်ဆိုင်နေရသည့်အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ကြသည်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရှိ (၃) မိုင် ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ယမန်နေ့ နံနက်ပိုင်း (၉) နာရီခန့်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် စီးလာသည့်ကားကို လေယာဉ်ကွင်းအပြန်တွင် ရှေ့မှရပ်၍ တားမြစ်ပြောဆိုခြင်းဖြစ်သည်။

လပွတ္တာမြို့ပေါ်ရှိဒုက္ခသည်များကို စခန်းအာဏာပိုင်များက နေရပ်ရင်းပြန်ရန် အတင်းအကြပ် ဆောင်ရွက်နေသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရသည့်အမျိုးသမီးများက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

“ကျမတို့ပြန်ဖို့ဆိုတာက နေဖို့ထိုင်ဖို့ကလည်း အခက်အခဲရှိပါတယ်၊ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်၊ အခုလည်းကြားနေရတယ်၊ လေတွေတိုက်မယ် ရေတွေကြီးမယ်လို့ ကြားနေရ တော့ ထိတ်လန့်နေတယ်၊ ကျမတို့ နေဖို့မြေနေရာလေးနည်းနည်းလောက်ရရင် ဖြစ်ပါတယ်၊ ကြုံရာလုပ်စားပြီးနေမှာပါလို့ ပြောတာပါ” ဟု ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦးကပြောသည်။

ဝန်ကြီးချုပ်အနေဖြင့် နောက်တကြိမ်ပြန်လာ၍ အခက်အခဲများကို ပြေလည်အောင်လုပ်ပေးမည် ဟု ပြောဆိုခဲ့ပြီး အဆိုပါနေ့က လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် အမျိုးသမီး များ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် အမျိုးသမီးတဦးက ဝန်ကြီးချုပ်ကားရှေ့မှရပ်ကာ တားမြစ် ခဲ့သဖြင့် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၎င်းအမျိုးသမီးနှင့် စကားပြောဆိုခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။

ယင်းနေ့မတိုင်မှီ အခက်အခဲများကို တင်ပြပြောဆိုရန် စခန်းအတွင်းရှိ အမျိုးသားများက စီစဉ် ထားသည်ကို သတင်းပေါက်ကြားသွားသဖြင့် အာဏာပိုင်များက စုရုန်းခွင့်မပေးဘဲ ဖမ်းဆီး ထိမ်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ရဲ၊ ရယကအဖွဲ့ဝင်များက သူတို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း လေဘေးသင့်ဒုက္ခသည် တဦးကပြောသည်။

လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများမှ ရွာသားများကို မြို့နယ်အာဏာပိုင်များက နေရပ်သို့ပြန်ရန် အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ပြီး မိမိဆန္ဒအလျှောက် ပြန်သည်ဖြစ်ကြောင်းကို စာရွက်များထုတ်ပေး၍ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်နေသည်။

လက်ရှိဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများမှာ သက္ကယ်သောင်၊ ပြင်စလူ၊ ကိုင်းသောင်၊ လွှစာကျေးရွာများမှဖြစ်ပြီး (၅) မိုင်စခန်းတွင် လူဦးရေ (၅၀) ခန့်၊ ဘောလုံးကွင်းစခန်းတွင် (၃၀)ခန့်လောက်သာကျန်ရှိပြီး၊ (၃) မိုင် စခန်းတွင် (၂,၀၀၀) နီးပါးကျန်နေသေးကြောင်း ဒေသခံတဦး ကပြောသည်။

“ကျမတို့ကို ရဲမှူးက (၂၅) ရက်နေ့ကနေ (၃၀) ရက်နေ့ နောက်ဆုံးဆင်းပေးရမယ်၊ ဆင်းမပေး ရင် တူးချင်းတပ်ကိုခေါ်ပြီးတော့ ရိုက်ခိုင်းမယ်၊ ခင်ဗျားတို့က သူများလှူတာတမ်းတာတွေနဲ့ တောင်းရမ်းစားနေတဲ့ သူတောင်းစားတွေလို့ပြောတယ်၊ ဒီ (၃) မိုင်စခန်းမှာလည်း နေလို့မရဘူး၊ အနီးနားက ကျောက်ဖြူ၊ ကျောက်မှော်ရွာတွေမှာလည်း သွားနေခွင့်မပြုနိုင်ဘူး” ပြောဆိုခဲ့ ကြောင်း (၃) မိုင်စခန်းမှ အမျိုးသမီးတဦးကပြောသည်။

အာဏာပိုင်များဘက်က ဒုက္ခသည်များကို လုံလောက်သည့် ထောက်ပံ့မှုများလုပ်ပေးနေသည် ဆိုသော်လည်း ဒုက္ခသည်တဦးအတွက် တရက်လျှင် ဆန်တဗူးခွဲ၊ ကုလားပဲ၊ ဆီနှင့် အိမ်ထောင်စု တစုအား ဆားတဇွန်းသာပေးသည်ဟု ဆိုသည်။

လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အင်န်အယ်ဒီပါတီမှ ဒေါက်တာအေးကြူက “လတ်တလောကတော့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအခြေအနေက သွေးလွန်တုတ် ကွေး၊ ငှက်ဖျားရောဂါတွေဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါတော့ မရှိတော့ဘူး” ဟု ပြော ဆိုခဲ့သည်။

အပြည့်အစုံသို့...

အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်မစ္စ လော်ရာဘုရှ်



၂၉ ဇူလိုင် ၂၀၀၈



ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ တိုးတက်ရေး ပိုမိုကူညီမှု ပေးနိုင်ဖို့အတွက် အမေရိ ကန်သမ္မတကတော် လော်ရာဘုရှ် လာမည့်လ (၇) ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်မည် ဖြစ် သည်။

မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ကျမတို့ဆေးခန်းကို နောက်လ (၇) ရက်နေ့လာမယ်။ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေမှာ ဘော်ဒါ ဆောင်နေတဲ့ မြန်မာကလေး (၁,၅၀၀) နဲ့


ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

၎င်းကလေးငယ်များအတွက် ထောက်ပံ့မှုများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) မှတဆင့် မယ်တော်ဆေးခန်းသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းမှ အဆောင်နေ မြန်မာကလေးငယ်များအတွက် သူမတို့အဖွဲ့မှ ကူညီပေးခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်း
တာဝန်ခံက ပြောသည်။

လော်ရာဘုရှ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကော်ကယ်ကျူလားဖန်းက “အမေရိ ကန်သမ္မတကတော် (၇) ရက်နေ့ မဲဆောက်ကိုလာမယ်။ သူ့ရဲ့ရှေ့ပြေးလူ (၃၀) မနက်ဖြန် ရောက် ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်မှာဖြစ်တယ်” ဟု အတည်ပြု ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေ က “လာမယ့် (၇) ရက်နေ့ သူနဲ့တွေ့ရင် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးသင်ကြားမှု အနေအထား ကို ဒီလောက်နဲ့ မရပ်စေချင်ဘူး။ ဒီထက်ဆက်ပြီး ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရဖို့ဆိုတဲ့ အခွင့် အရေးကို ကူညီဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။

မယ်တော်ဆေးခန်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့များက လော်ရာ ဘုရှ်အား နယ်စပ်ကျန်းမာရေးနှင့် ပညာရေး အခြေအနေများအား ရှင်းပြမည်ဖြစ်သည်။

မဲဆောက်ဒေသအတွင်း မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာကလေးငယ်ရွှေ့ ပြောင်း စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး ရွှေ့ပြောင်းမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိသည်ဟု BMWEC ၏ စစ်တမ်းက ဖော်ပြထားသည်။ ။

အပြည့်အစုံသို့...

ဦးဂမ္ဘီရ ဦးဆောင်ဆရာတော် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသ (ခ) ညီညီလွင်

ဦးဂမ္ဘီရကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ ဦးမင်းလွင်+ဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း(၇)ယောက်ရှိပြီး ဦးဂမ္ဘီရမှာ (၅) ယောက်မြောက်ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်းတွင် စတင်ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊ အတန်းစဉ်ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။ ကလေးစစ်သားဖြစ်ရသေး…..

၁၉၈၈ ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏ စိတ်တွင် မိသားစုများ တကွဲတပြားစီဖြစ်ရခြင်း၊ စီးပွားရေး ကျဆင်းမှုများကို ခံစားရခြင်းနှင့်အတူ နိုင်ငံရေးစိတ်များလည်း အမြစ်တွယ်ခဲ့ဟန်ရှိပါသည်။ ကျောင်းများ (၂) နှစ်ခန့် ပိတ်လိုက်ခြင်းကြောင့်လည်းကောင်း၊ အုပ်ထိန်းသူ မိဘများ၏ အုပ်ချုပ်မှုကင်းလွတ် သွားခြင်းကြောင့် လည်းကောင်း၊ အသက် ငယ်ငယ်နှင့် ပေခဲ့၊ တေခဲ့သေးသည်။ မိသားစု အုပ်ချုပ်မှု ပုံစံအရ ဖခင်မှာ စစ်မှုထမ်းဟောင်း တဦးဖြစ်ခြင်းကြောင့် စည်းကမ်းတင်းကျပ်ကာ စစ်တပ်ပုံစံ အုပ်ချုပ်ခဲ့သည်။ လူငယ်ဘ၀တွင် ကြောက်ရွံ့ရသောပုံစံနှင့် ရှင်သန်ရလျှင် ထွက်ပေါက် ရှာကြစမြဲဖြစ်သည် နှင့်အညီ မိဘ၏ တင်းကျပ်မှုအောက်တွင် အသက်ငယ်ငယ်နှင့် ပေတေ လေလွင့်ခဲ့သည်။ ထိုအခါ မိဘများက ပို၍တင်းကျပ်၊ တဖန် လူငယ်က ထွက်ပေါက်ရှာ မှားသည့်အခါ နောက်ဆုံး ငရဲတွင်းရောက်ခဲ့ရသည်။ ဤသို့ဖြင့် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားဘ၀တွင် ကလေး စစ်သားဖြစ်ခဲ့ရသည်။အိမ်မှ ရုတ်တရက် ပျောက်သွားသော သားဖြစ်သူ၏ သတင်းကို မိဘများက အပူတပြင်း လိုက်လံ စုံစမ်းခဲ့သည်။ ရန်ကုန်ရှိ စစ်ဌာနတစ်ခုတွင်ဟု စုံစမ်းသိရှိရသောအခါ လိုက်လံကယ်ထုတ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက ပေါက်မြို့သို့ လာရောက်စုံစမ်းခဲ့သည်။

သာသာနာ့ဘောင်ရောက်ပြီ…..

သားဖြစ်သူကို တွေ့သွားလျှင် အဖမ်းခံရမည်၊ အသက်မပြည့်ဘဲ စစ်မှုထမ်းရမည်၊ ထောင်ဒဏ်ကျခံရမည်စိုး သောကြောင့် ပေါက်မြို့လေသာတောင်ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈာယ်ပြုကာ သာမဏေအဖြစ် စတင် ၀င်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်ရှိ အင်းစိန်ရွာမကျောင်းတိုက်သို့ ပို့ဆောင်ပေးခဲ့သည်။ သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ ပရိယတ္တိစာပေးများသင်ကြားခဲ့သည်။ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ အစိုးရစာမေးပွဲများနှင့် နိကာယ်လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည်။သီတင်းသုံး နေထိုင်ခဲ့သော ကျောင်းများမှာ အင်းစိန်ရွာမ၊ ထောက်ကြံ့တောရ၊ သဒ္ဓမ္မ၀ံသ အလုံကျောင်းတိုက်၊ ပခုက္ကူအရှေ့တိုက်၊ အလယ်တိုက်၊ မန္တလေးမစိုးရိမ်ကျောင်းတိုက်တို့ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် လှည်းကူးမြို့မှ ရဟန်းဒါယိကာ ဦးသိန်းဦးတို့ဇနီးမောင်နှံနှင့်အတူ၊ မိသားစုတို့က ရဟန်းခံပေးခဲ့ပါသည်။ စာဝါလိုက်နေစဉ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူတွင် ၅ နှစ်ကြာမျှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သာသနာပြုခဲ့ပါသည်။

ရည်မှန်းချက်မှာ------

ထောက်ကြံ့တောရ၌ နေစဉ်အတွင်း ကျောင်းထိုင်ဘုန်းကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။ စာချဘုန်းကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ရခိုင်ပြည်နယ် ဘုန်းကြီးကျောင်း တကျောင်းမှလည်း ကျောင်းထိုင်ဘုန်းကြီးအဖြစ် ပင့်ဖိတ်ခြင်းခံရသည်။ သို့သော် ဓမ္မာစရိယတန်းပြီးလျှင် သာသနာပြုတက္ကသိုလ်တက်ရန် ရည်ရွယ်ချက်ရှိခဲ့သောကြောင့် ကျောင်းမထိုင်ခဲ့ပေ။ သာသနာ ပြုတက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားပြီး နိုင်ငံတကာသာသနာပြု ဓမ္မကထိကအဖြစ် ရှင်သန်သွားရန် ရည်ရွယ်ထားသည်။

ပင်ကိုယ်စိတ်နေစိတ်ရင်း…..

မိမိ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုးပြီး လွတ်လပ်မှုကိုခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်မှုများကို စက်ဆုပ်သူဖြစ်သည်။ စာပေကိုမြတ်နိုးသော အရှင်ဂမ္ဘီရသည် ဘာသာရေးဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်စာနှင့်ဆိုင်သောစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့် ဆိုင်သောစာအုပ်များကို အမြဲဝယ်ယူဖတ်ရှု စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းခဲ့သည်။ သူနေထိုင်ရာ ပေါက်မြို့တွင် စာကြည့်တိုက်တခုကို ထူထောင်၍ စာအုပ်များလှူဒါန်းခဲ့သည်။ ဇီဝိတဒါန သွေးလှူခြင်းအမှုကိုလည်း နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည်။ အချိန်ရလျှင်လည်း အင်္ဂလိပ်စာနှင့် ကွန်ပြူတာပညာတို့ကို လေ့လာလိုက်စား ခဲ့သည်။ နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာလိုက်စားခဲ့သည်။ ဘာသာရေးဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့လည်းရေးသားခဲ့ သည်။

လမ်းကြောင်းပြောင်းပြီ

ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ် ၂၀၀၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ ဘာသာ ရေးနိမ့်ကျနေမှုများကို အထူးသိမြင်ကာ လျစ်လျူမရှုရက်တော့ဘဲ သံဃာထုအတွင်း စည်းရုံးမှုများကို စတင်ခဲ့သည်။ ဒီပဲယင်း အရေးအခင်းကာလက နှစ်ကြီးထောင်ကျ အကျဉ်းသားများကို သင်္ကန်းစည်းပေးကာ ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားများအား အာဏာပိုင်များက အသတ်ခိုင်းမှုအပေါ် အထူးစိတ်နာခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များ၏ ဘာသာတရားကင်းမဲ့မှု၊ သာသနာတော်ကြီးအား အသရေ ညှိုးနွမ်းအောင်ပြုလုပ်မှု၊ ဘုန်းကြီး အယောင်ဆောင်ကာ ဗုဒ္ဓဘာသာကိုနာမည်ဖျက်မှု၊ န.အ.ဖ စစ်အုပ်စု၏ အာဏာတည်မြဲရေး တခုတည်းကိုသာပြုလုပ်နေမှုတို့ကြောင့် မိမိ၏ ရည်မှန်းချက်များ စတေးပြီးံ စာဝါမလိုက်နိုင်တော့ဘဲ ဤစက်တင်ဘာအရေးအခင်းကို ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ ရပါတော့သည်။

ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု…..

သူ၏ မအိပ်မနေလှုပ်ရှားမှုများကတော့ အံ့မခန်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း တနိုင်ငံလုံးရှိ သံဃာတော် အရှင်သူမြတ်အားလုံးနှင့် ပေါင်းစည်းလက်တွဲနိုင်ခဲ့သည်။ ထို့ကြောင့်ပင်၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးတော်ပုံကြီး အောင်မြင်စွာပေါ်ပေါက်လာခဲ့ရသည်။သို့သော် အာဏာရှင်ဗိုလ်ချုပ်ကြီးများအနေဖြင့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်သူများ၊ ကျောင်းသား လူငယ်များအပေါ် ဤကဲ့သို့ ရက်ရက်စက်စက် ချေမှုန်းသတ်ဖြတ်ပစ်လိမ့်မည်ကိုတော့ သူလုံးဝမျှော်လင့်မထားမိခဲ့။ ဤမျှ ရိုင်းစိုင်း ယုတ်မာလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့်လည်း လမ်းပေါ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက နောက်ပိုင်းတွင် ဖွင့်ဟမြွက်ကြားခဲ့သည်။ ဤအဖြစ်ဆိုးကြီးကို ပြန်လည်းစဉ်းစားမိတိုင်း စိတ်ဖိစီးမှုများ ခံစားရကာ ကျန်းမာရေးထိခိုက်လာခဲ့သည်။ သို့သော်လည်း ကျန်းမာရေး ချို့ငဲ့နေသည့်အကြားကပင် ရှောင်တိမ်းပုန်းအောင်းရင်းနှင့် အရေးတော်ပုံ အရှိန်အဟုန်ကျမသွားရေး ဆက်လက်ထိန်းသိမ်း သယ်ပိုးနေခဲ့ရသည်။ မိတ်ဆွေ အသိုင်းအ၀ိုင်းများမှ သူ၏ လွတ်မြောက်ရေးအတွက် ပြည်ပသို့ ထွက်ခွာသွားရန် တိုက်တွန်းပြောဆိုခဲ့သော် လည်း "တိုက်ပွဲ မအောင်မြင်မချင်း ပြည်ပသို့ ထွက်ခွာမသွားကြေး" ဆိုသည့် တိုက်ပွဲဝင်ရဲဘော်များအကြား ထားရှိခဲ့သည့် ကတိသစ္စာကို သစ္စာရှိရှိ ခိုင်ကျည်စွာ စောင့်ထိန်းခဲ့ သည်။

အဖမ်းခံရ…..

ယခုအချိန်တွင်မူ အာဏာပိုင်များ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုအောက်၌ အဖမ်းခံလိုက်ရပေပြီ။ နိုဝင်ဘာ ၄ ရက်နေ့၌ ၎င်း ပုန်းအောင်နေထိုင်သည့် စဥ့်ကိုင်နယ်ထဲတွင် အဖမ်းခံလိုက်ရပြီး၊ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်၊ အဆောင် (၂)၊ အခန်း (၂၃) ၌ တဦးတည်း အထီးကျန်စံပယ်နေရသည်။ ထောင်ကျနေသော်လည်း ဒီဇင်ဘာ ၅ ရက်နေ့တွင် မိသားစုအနေဖြင့် ပထမအကြိမ် ထောင်ဝင်စာ တွေ့ဆုံခွင့်ရခဲ့သည်။ မိဘများ၏ စီးပွားရေးအခြေအနေ ယိမ်းယိုင်နေခြင်းနှင့်အတူ ခရီးလည်း ဝေးကွာသည့်အတွက် ထောင်ဝင်စာ ပုံမှန်တွေ့ဆုံနိုင်ရန် အတွက်ပင် ရုန်းကန်နေကြရသည်။ ဦးဂမ္ဘီရသည် ထောင်တွင်းအထီးကျန်မှုကို တရားတော်များမှတ်၍ ပယ်ဖျောက်ရင်း ပြင်ပတွင် ကျန်နေရစ်သည့် ရဟန်း ရှင် လူ ပြည်သူများ၏ နောက်ထပ်တကြိမ် တိုက်ပွဲခေါ်သံကို နားစွင့်နေမည်မှာ မလွဲဧကန်ပင်။
ဦးဂမ္ဘီရ ပြောနေကြစကား-----

“ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ် ဥစ္စာ တွယ်တာစရာတွေ ဘာမှရှိတာမဟုတ် ဘူး၊ ကျုပ်တို့လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊ လူတွေအတွက်ဗျ၊ သာသနာပြုနိုင်ဖို့ဆိုတာကလည်း လူတွေရဲ့ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှ မရှိတဲ့ ကျုပ်တို့က လူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့ သေမှာ နှစ်မျိုးပဲရှိတယ်“


အပြည့်အစုံသို့...

Good for nothing!


အပြည့်အစုံသို့...

Monday, July 28, 2008

ထိုင်းနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဘုရှ် က မြန်မာအတိုက်အခံများနှင့် တွေ့ဖွယ်ရှိ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 16:32 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် (George W. Bush) သည် သြဂုတ်လအတွင်း သွားရောက်မည့် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း တက်ကြွလှုပ်ရှားသူ မြန်မာများနှင့် တွေ့ဆုံဖွယ် ရှိသည်ဟု ဘန်ကောက်ရှိ သတင်းရပ်ကွက်များက ဆိုသည်။

ထိုင်းနိုင်ငံသို့ သူ၏ ၂ ရက်ကြာခရီးစဉ်အတွင်း မြန်မာအနည်းငယ်နှင့် နိုင်ငံရေး အကဲခတ်အချို့ကို နေ့လယ်စာ စားရင်း တွေ့ဆုံဖွယ် ရှိသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ သတင်းရပ်ကွက်က ပြောကြားခြင်း ဖြစ်သည်။

ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံအကြား ၂ နိုင်ငံအကျိုးတူ ဆက်ဆံရေးကို ထူထောင်ခဲ့သည့် ၁၇၅ နှစ်မြောက် အထိန်းအမှတ်အဖြစ် အမေရိကန်သမ္မတနှင့် ဇနီးဖြစ်သူ လော်ရာဘုရှ်သည် ထိုင်းနိုင်ငံသို့ သြဂုတ်လ ၆ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်သည်။ ဤခရီးစဉ်သည် သူ၏ သမ္မတ သက်တမ်းအတွင်း အာရှဒေသသို့ နောက်ဆုံးခရီးစဉ် ဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာကြီးက ရေးသား ဖေါ်ပြထားသည်။

သူ၏ ခရီးစဉ်အတွင်း သမ္မတဘုရှ်သည် ဘန်ကောက်မြို့တွင် မိန့်ခွန်းတရပ်ကိုလည်း ပြောကြားလိမ့်မည်။

“သမ္မတဘုရှ်သည် အာရှဒေသနှင့် စပ်လျဉ်း၍ မိန့်ခွန်းတရပ်ကို ဘန်ကောက်မြို့တွင် ရောက်ရှိနေစဉ် ပြောကြားလိမ့်မည်” ဟု ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သာရစ်ဂျာရွန်ဗတ် (Tharit Jarungvat) ကို ကိုးကားပြီး သတင်းစာကြီးက ရေးသား ဖေါ်ပြထားသည်။ “အာရှရေးရာနှင့် စပ်လျဉ်း၍ ဤမိန့်ခွန်းမှာ နောက်ဆုံး မိန့်ခွန်းဖြစ်မည်ဖြစ်၍ အရေးပါပါသည်” ဟု ဆက်လက် ပြောဆိုသွားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆမတ် (Samak) အပါအဝင် ထိုင်းနိုင်ငံ တာဝန်ရှိသူ အရာရှိကြီးများနှင့် တွေ့ဆုံရာတွင် သမ္မတဘုရှ်သည် မြန်မာ့အရေး ကိစ္စများကိုလည်း ထည့်သွင်း ပြောကြားလိမ့်မည်ဟု မျှော်လင့်ရပါသည်။

သူ၏ သမ္မတသက်တမ်းအတွင်း သမ္မတဘုရှ်သည် မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တင်းကျပ်သည့် စီးပွါးရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုများကို ပြုလုပ်ခဲ့သည်။ မြန်မာ့အရေးကိစ္စကို ကုလလုံခြုံရေး ကောင်စီသို့ ရောက်အောင် တင်သွင်း ဆွေးနွေး၍ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

သူ၏ ကြိုးပန်းမှုကို ဗြိတိန်နှင့် ပြင်သစ်နိုင်ငံက ထောက်ခံခဲ့ကြသော်လည်း လုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိဘဲ ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက်ဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာပိုင် နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှတို့က ကန့်ကွက် ပယ်ချခဲ့ကြသည်။

ထိုင်းနိုင်ငံ ခရီးစဉ်အပြီးတွင် သမ္မတ ဂျော့ဘုရှ်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဆက်လက် ထွက်ခွါသွားလိမ့်မည်။

အပြည့်အစုံသို့...

အပြည့်အစုံသို့...

ဒဂုံ တက္ကသိုလ် ကျောင်းသားများ ရဲ့ လှုပ်ရှားမှု

ဒဂုံတက္ကသိုလ် မှ သို့ ပါမောက္ခချုပ်ဒဂုံတက္ကသို့  (http://www.laminkhin.blogspot.com/) မှ ကူးယူဖေါ်ပြပါတယ်။
်ရက်စွဲ။ ။ 28-7-2008အကြောင်းအရာ။ ။
ကျောင်းဝင်းအတွင်း မလိုလားအပ်သော စည်းကမ်းများအား အတင်းအကျပ်လိုက်နာခိုင်းနေခြင်းများအား တားဆီးပါယ်ဖျက်ပေးပါရန်တင်ပြခြင်း။


အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ကျောင်းဝင်းအတွင်းကျောင်းသားကဒ်မချိတ်ပါက ” နောက်နောင် ကျောင်းသားကဒ်ချိတ်ပါမည်၊ ပါမောက္ခမှခေါ်ယုဆုံး မပြီးဖြစ်ပါ သည် ဟု ကိုယ်တိုင်ရေးသား ခံ ၀န် လက်မှတ်ရေးထိုးခိုင်းခြင်း၊ အကယ်၍့ ကျောင်းသားကဒ် မချိတ်ဆွဲပါက အဆောင်ထဲသို့  ပေးမ၀င် ခြင်း။၎င်းအပြင် ကျောင်းအတွင်း အနက်ရောင်ပါသော အ၀တ်အစား မ၀တ်ရဟု စည်းကမ်း ထုတ်ခြင်း အကယ်လို့ ဝတ်ဆင်မိပါက ကျောင်းအတွင်းသို့ ပေးဝင်သော်လည်း အဆောင်အ တွင်း ပေးမ၀င်ပဲ စာသင်ယူခွင့် ကိုပိတ်ပင်တားဖြစ်နေခြင်း။စသည့် စည်းကမ်းချက်များသည် ကျတော်တို့  တက္ကသိုလ်ကျောင်းသားများအတွက်မလိုလားအပ်သော စည်းကမ်းချက်များဖြစ်သည် ဟု ကျတော်တို့အနေဖြင့် သုံးသပ်မိပါ သည်။ သရုပ်ပျက်အ၀တ်အစားများဝတ်ဆင်ခြင်းမပြုရဆိုသည့် စည်းကမ်းကို ကျောင်းသားအများစုမှ လက်ခံနိုင်ဘွယ်ရာရှိသော်လည်း မြန်မာ့ ရိုးရာ ၀တ်စုံဖြစ်သော ယောလုံချည်၊ ယော ထမီ တို့ ကို အနက်ရောင် ပါသည့် အတွက် ၀တ်ဆင်ခြင်းမပြု ဟုဆိုသော အချက်မှာ လည်း လက်ခံနိုင်စရာ မရှိပါ။ သို့ အပြင် အဆိုပါစည်းကမ်းချက်များသည် အေးချမ်းစွာ ပညာ သင် ကြား လိုသော ကျောင်းသားများ အား မကျေမနပ်ဖြစ်စေခြင်းမှ တဖန် ဆရာနှင့် တပည့် များ အကြား မလိုလား အပ်သော တင်းမာမှုများဖြစ်ပေါ်လာနိုင်သည်ဟု ထင်မြင်မိပါသည်။သို့ အတွက် တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အဆိုပါစည်းကမ်းချက်များ မှာ မလိုလားအပ်သော စည်းကမ်းများဖြစ်နေပြီးကျောင်းသားများ အတွက် လွတ်လပ်စွာ ၀တ်စား ဆင်ယင်ပိုင်ခွင့်ကို ထိပါးနေခြင်းနှင့် ကျောင်းအတွင်းကျောင်းသားကဒ် မချိတ်ပါက အဆောင်တွင်းဝင်ပြီး ပညာသင်ယူခွင့် ပိတ်ပင်ခံရမည် ဆိုသည့်စည်းကမ်းသည်လည်း တက္ကသိုလ်အဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသားများ အတွက် ကျောင်းဝင်းအတွင်းလွတ်လပ်စွာ ပညာသင်ယူပိုင် ခွင့် နှင့် လွတ်လပ်စွာ သွားလာပိုင်ခွင့်ကို ထိခိုက်နေပါသဖြင့် ထိုသို့ အတင်းအကျပ် ပြုလုပ်ပြီး မလိုက်နာမနေရ စည်းကမ်းများ ချမှတ်နေခြင်းကို လာမည့်ကျောင်းသီတင်းပါတ်အတွင်း အမြန်ဆုံး တားဆီးပါယ်ဖျက်ပေး ပါရန်တောင်းဆိုအပ်ပါသည်။ ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ

အပြည့်အစုံသို့...

ရခိုင်ပြည်နယ်က ရှေးဟောင်းအမွေအနှစ် စင်ကာပူဘုန်းကြီး လက်ဝယ်ရောက်ရှိ





စင်ကာပူနိုင်ငံ ဗုဒ္ဒအံတော်သိမ်ကျောင်း ၀က်ဆိုက်တစ်ခုဖြစ်တဲ့ http://www.btrts.org.sg/Eng_Content/About_BTRTS/About_Origin.html ရဲ့ ဖော်ပြချက်အရ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦးမြို့က အများသူငါက မြတ်စွာဘုရားရဲ့ အံတော်ဓာတ် တစ်ဆူလို့ အစဉ်အလာ လက်ခံထားကြတဲ့ အံတော်ဓာတ် တစ်ဆူဟာ ယခု စင်ကာပူနိုင်ငံက ဘုန်းကြီး ရှီဖာကြောင် (Shi Fazhau) ရဲ့ လက်ထဲကို ရောက်ရှိလို့ နေပြီဖြစ်ပါတယ်။ ဘုန်းကြီး ရှီရဲ့ ၀က်ဆိုက်အရတော့ မြောက်ဦးမြို့က ဘုန်းတော်ကြီး ဦးစက္ကပါလက သူ့ကို လက်ဆောင်ပေးလိုက်တာပါတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက သမိုင်းဝင် အမွေအနှစ်တစ်ခု ကို ယခုလို လက်ဝယ်ထားတာဟာ ဘုန်းတော်ကြီး ရှီအတွက် ၀ိနည်းသိက္ခာနဲ့ ညီတဲ့ လုပ်ရပ်တစ်ခု တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို နှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ပစ္စည်းတစ်ခုခုကို မြန်မာပြည်ကနေ ပြည်ပနိုင်ငံတစ်ခုသို့ တရားမ၀င် ယူဆောင်သွားခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေလို့ပါပဲ။

ဘုန်းကြီး ရှီဖာကြောင်က လက်ဆောင်ရရှိတယ်လို့ သူ့ဝက်ဆိုက်မှာတော့ ဆိုထားလေရဲ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဟာ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းမဟုတ်ဘဲ ပြည်သူလုထု အားလုံးပိုင်ဆိုင်တဲ့ သမိုင်းအမွေ ဖြစ်တယ်ဆိုတာ ဘုန်းကြီး ရှီ သိဖို့ ကောင်းပါတယ်။ ဗုဒ္ဒဘာသာဝင်တွေ အထွတ်အမြတ်ထားရာ အံတော်ဓာတ်ဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းကြီး တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဒဘာသာဝင် မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်တာပါ။ ဒါကြောင့် မြောက်ဦးက ဘုန်းကြီးအနေနဲ့ မိမိတို့ရဲ့ အမွေအနှစ်ကို ပြည်ပဘုန်းကြီးတစ်ပါးကို လက်ဆောင် မပေးနိုင်သလို ဘုန်းကြီး ရှီအနေနဲ့လဲ လက်ဝယ်ပိုင်ဆိုင်ဖို့ မသင့်လျော်ပါဘူး။ မြန်မာပြည် ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို မြန်မာပြည်ကခိုးထုတ်သွားတာဟာ အပြစ်ရှိတဲ့ လုပ်ရပ်တစ်ခုလဲ ဖြစ်ပါတယ်။

စစ်တွေနဲ့ မြောက်ဦးက ရရှိခဲ့တဲ့ သတင်းများအရကတော့ စောစောက ပြောခဲ့တဲ့ အံတော်ဓာတ်ကို မြောက်ဦးဘုန်းကြီးဆီကနေ စင်ကာပူဘုန်းကြီး ရှီဖာကြောင် ၀ယ်ယူသွားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင် မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြောက်ဦးမြို့မှာ အများက အံတော်လို့ လက်ခံထားကြတဲ့ အံတော်ဓာတ် နှစ်ဆူရှိပါတယ်။ တစ်ခုက ၁၆ ရာစု ဘုရင်မင်းဗာကြီး တည်ထားခဲ့တဲ့ အံတော်သိမ်မှာ ကိန်းဝပ်တဲ့ အံတော်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ပုဂံတောင်က အံတော်ဖြစ်ပါတယ်။ အံတော်နှစ်ခုစလုံးဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းတော်ကြီးကျောင်းထိုင်ရာ ဘုန်းကြီးကျောင်းမှာ ကိန်းဝပ်ခဲ့ပါတယ်။

အဲဒီ အံတော်နှစ်ဆူစလုံးကို ၂၀၀၂ ခုနှစ်တုန်းက ရှီဖာကြောင်က ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပုဂံတောင်က အံတော်ကို ယူဆောင်သွားစဉ်က ဘယ်သူမှ မရိပ်မိလိုက်ကြပေမဲ့၊ ဒုတိအကြိမ် ဘုန်းကြီးရှီရဲ့ တပည့်များ အံတော်သိမ်က အံတော်ကို သယ်ယူရာမှာတော့ စစ်တွေလေဆိပ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းမိလိုက်ပါတယ်။

ဒါပေမဲ့ ရှီဖာကြောင်ဟာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အနီးကပ်ရင်းနှီးတာကြောင့် ဘာအရေးယူခြင်းမှ မခံခဲ့ရပါဘူး။ မြောက်ဦးက ဘုန်းကြီးလဲ အဲဒီနှစ်အကုန်မှာ ပျံလွန်ခဲ့ပါတယ်။ ဘုန်းကြီးပျံတော့ သူ့ရဲ့သေတ္တာထဲမှာ သိန်းပေါင်းများစွာသော ငွေတွေကို တွေ့ရပါတယ်တဲ့။ ရှီဖာကြောင် ၀ယ်ယူသွားခဲ့တဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ဆိုပါတယ်။

မြတ်စွာဘုရားရဲ့ အံတော်ဓာတ်လို့ပြောနေကြတဲ့ အဲဒီ အံသွား စင်ကာပူကိုရောက်ရှိသွားပြီး၊ ၀က်ဆိုက်မှာ ကြေညာလိုက်စဉ်မှာ တော့ သွားဖက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခတွေကြားမှာ လေ့လာသုံးသပ်စရာ တစ်ခု ဖြစ်သွားခဲ့ပါတယ်။ Dr Pamela Craig, (University of Melbourne/ School of Dental Science, Australia) နဲ့ Professor David Whittaker (Cardiff University, Britain) တို့ကတော့ အခု အံသွားဟာ လူတစ်ယောက်ရဲ့ အံသွား မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ အဲဒီ သုံးသပ်ချက်က ၂၀၀၇ ခု ဇူလိုင် ၁၅ ရက်နေ့ထုတ် The Nation သတင်းစာမှာ ပါရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကလဲ မြတ်စွာဘုရားရဲ့ အံတော်အစစ်ဆိုတာနဲ့ ပတ်သက်လို့ သံသယရှိကြောင်း wao-mail group မှာ ဖော်ပြခဲ့ပါတယ်။


အခုတင်ပြနေတာက ဗုဒ္ဒရဲ့စစ်မှန်တဲ့ အံတော် ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ပြောနေတာ မဟုတ်ပါဘူး။ ဒီပစ္စည်းဟာ ရှေးဟောင်း အမွေအနှစ်ပစ္စည်း ဖြစ်ပါတယ် ဆိုတာကို တင်ပြနေတာပါ။
အခု စင်ကာပူကို ရောက်နေတဲ့ အံတော်ဓာတ်မူလကိန်းဝပ်ခဲ့ရာ ပုဂံတောင်စေတီဟာ မြောက်ဦးခေတ် (၁၄၃၀-၁၇၈၄ အေဒီ) အတွင်း တည်ထားခဲ့တာဖြစ်လို့ ဒီအံတော်ဓာတ်ရဲ့ ကိုးကွယ်မှု သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း နှစ်ရာ ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှေးဟောင်း ပစ္စည်းအက်ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိတဲ့ မည်သည့်ပစ္စည်းကို မဆို ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် အခုစင်ကာပူ ၀က်ဆိုက်က တရားဝင်ကြေညာနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က အံတော်ဟာ ရှေးဟောင်းပစ္စည်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။

ဒီတော့ခါ မြန်မာပြည်ရဲ့ သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို စင်ကာပူဘုန်းကြီး ရှီဖာကြောင် တရားမ၀င်ယူဆောင်သွားတဲ့ လုပ်ရပ်တစ်ခုဟာ ဥပဒေနဲ့ မငြိစွန်းနေဘူးလားဗျာ။ ။ ကိုင်း.... စင်ကာပူက ရွှေမြန်မာတွေဘာလုပ်ကြမှာလဲ။ သွားပြီးတော့ပဲ ဖူးကြမလား၊ ဥပဒေကြောင်းအရပဲ ကန့်ကွက်ကြမလား။ ။

မြန်မာနိုင်ငံသားတစ်ဦး

အပြည့်အစုံသို့...

နေပြည်တော်ဝန်ကြီးများကို ရာထူးမှထွက်ပြီး နိုင်ငံရေးလုပ်ခိုင်းမည်

၂၈ ဇူလိုင် ၂၀၀၈



၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ နေပြည်တော် ၀န်ကြီးအချို့ကို တာဝန်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့် ၀န်ကြီးများ ၀န်ကြီးရာထူးမှ နုတ်ထွက်ပြီး အာဏာလက်လွတ်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အထူးသဖြင့် ၀န်ကြီးအဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလို ၀န်ကြီးတွေပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သည့်တိုင် ရာထူးမှထွက်ပြီး ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီခေါင်းဆောင် လုပ်ခိုင်းမှာ စိုးရိမ်နေသည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

သို့သော် အသက်ကြီးသည့် လက်ရှိဝန်ကြီးတွေကို သက်ဆိုင်ရာဇာတိမြေ တိုင်းအလိုက် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ တာဝန်ပေးခြင်းဖြင့် ၀န်ကြီးရာထူး နေရာသစ်များ ပေါ်လာနိုင်သည်- ထို့ပြင် နောက်တက် ဗိုလ်ချုပ်များကို ၀န်ကြီးရာထူး ပေးနိုင်ခြင်း၊ အသက်ကြီး
ဝန်ကြီးတွေကို အချိုသတ်ပြီး ရုံခါနိုင်ခြင်းတို့ကြောင့် နေပြည်တော် ၀န်ကြီးများ ရာထူးလက် လွတ်ပြီး နိုင်ငံရေးလုပ်ရမှာ ထိတ်လန့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ဘို့ တာဝန်ပေးရာတွင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းကို မန္တလေးတိုင်း နိုင်ငံရေးပါတီ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို ကွမ်းခြံကုန်းစသဖြင့်
ဝန်ကြီးများ ဇာတိမြေအလိုက် ကြံ့ဖွံအသွင်ပြောင်း နိုင်ငံရေးပါတီများကို ခေါင်းဆောင်ခိုင်းမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆိုလျှင် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများ၌ ဆန္ဒပြသူ များအား ရိုက်နှက်ခိုင်းခဲ့သည့် စွမ်းအားရှင်များကိုလည်း နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် မယုံသဖြင့် ပင်စင်သွားသည့် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများကို နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။

ဝန်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေး လုပ်ရမည်ဆိုလျှင် အာဏာမရှိတော့ဘဲ လူထု အရိုက်ခံရမှာကို စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း စိုးရိမ်နေသည်ဟု စက်မှု (၁) အရာရှိများက ပြောသည်။ ။

အပြည့်အစုံသို့...

Friday, July 4, 2008


“ဟေ့ … သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူကမိရင် ‘လက်’ အားရင် လက်နဲ့ထိုး၊ ‘ခြေ’ အားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ‘ပါးစပ်’ အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့။” (ဗိုလ်ချုပ်အောင်ဆန်း - ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား)

အပြည့်အစုံသို့...

ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း။




ညောင်လေးပင်တောရတိုက်၊ နာယကဆရာတော် ဦးအရိယမထေရ် (အဂ္ဂမဟာပဏ္ဍိတ) ပြုစုတော်မူသော "၀ိနည်းစူဠ၀ါအရသာ" စာအုပ်တွင် ဖော်ပြပါရှိသော သပိတ်မှောက်ကံ (စာမျက်နှာ ၁၇၄ မှ ၁၇၈ အထိ) ကို ကူးယူဖော်ပြပါသည်။


သပိတ်မှောက်ကံ ။ ။ ထိုအခါ ၀ဍ္ဎလိစ္ဆ၀ီသည် မေတ္ထိယဘူမဇက ရဟန်းတို့၏ အဖော် ဖြစ်၏။ မေတ္ထိယဘူမဇက ရဟန်းတို့သည် ၀ဍ္ဎကို ဒါယကာ ငါတို့ကို မလ္လာမင်းသား ရှင်ဒဗ္ဗ ညှင်းဆဲသည်ကို သင် လျစ်လျူရှု၏။ "ယနေ့ ရှင်ဒဗ္ဗ သာသနာမှ ရွေ့လျောအောင် ဘုရားရှင်ထံ ဤသို့ လျှောက်လော" ဟု စေခိုင်း၏။ ၀ဍ္ဎသည် ဘုရားရှင်ထံ ချဉ်းကပ်၍ "မြတ်စွာဘုရား၊ ပရိတ်အိုး မီးလောင်ပါပြီ၊ ရှင်ဒဗ္ဗသည် တပည့်တော်၏ မယားကို ဖျက်ဆီးပါသည်" ဟု လျှောက်၏။ ဘုရားရှင် ခေါ်၍ မေးစစ်လတ်သော် မဟုတ်ရပါဟု လျှောက်ကြား၏။ ချစ်သားတို့ ထိုသို့ဖြစ်လျှင် သံဃာသည် ၀ဍ္ဎလိစ္ဆ၀ီအား သပိတ်ကို မှောက်လော၊ သံဃာနှင့် သုံးဆောင်ခြင်း မရှိသည်ကို ပြုလော။


ချစ်သားတို့ …. အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်ကို မှောက်အပ်၏။ (၁) ရဟန်းတို့အား လာဘ်မရအောင် ပြု၏။ (၂) အကျိုးမဲ့ ဘေးရန်ဖြစ်အောင် ပြု၏။ (၃)နေမြဲကျောင်း မနေရအောင် ပြု၏။ (၄)ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်း၏။ (၅)ရဟန်းချင်း ကွဲပြားအောင် ပြု၏။ (၆)ဘုရားကျေးဇူးမဲ့ ဆို၏။(၇) တရားကျေးဇူးမဲ့ ဆို၏။(၈) သံဃာကျေးဇူးမဲ့ ဆို၏။ (၄) ချစ်သားတို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်ကို မှောက်ခြင်းငှာ ခွင့်ပြု၏။ မှောက်ပုံကား _ ဗျတ္တ ရဟန်းသည် သုဏာတုမေ စသော ဉ တ္တိဒုတိယကံဖြင့် သံဃာကို သိစေအပ်၏။ ၀ါ . ၀ဍ္ဎလိစ္ဆ၀ီသည် ရှင်ဒဗ္ဗကို အရင်းမရှိသော သီလ၀ိပ္ပတ္တိဖြင့် စွပ်စွဲ၏။ သံဃာသည် ၀ဍ္ဎလိစ္ဆ၀ီအား သပိတ်ကို မှောက်ရာ၏။ သံဃာနှင့် သုံးဆောင်ခြင်း မရှိသည်ကို ပြုရာ၏။ ပြပြီ ဟု ဆိုစေအပ်၏။

(ထာ …. အင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးသော အင်္ဂါနှင့် ပြည့်စုံသူအားသော်လည်း သိမ်တွင်း၌ လည်းကောင်း၊ အိမ်ပသို့ သွား၍ မြစ်စသည်တို့၌ လည်းကောင်း မှောက်ခြင်းငှာ အပ်သည်သာတည်း။ ဤသို့ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထု တစ်စုံတစ်ခုကို မခံယူအပ်။ ဤမည်သောသူ၏ အိမ်၌ ဆွမ်းမခံကြပါနှင့် ဟု တစ်ပါးသော ကျောင်းတို့သို့လည်း စေလွှတ်အပ်၏။)

(သာဋီ - ထိုသူလှူသော ပစ္စည်းကို မခံယူခြင်းငှာ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာဖြင့် မှောက်အပ်၏။ အ၀အောက်ထားခြင်းဖြင့် မဟုတ်။ လာဘ်မရအောင် ဟူသည် ပစ္စည်းလေးပါ မရခြင်းငှာ၊ အကျိုးမဲ့ ဟူသည် ဘေးရန်ဖြစ်ခြင်းငှာ မကြီးပွားခြင်းငှာ။ ။ ၀ိဋီ - ကမ္မ၀ါစာဖြင့် သုံးဆောင်ခြင်းမရှိ၊ အစွမ်းဖြင့် မှောက်ခြင်းဖြစ်သည်။ သပိတ်တို့ကို အ၀အောက် ထားခြင်းဖြင့် မဟုတ်။ ထိုကြောင့် သံဃာနှင့် သုံးဆောင်ခြင်း မရှိသည်ကို ပြုလော ဟု မိန့်တော်မူသည်။ ထို ၀ဍ္ဎကို ကမ္မ၀ါစာဖြင့် သံဃာနှင့် သုံးဆောင်ခြင်း မရှိသည်ကို ပြုစေသတည်း ဟူလို။ ပတ္တနိက္ကုဇ္ဇန ဟူသော ဒဏ်အမှုကို ပြုရာ၏။ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ ဥစ္စာကိုသိ၍ ခံယူသူအား ဒုက္ကဋ်။ သုံးဆောင်ခြင်းမရှိသည်ကို ပညတ်ခြင်းကြောင့်လည်းကောင်း၊ ကမ္မ၀ါစာဖြင့် သိစေခြင်းကြောင့်လည်းကောင်း၊ အဋ္ဌကထာ၌ တားမြစ်သောကြောင့် လည်းကောင်း ဒုက္ကဋ် ဟု သိအပ်၏။)

ဝဍ္ဎကန်တော့ခြင်း ။ ။ သပိတ်မှောက်ပြီးသောအခါ ရှင်အာနန္ဒာသည် ၀ဍ္ဎလိစ္ဆ၀ီထံ သွား၍ "ဒါယကာ ၀ဍ္ဎ၊ သံဃာသည် သင်အား သပိတ်မှောက်ပြီ၊ သံဃာနှင့် သုံးဆောင်ခြင်း မရှိပြီ။" ဟု မိန့်ဆို၏။ ၀ဍ္ဎသည် "ငါအား၊ သံဃာ သပိတ်မှောက်ပြီတဲ့" ဟု ထိုနေရာ၌ မိန့်မော၍ လဲကျသွား၏။ ဆွေမျိုးသားချင်းတို့က မစိုးရိမ်လင့်၊ ငါတို့ ကျေနပ်အောင် တောင်းပန်ကြမည် ဟု ဆိုကုန်၏။ ထိုအခါ ၀ဍ္ဎသည် သားမယား၊ ဆွေမျိုးသားချင်းနှင့်တကွ စိုသောအ၀တ် စိုသောဆံဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ ခြေရင်း၌ ၀ပ်စင်း၍ - အစ္စယောမံ ဘန္တေ အစ္စဂမာ ယထာဗာလံ - စသည်ဖြင့် ကန်တော့၏။ ၀ါ မြတ်စွာ ဘုရား၊ မိုက်မဲ တွေဝေ သည့်အလျောက် အရင်းမရှိသော သီလ ၀ိပတ္တိဖြင့် စွပ်စွဲမိပါပြီ။ ထိုအပြစ်ကို နောင်စောင့်ရှောက်ခြင်းငှာ သည်းခံတော်မူပါ ဟု ကန်တော့၏။

ဒါယကာ ၀ဍ္ဎ သင်သည် အပြစ်ကိုမြင်၍ တရားသဖြင့် ကုစား၏ ဘန္တေ မယံ ပဋိဂ္ဂဏှာမ။ တေ-သင်၏ တံ-ထိုအပြစ်ကို၊ မယံ ငါတို့သည်၊ ပဋိဂ္ဂဏှာမ-သည်းခံကုန်၏။ ဒါယကာ ၀ဍ္ဎ၊ အပြစ်ကိုမြင်၍ ဤတရားသဖြင့် ကုစားခြင်းသည် ကြီးပွားကြောင်း ဖြစ်၏။ နောင်အခါ စောင့်စည်းခြင်းသို့ ရောက်၏ ဟု မိန့်တော်မူ၏။

(သာဋီ - ငါသည် မသင့်သည်ကို ပြုမိပြီ။ ဘုရားရှင်သည်ကား များစွာသော အပြစ်တို့ကို သော်လည်း မကြံစည်မူ၍ ငါ၏အပြစ်ကို သည်းခံတော်မူလတ္တံ့ ဟု နှလုံးပိုက်၍ အစ္စယောမံဘန္တေ စသည်ဖြင့် ကန်တော့သည်။ ဉာယပဋိပတ္တိ - သင့်လျော်သော အကျင့်ကို လွန်၍ ဖြစ်သောသဘောသည် အစ္စယ မည်၏။ အပရာဓ မည်၏။ အပြစ် မည်၏။ မိမိကိုယ်တိုင် လွန်ကျူး၍ ဖြစ်စေအပ်သော အပြစ်သည် မိမိကို လွှမ်းမိုး၍ ဖြစ်လာသည် မည်၏။ အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားသဖြင့် ကုစား၍ နောင်စောင့်စည်းခြင်းသို့ ရောက်ခြင်းသည် ဘုရားရှင် သာသနာ၌ ကြီးပွားကြောင်း ဖြစ်၏။ ဒေသနာကိုကား ပုဂ္ဂလဓိဋ္ဌာန်ပြု၍ ကုစား၏။ နောင်စောင့်စည်းခြင်းသို့ ရောက်၏ ဟု ဟောသည်။ ။ ၀ဍ္ဎ အစ္စဂမာသည် အတိကမ္မပ၀တ္တော လွန်၍ ဖြစ်လာ၏။ ဘန္တေ မယံ ပဋိဂ္ဂဏှာမ သည် တံတေ အပရာဓံ မယံ ခမာမ- သင်၏ အပြစ်ကို ငါတို့ သည်းခံကုန်၏။)

သပိတ်လှန်ခြင်း။ ။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ "ချစ်သားတို့ --- ထိုသို့ ကန်တော့ခြင်းကြောင့် သံဃာသည် ၀ဍ္ဎလိစ္ဆ၀ီအား သပိတ်ကို လှန်လော။ သံဃာနှင့် သုံးဆောင်ခြင်းကို ပြုလော"။ ချစ်သားတို့ --- ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်ကို လှန်အပ်၏။ လာဘ်မရအောင် မပြု။ --- လ --- သံဃာကျေးဇူးမဲ့ မဆို။ ချစ်သားတို့ --- ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်ကို လှန်ခြင်းငှာ ခွင့်ပြု၏။

လှန်ပုံကား ။ ။ ထို ၀ဍ္ဎသည် သံဃာသို့ ချဉ်းကပ်၍ ပခုံးတစ်ဖက် စမ္ပာယ်တင်၍ ရဟန်းတို့၏ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ -- "အရှင်ဘုရားတို့ -- သံဃာတော်သည် အကျွန်ုပ်အား သပိတ်မှောက်ပါသည်။ သံဃာနှင့် မသုံးဆောင်အပ်သူ ဖြစ်ပါသည်။ အရှင်ဘုရားတို့ အကျွန်ုပ်သည် ကောင်းစွာကျင့်ပါသည်။ မာန အမွေးချပါသည်။ လွတ်မြောက်ကြောင်းကို ကျင့်ပါသည်။ သံဃာကို သပိတ်လှန်ခြင်းကို တောင်းပန်ပါသည် ဟု သုံးကြိမ်တောင်းပန်အပ်၏။ ဗျတ္တရဟန်းသည် သံဃာကို ဉ တ္တိဒုတိယကံဖြင့် သိစေအပ်၏။ ၀ါ - သံဃာသည် ၀ဍ္ဎအား သပိတ်မှောက်သည်။ သူသည် ကောင်းစွာကျင့်၍ သံဃာကို သပိတ်လှန်ခြင်းကို တောင်းပန်၏။ သံဃာသည် ၀ဍ္ဎအား သပိတ်ကို လှန်ရာ၏။ သံဃာနှင့် သုံးဆောင်ခြင်းကို ပြုရာ၏။ ပြု၏။ ပြုပြီ" ဟု သိစေအပ်၏။

(ထာ-သပိတ်လှန်သောအခါ သုံးကြိမ်တောင်းပန်စေ၍ ဟတ္ထပါသ်ကိုစွန့်စေ၍ ဉတ္တိဒုတိယ ကံဖြင့် လှန်အပ်၏။)

(၀ိဋီ -လာဘ်မရအောင် မပြု စသည်တို့၌ လာဘ်မရအောင် ပြုခြင်းစသည်မှ ရှောင်ကြဉ်သည် ဟု အဓိပ္ပာယ်ယူအပ်၏။) (မပြုဘဲ နေရုံဖြင့် သပိတ်မလှန်ရ၊ ၀ိရတီကုသိုလ် ဖြစ်မှ ဟူလို။)

(ဆရာမြတ်တို့ကား --- ကိုယ်၊ နှုတ် မစောင့်သော ရဟန်းကို လက်ခေါက်လက်ပြန် လွန်ကျူးသူအား သပိတ်မမှောက်အပ်။ လဇ္ဇီရဟန်းအား လွန်ကျူးလျှင်သာ နောင်ယဉ်ကျေးခြင်း၊ စောင့်စည်းခြင်း။ အကျိုးမြော်ကိုး၍ ကရုဏာထားလျက် ၀ိရတီကုသိုလ် ဖြစ်အောင် မှောက်ရသည်။ ကန်တော့ပြီးလျှင်လည်း မမှောက်ရ။ အသမ္မုခကံရှစ်ပါး၌ ပါဝင်သောကြောင့် ပတ္ထပါသ်စွန့်စေ၍ ကမ္မ၀ါစာ ဖတ်ရသည်။ ။အင်္ဂုတ္ထိရ်၌ လူတို့အား လာဘ်မရအောင် ပြု၏ - စသည်ဖြင့် မလျော်သော အရပ်၌ လှည့်လည်၏။ တည့်၍နေမြဲမနေရအောင် ပြုခြင်း နှုတ်၌ အင်္ဂါရှစ်ပါး တစ်ပါးပါး ရှိသော ရဟန်းကို အပ္ပသာဒကံ ပြုကောင်း၏။ မကြည်ညို၊ မလှူလို၊ ရှိမခိုးလို ဟု ဆိုကောင်း၏။ နေကောင်း၏ ဟု ဟောသည် ဟူ၍ သုတ္တန်နှောကာ မိန့်ဆိုကုန်၏။)


အပြည့်အစုံသို့...

မြန်မာနိုင်ငံအား ငွေချေးမှုနှင့် ပတ်သက်ပြီး တရားသူကြီးများ ခုံသမာဓိဖွဲ့

ထိုင်း သွင်းကုန်ထုတ်ကုန်ဘဏ်မှ မြန်မာနိုင်ငံကို ဘတ် (၄) ဘီလီယံ ချေးသည့်ကိစ္စနှင့် ပတ်သက်ပြီး အမှုတင်သွင်းရေး၊ မတင်သွင်းရေးအတွက် ဆုံးဖြတ်ရန် တရားသူကြီး (၉) ဦးကို ယမန်နေ့က ရွေးချယ်လိုက်ကြောင်း ယနေ့ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။

နိုင်ငံတော်တရားရုံးချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ၀ီရတ် လင်ဝီချိုင်းက တရားသူကြီးများ ခုံသမာဓိအဖွဲ့ ဖွဲ့ရန်အတွက် ယမန်နေ့က တရားသူကြီး (၉) ဦးကို ရွေးချယ်ရန် တရားရုံးချုပ်အစည်းအဝေး
ခေါ်ယူခဲ့သည်။ ခုံသမာဓိအဖွဲ့တွင် ဒု-တရားရုံးချုပ် ဥက္ကဋ္ဌ (၂) ဦး၊ တရားရုံးချုပ် ဌာနခွဲ အကြီး
အကဲ (၅) ဦးနှင့် ၀ါရင့်တရားရုံးချုပ် တရားသူကြီး (၂) ဦးတို့ ပါဝင်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝါထရာအား ကိုယ်ကျိုးရှာမှု၊ အာဏာအလွဲသုံးစားလုပ်မှု တို့နှင့် ပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီမှ တရားစွဲဆိုထားချက်ကို လက်ခံသင့်၊ မခံသင့် ဇူလိုင် (၃၀) ရက်တွင် ထိုခုံသမာဓိအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း အခြေခံဆက်သွယ်ရေး တိုးတက်မှုအတွက် မြန်မာအစိုးရကို သွင်းကုန်ထုတ်ကုန် ဘဏ်မှ ထိုင်းဘတ်ငွေ (၄) ဘီလီယံချေးငှားရန် တပ်ဆင်က ထောက်ခံပေးခဲ့ပြီး နောက်ဆုံးတွင် အမှန်တကယ် အကျိုးအမြတ်ရသွားသူမှာ တပ်ဆင်ပိုင်သည့် တယ်လီကွမ်းလုပ်ငန်းပင် ဖြစ်သွား ကြောင်း ပိုင်ဆိုင်မှုစစ်ဆေးရေးအဖွဲ့က စွဲဆိုထားသည်။

အမျိုးသားဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေးအတွက် မြန်မာအစိုးရသည် ထိုင်းသွင်း ကုန် ထုတ်ကုန်ဘဏ်မှ ထိုငွေကို ချေးယူခဲ့ပြီး လိုအပ်သည့် ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင် မိသားစု အစုရှယ်ယာ အများဆုံးပိုင်သော ရှင်းဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ပိုင်ဆိုင်မှု စစ်ဆေးရေးကော်မတီက ဆိုထားသည်။

၂၀၀၄ ခုတွင် ထိုင်းအစိုးရပိုင် ထုတ်ကုန်သွင်းကုန်ဘဏ်မှ မြန်မာနိုင်ငံသို့ ငွေထုတ်ချေးခဲ့ခြင်းသည် ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ တပ်ဆင်မိသားစုပိုင် ရှင်းဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီအတွက် အကျိုးအမြတ် ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၂၀၀၆ ခု စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် ပိုင်ဆိုင်မှု စစ်ဆေးရေးကော်မတီက ဆုံးဖြတ် ခဲ့သည်။

(၁၂) နှစ်ကြာ ငွေထုတ်ချေးမှုတွင် ထိုင်းနိုင်ငံထွက် ပစ္စည်းများ သုံးသည့် အစိုးရဆောက်လုပ် ရေးနှင့် ကြေးနန်းဆက်သွယ်ရေး စီမံကိန်းများ ပါဝင်ပြီး (၅) နှစ်အထိ နှစ်ပတ်လည်အတိုးနှုန်း (၃) ရာခိုင်နှုန်းနှင့် ပေးဆပ်ရန်လည်း ခွင့်ပြုထားသည်။

ငွေထုတ်ချေးမှုသည် ထိုင်းစစ်အစိုးရ အာဏာသိမ်းချိန်တွင် ဆိုင်းငံ့သွားပြီး ယခု တပ်ဆင်၏ မဟာမိတ်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆန်ဒါရာဝပ်က မြန်မာစစ်အစိုးရအား ချေးရန် ကျန်ရှိသည့်ငွေများကို ဆက်လက်ထုတ်ချေးရန် ပြီးခဲ့သည့် မတ်လအတွင်း၌ ဆုံးဖြတ်ခဲ့သည်။
တပ်ဆင်သည် ချေးငွေကိစ္စကို မြန်မာစစ်ခေါင်းဆောင်များနှင့် တရားမ၀င် ဆွေးနွေးညှိနှိုင်း၍ ငွေချေးရန် ကတိပေးခဲ့ခြင်းဖြစ်ပြီး ချေးငွေပမာဏကိုလည်း တိုးပေးခဲ့ကာ အစိုးရ၏ ထောက်ခံ ချက်မပါဘဲ အတိုးနှုန်းကို လျှော့ချခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့သည်။ ။


အပြည့်အစုံသို့...

ဧရာဝတီတိုင်း ရေလုပ်ငန်း နာလန်မထူနိုင်သေး





ဒေးဒရဲအပိုင် ပင်လယ်ဝ ကျေးရွာတခုမှ လှေပျက်စီးနေသည့် တံငါတဲတခု

နာဂစ်မုန်တိုင်းဒဏ်ခံလိုက်ရသည့် ဧရာဝတီတိုင်း၏ ရေလုပ်ငန်းသည် အချိန်တိုအတွင်း နာလန်ထူ နိုင်ဦးမည်မဟုတ်ဟု နိုင်ငံခြားသို့ ငါး၊ ပုစွန်တင်ပို့နေသည့် အအေးခန်းလုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့နှစ် ဇွန်လကဆို ကျနော်တို့အအေးခန်းစက်ရုံကနေ ဧရာဝတီတိုင်းထွက် တိုင်းဂါး ပုစွန်တွေ ပုံးပေါင်းရာနဲ့ချီ ပို့ခဲ့ရတယ်။ ဒီနှစ် မုန်တိုင်းဒဏ်ခံလိုက်ရလို့ (၂) လရှိလာတဲ့ အခုအချိန် အထိ ပုစွန်တွေ တက်လာတာ လုံးဝမရှိသေးဘူး။ လက်ရှိ ရခိုင်ပြည်နယ်ဘက်က တက်လာတဲ့ ပုစွန်တွေကိုပဲ ပြည်ပတင်နေရတယ်၊ ဧရာဝတီတိုင်းက ရေထွက်ကုန်ဟာ ပြည်ပပို့ ရေထွက်ကုန် စုစုပေါင်းရဲ့ (၈၀) ရာနှုန်းလောက်ရှိတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၏ ရေလုပ်ငန်းမှာ အဓိကအားဖြင့် တပိုင်တနိုင် ငါး၊ ပုစွန်ဖမ်းသူများက အများစု ဖြစ်ကြပြီး ၎င်းတို့ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို နီးစပ်ရာ အ၀ယ်ဒိုင်များသို့ သွားရောက်ရောင်း ချ အသက်မွေးကျောင်းပြုကြသူများဖြစ်သည်။

အဆိုပါ ရေလုပ်သားများနှင့် မိသားစုများသည် ပြီးခဲ့သည့်မေ (၂) ရက်နှင့် (၃) ရက်တွင် တိုက်ခတ် ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကာလအတွင်း နေအိမ်၊ ပစ္စည်းဥစ္စာများသာမက လုပ်ငန်းသုံး ပစ္စည်းကိရိယာများပါ ဆုံးရှုံးသွားခဲ့ကြသောကြောင့် လက်ရှိအချိန်အထိ နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များ၏ လှူဒါန်းမှုများဖြင့်သာ နေထိုင်စားသောက်နေကြခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် ရေလုပ်သား (၁၇,၈၇၆) ဦးသေဆုံးပြီး (၉,၆၁၂) ဦး ပျောက်ဆုံးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ကြေညာထားသည်။ ထို့အပြင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ ကမ်းဝေး
ငါးဖမ်းစက်လှေ၊ ဒေသခံ ကမ်းဝေးငါးဖမ်းစက်လှေ၊ ကမ်းနီးငါးဖမ်းစက်လှေ (စက်တပ်/စက်မဲ့) စုစုပေါင်း (၂,၀၈၈) စီး နစ်မြုပ်ခဲ့ပြီး ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းကိရိယာ ကျပ်သိန်း (၂,၇၆၀) ဖိုး ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ငါး၊ ပုစွန်၊ ကဏာန်းမွေးမြူရေးကန် စုစုပေါင်း (၃၈၇၁၆.၃၉) ဧက ပျက်စီးဆုံးရှုံးခဲ့ပြီ အအေးခန်းစက်ရုံများအနေဖြင့် ရန်ကုန်တိုင်းတွင် စက်ရုံ (၅၀) နှင့် ဧရာဝတီတိုင်းတွင် စက်ရုံ (၅) ရုံ ပျက်စီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အစိုးရ မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်မှ မုန်တိုင်းဒဏ်သင့်သူများကို ငွေချေးပေးမည်ဟုဆိုသော် လည်း အများစုသည် စက်လှေနစ်မြုပ်သည့် ကုမ္ပဏီကြီးများသာ ရရှိကြောင်း အဆိုပါ အအေးခန်း လုပ်ငန်းပိုင်ရှင်က ပြောသည်။

တနိုင်တပိုင် ငါးပုစွန်ဖမ်းနေသည့် အသေးစား ရေလုပ်သားမိသားစုအတွက် အခြေခံ လိုအပ်ချက် များဖြစ်သည့် လှေ၊ အင်ဂျင်၊ ငါးဖမ်းပိုက်များကို အစိုးရက အကြွေးစနစ်ဖြင့် ရောင်းချပေးမည် ဆိုသော်လည်း ယခုတိုင် တစီးတလေမှ ၎င်းတို့လက်ဝယ်ရောက်ရှိခြင်း မရှိသေးကြောင်း ဧရာဝတီ တိုင်းမှ ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူ အများစုက ပြောသည်။

အစိုးရပိုင် သတင်းစာများတွင်မူ မုန်တိုင်းဒဏ်ခံရသည့် ရေလုပ်သားများအတွက် စက်မပါသည့် ငါးဖမ်းလှေတစီး ကျပ် (၂) သိန်း၊ စက်အပါ ကျပ် (၄) သိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာ ထားသည်။ ။


အပြည့်အစုံသို့...

Thursday, July 3, 2008

ဒီကေဘီအေနှင့်နအဖ ပူးပေါင်းတပ်များ ကေအန်ယူနယ်မြေမှ ပြန်လည်ဆုတ်ခွာ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) တည်ရှိရာ ဝေါ်လေခီး
ဒေသအား တနင်္လာနေ့ နံနက် (၄) နာရီက ဒီကေဘီအေနှင့် နအဖ ပူးပေါင်းအဖွဲ့မှ နယ်မြေသိမ်း ပိုက်နိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ည (၉) နာရီခန့်က ပြန်လည်ဆုတ်ခွာသွားသည်။


ဒီကေဘီအေ တပ်ရင်း (၉၀၇) မှ တပ်ဖွဲ့ဝင် (၃၀) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) မှ တပ်ဖွဲ့ဝင် (၈၀) တို့က ဝေါ်လေခီးဒေသအား လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း နအဖစစ်သည် (၂) ဦးနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးသည်။ ကေအန်ယူဘက်မှ
(၁) ဦးကျဆုံးကာ (၂) ဦး လက်ရဖမ်းဆီးခံရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက ပြောသည်။

၎င်းက “မနေ့ည (၉) နာရီမှာ သူတို့ ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ကိုယ့်နယ်မြေကို ပြန်ထိန်း ချုပ်လို့ရသွားပြီ။ အခု နေရာရှင်းလင်းနေတယ်။ နအဖစစ်သားအလောင်း (၂) လောင်းနဲ့ ဒီကေ ဘီအေ (၁) လောင်း ကျန်ခဲ့တယ်။ သူတို့ဆုတ်သွားပေမယ့် မိုင်းတွေ အများကြီးထောင်သွားတယ်။ အဲဒါတွေကို လိုက်ရှင်းလင်းနေတုန်းပဲ။ အဖမ်းခံရတဲ့ ရဲဘော် (၂) ယောက်ကိုလည်း ရန်သူ့လက် ကနေ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၇) အဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ တပ်ရင်းတာဝန်ရှိသူတဦးက ယခု ဖြစ်ပွားသည့်တိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အခြေအနေ
ကို ပြောကြားရန် ငြင်းဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။


အပြည့်အစုံသို့...

မွန်ဂိုလီးယားတွင် အရေးပေါ်အခြေအနေကြေညာ

မွန်ဂိုလီးယားနိုင်ငံ၌ မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအတွင်း လိမ်ညာမှုများ ရှိသည်ဟု ပြောဆိုစွပ်စွဲကာ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့်ကြားမှ သမ္မတ နမ်ဘာရီး အန်ခါဘာယားက နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ယနေ့ထုတ်ပြန်ကြေညာ လိုက်သည်။

“သမ္မတက ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်အညီ ဇူလိုင် (၁) ရက် ည (၁၁း၃၀) မှ စတင်၍ (၄) ရက် ကြာ အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်” ဟု နိုင်ငံတော်ပိုင် ရုပ်သံအစီအစဉ်မှ လွှင့်ထုတ် ကြေညာသည်။

ခွင့်ပြုချက်အထောက်အထားမပါဘဲ ည (၁၀) နာရီကျော် အပြင်ထွက်သူ မည်သူမဆို ဖမ်းဆီးခံ ရမည်ဖြစ်ပြီး လူစုလူဝေးမှန်သမျှ ဖြိုခွဲခံရမည်ဖြစ်ကြောင်း၊ မွန်ဂိုလီးယားအစိုးရပိုင် ရုပ်သံမှလွဲ၍ အခြားသတင်းဌာနများကိုလည်း ပိတ်ပင်လိုက်ကြောင်းနှင့် အစိုးရအဆောက်အအုံများကို ကာကွယ်ရန် လုံခြုံရေး ပိုမိုတင်းကျပ်မည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။

ယခုလ (၂၉) ရက်၌ ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ တရားဝင် မဟုတ်သည့် ပဏာမရလဒ် များအရ ပါလီမန် (၇၆) နေရာအနက် လက်ရှိအစိုးရ မွန်ဂိုလီးယားပြည်သူ့တော်လှန်ရေးပါတီ (အမ်ပီအာပီ) က (၄၆) နေရာ၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက (၂၁) နေရာ ရသည်ကို မကျေနပ်သူများက မြို့တော် အူလန်ဘာတာ၌ ယမန်နေ့က စတင်ဆန္ဒပြကြခြင်းဖြစ်သည်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီအား ထောက်ခံသူများ ပါဝင်သည့် အဆိုပါ ဆန္ဒပြသူ (၆,၀၀၀) ခန့်က မြို့တော်အလယ်ရှိ အမ်ပီအာပီ၏ ဌာနချုပ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး မီးသတ်သမားများ ကိုလည်း ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ရဲများက ရာဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများကို အသုံးပြု၍ နှိမ်နင်းခဲ့သော်လည်း အကြမ်း ဖက်မှုများ ဆက်လက်ဖြစ်ပွားပြီး နောက်ပိုင်း၌ အကြမ်းဖက်မှုများသည် မြို့တော်၏ အခြားအစိတ် အပိုင်းများသို့ ကူးစက်သွားသည်။

ရဲစခန်းကိုပါ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ယင်းအကြမ်းဖက် ဆန္ဒပြမှုကြောင့် ရဲ (၃၀) နှင့် အရပ် သား (၂၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစောပိုင်းသတင်းများက ဖော်ပြသည်။

အနုပညာဆိုင်ရာပြခန်း၊ ပြတိုက်နှင့် ပြဇာတ်ရုံတို့ရှိသော ယဉ်ကျေးမှုနန်းတော်၏ အစိတ်အပိုင်း တချို့လည်း ယနေ့နံနက်တွင် မီးရှို့ခံခဲ့ရသည်။ အဆိုပါ နန်းတော်ဝန်းကျင်ရှိ အကြမ်းဖက်မှု နှိမ်နင်းရေးရဲများက ဆန္ဒပြသူများကို ဖမ်းဆီးနေပုံနှင့် ရာဘာကျည်များဖြင့် ပစ်ခတ်နေပုံတို့ကို ရုပ်သံသတင်းများတွင် ဖော်ပြသည်။

သမ္မတ နမ်ဘာရီး အန်ခါဘာယားက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတကြောင်း ရုပ်သံ မှတဆင့် ပြောကြားခဲ့ပြီး အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရှာခီးယား အယ်ဘဂ်ဒေါ့ အနေဖြင့် ပြည်သူလူထုကို အကြမ်းဖက်မှုများ ပြုလုပ်လာစေရန် မှားယွင်းစွာ ဦးဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်သည်။

မစ္စတာအယ်ဘဂ်ဒေါ့က ဒီမိုကရက်များသည် အောင်ပွဲကို ဓားပြတိုက်ယူခဲ့ကြောင်းနှင့် မဲပေးသူ အများစုသည် ၎င်း၏ပါတီကို မဲပေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

နိုင်ငံတကာလေ့လာသူများကမူ ယခုလ (၂၉) ရက် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတ မှုရှိသည်ဟု မှတ်ချက်ပေးကြသည်။ ။


အပြည့်အစုံသို့...

Wednesday, July 2, 2008

ဘယ်လိုနေကြလဲ?

အပြည့်အစုံသို့...

အပြည့်အစုံသို့...

Tuesday, July 1, 2008

ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်တို့ တိုက်ပွဲ အပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်ဆဲ





ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်သဖြင့် ဖဒိရွာထိပ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ထိုင်းရွာသားများ

ယမန်နေ့နံနက်က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ဒီကေဘီအေ-မြန်မာစစ်တပ် ပူးတွဲအဖွဲ့ ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးဘဲ ယနေ့ဆက်လက် ဖြစ်ပွားရာ မိုးထဲရေထဲတွင် တဖက်နှင့်တဖက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။


ဒီကေဘီအေ-မြန်မာစစ်တပ်ပူးတွဲအဖွဲ့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူး တပ်ရင်း (၂၀၁) စခန်း တည်ရှိရာ ဝေါ်လေခီးဒေသအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ထိုင်းနိုင်ငံတွင်းသို့ ယနေ့နေ့လယ်က လက်နက်ကြီးကျည် (၃) လုံး ကျရောက်ခဲ့သည်။

ဝေါ်လေခီးဒေသ ထိုင်းဘက်ခြမ်းရှိ ဖဒိရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် ထိုင်းရွာ သား (၂၀၀) ခန့်မှာ ဘေးလွတ်ရာသို့ထွက်ပြေးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရပြီး ကျေးရွာစာသင်ကျောင်းကို ပိတ်ထားရသည်။

တိုက်ပွဲအခြေအနေကို ဖိစနို့လို့ခရိုင် နရေစွမ်တပ်မမှူး ဗိုလ်ချုပ်ဆူရတ်ချစ်ကာဒီ၊ မဲဆောက်အခြေ စိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဖွန်စို့နှင့် တပ်ဖွဲ့ဝင်များ အနီးကပ်လာရောက်စစ်ဆေးခဲ့ကြသည်။

ယနေ့နံနက်မှစတင်ကာ အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နယ်စပ်မျဉ်းအနီး မည်သူ့ကိုမှ သွားလာခွင့် မပြုဘဲ စစ်ဆေးရေးဂိတ် (၃) ဆင့် ချထားကာ ထိုင်းနယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ် လုံခြုံရေးကို တိုးမြှင့်ချထားသည်။

တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသအား သိမ်းဆည်းနိုင်ရေးအတွက် ဒီကေဘီအေနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် (၁၅) မိနစ်တကြိမ်ခန့် ပစ်ခတ် လျက်ရှိသည်ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက “မိုးထဲ ရေထဲမှာ တိုက်ပွဲကတော့ ပြင်းထန်တယ်။ သူတို့က ဒီနယ်မြေကို လိုချင်သလို ကျနော်တို့ကလည်း ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံးပြုပြီးတော့ ကာကွယ်တိုက်ထုတ်နေပါတယ်။ ရှေ့ဆက် တိုက်ပွဲက ဒီထက်ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်” ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) တပ်စခန်းတည်ရှိရာ ဝေါ်လေခီး ဒေသအား ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့နံနက် (၄) နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည် (၂) ဦး လက်ရ ဖမ်းဆီးခြင်းခံရကာ (၁) ဦး ကျဆုံးခဲ့ပြီး ယနေ့တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးကို မသိရသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိပြီး ထိုင်းဘက် ခြမ်းတွင် ဖဒိ ထိုင်းကျေးရွာတည်ရှိသည်။ ။


အပြည့်အစုံသို့...

ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲ

၁ ဇူလိုင် ၂၀၀၈



ယနေ့နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်၊ ကြံ့ဖွံ့ရုံးတွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာမရှိဘဲ စုံစမ်းစစ်ဆေးနေကြောင်း ကျောက် တံတားမြို့နယ် တာဝန်ကျ ရဲတဦးက ပြောသည်။

ဧပြီ (၂၀) ရက် က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် (၄) နေရာ၊ ဒဂုံမြို့နယ်၊ လမ်းမတော် မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အပြည့်အစုံသို့...

blogger templates | Make Money Online