Friday, August 22, 2008

အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ




ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာဂမ်ဘာရီတို့ ယနေ့ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ယခုအထိ တွေ့ဆုံနိုင်ခြင်း မရှိသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကြောင့် မဟုတ်ဘဲ တွေ့ဆုံရမည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံနိုင်သဖြင့် မတွေ့ဆုံသေးခြင်း ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အပြည့်အစုံသို့...

အပြည့်အစုံသို့...

Thursday, August 21, 2008

အရှင်ဂမ္ဘီရကို ဒုတိယအကြိမ် ရုံးထုတ်


အရှင်ဂမ္ဘီရ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို အင်းစိန်ထောင် အတွင်းရှိ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ယမန်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။



အာဏာပိုင်များက စွဲဆိုထားသော အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုနှင့်ပတ်သက်ပြီး ရုံးထုတ်ခြင်းဖြစ်သည်ဟု အရှင်ဂမ္ဘီရနှင့် ၄၅ မိနစ်ခန့် တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေကြီး ဦးအောင်သိန်း က ပြောဆိုသည်။

“ဒီခရိုင်တရားရုံးအနေနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ ပုဒ်မ ၃၃ (က) / ၃၈ နဲ့ပတ်သက် ပြီး တင်တယ်၊ ကျန် အမှုကတော့ မြို့နယ်တရားရုံးအလိုက် တင်ဖို့များတယ်”ဟု ဦးအောင်သိန်းက ပြောသည်။

အရှင်ဂမ္ဘီရအား တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ ၂၉၅ (က)၊ အရေးပေါ် စီမံချက်အက်ဥပဒေ ၅ (ည)၊ အသင်းအဖွဲ့ ပုဒ်မ (၆)၊ လဝက ဥပဒေ ၁၃/၁၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူ ၅ ဦး ထက်ပိုစုစည်းမှု၊ တရားမ၀င် ပုံနှိပ် ထုတ်ဝေမှု ၁၇/၂၀ စသည့် ပုဒ်မများဖြင့် စွဲဆိုထားကြောင်းလည်း ၎င်းက ပြောသည်။

အရှင်ဂမ္ဘီရ၏ အစ်မဖြစ်သူ မခင်သူဌေးကလည်း “ဦးပဉ္ဖင်းက သူ့ကို အီလက်ထရွန်းနစ် အမှုနဲ့ ပတ်သက်ပြီး ဘာကြောင့်စွဲတာ လည်းဆိုတာကို တရားသူကြီးကိုမေးတော့ တရားသူကြီးက ဒီအမှုနဲ့ပတ်သက်ပြီး စက်တင်ဘာ ၃ ရက်နေ့မှပြောခွင့်ရှိပါတယ် ဆိုပြီး ပြန်ချိန်းတယ်၊ သူတို့ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး သက်သေ ၁၁ ယောက်လည်း တင်ထားတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရအား ၂ ကြိမ်ရုံးထုတ်ခြင်းနှင့် ပတ်သက်ပြီး မိသားစုထံ အကြောင်းကြားမှု မရှိကြောင်း၊ မိမိဘာသာ သိရှိ၍ တရား ရုံးသို့ လာရောက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဦးပဉ္ဖင်းကို လူဝတ်နဲ့လက်ထိပ်ခတ်ထားတာ တွေ့ရတယ်၊ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ၊ စိတ်ဓာတ်ကလည်း လန်းလန်း ဆန်းဆန်းပဲ”ဟု မခင်သူဌေးက ဆက်ပြောသည်။

ယင်းသို့ သံဃာများကို လူဝတ်လဲ၍ ရာဇ၀တ်ရုံးတင်မှုနှင့် ပတ်သက်ပြီး ဘာသာတရားနှင့် ကိုက်ညီခြင်း မရှိကြောင်းကို တရားရုံးသို့ တင်ပြရန် အရှင်ဂမ္ဘီရက ဦးအောင်သိန်းသို့ မိန့်ကြားကြောင်း သိရသည်။

“သူ့ကို သင်္ကန်း ချွတ်တာဟာ ဥပဇ္ဈာယ် ဆရာတော် (ဒါမှမဟုတ်) သံဃနယက ဆရာတော်တွေရှေ့မှာ ချွတ်တာမဟုတ်ဘူး၊ သူ တရားရုံးကို မရောက်ခင် ဘုန်းကြီးတရားရုံးအနေနဲ့ (ဒါမှမဟုတ်) ဘုန်းကြီး ဝိနည်းအနေနဲ့ အပြစ်ရှိတယ် မရှိဘူးဆိုတာ သုံးသပ်ပြီးမှ သင်္ကန်းချွတ်ရမယ်၊ အခုတော့ ဒီအတိုင်းဆွဲချွတ်ပြီး ရာဇဝတ်မှုရုံးမှာ သူ့ကို တရားစွဲတယ်ဆိုတာ ဘာသာတရား နဲ့ ကိုက်ညီချင်းမရှိဘူး၊ ဒါနဲ့ပတ်သက်ပြီး တင်ပြခိုင်းပါတယ်” ဟု ၎င်းက ပြောပြသည်။

ယခုလ ၃ ရက်နေ့မှ ၇ ရက် အထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာ အင်းစိန် အကျဉ်းထောင်သို့ လာရောက်စဉ် ၎င်းနှင့် မိနစ်၂၀ ခန့် တွေ့ခွင့်ရချိန်၌ ၂၀၀၇ ခု စက်တင်ဘာ လအတွင်း ဖမ်းဆီးထားသော သံဃာတော်များကို လူဝတ်လဲခြင်းနှင့် ရုံးမထုတ်သည့် ကိစ္စများကို အရှင်ဂမ္ဘီရက ပြောဆို ခဲ့ကြောင်းလည်း သိရသည်။

အရှင်ဂမ္ဘီရအား မစ္စတာ ကင်တာနာ ပြန်သွားပြီးနောက်ပိုင်းမှစ၍ ရုံးထုတ်ရာတွင် ၂ ကြိမ်ရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၁၈ ရက်နေ့က အရှင်ဂမ္ဘီရကို ပထမဆုံးအကြိမ်ရုံးထုတ်ရာတွင် မဂ္ဂင်ဆရာတော်ဦးအိန္ဒက၊ ဦးကေသလ(မန္တလေး)၊ ဦးသုမန (စာရေးဆရာ မင်းဆက်) အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များဖြစ်သော ကိုရွှေမောင်း(မန္တလေး)၊ ကိုဝဏ္ဏအောင် (မန္တလေး)၊ ကိုသန်းနိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင် စသည် တို့ကိုလည်း ရုံးအတူ ထုတ်ခဲ့သည်။
အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံသို့...

Wednesday, August 20, 2008

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံသည့်ကိစ္စ အန်အယ်လ်ဒီခေါင်းဆောင်များ ကျေနပ်မှုမရှိ မတ်လခရီးစဉ်မှ အချက်အများစုကို စစ်အစိုးရထံ ဂမ်ဘာရီ ပြန်တင်ပြမည်

ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈


မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်
ဂမ်ဘာရီသည် ယနေ့မွန်းလွဲပိုင်း (၃) နာရီ က ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၅) ဦးနှင့် တွေ့ ဆုံခွင့်ရခဲ့သော်လည်း ပြန်လည်ဆွေးနွေးခွင့် မရသည့်အတွက် ကျေနပ်မှုမရှိဟု အန်အယ်လ်ဒီက ပြောသည်။

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာ၌ ၁၉၉၀ ရွေးကောက်ပွဲအပေါ် ကုသလမဂ္ဂ၏သဘောထား၊
နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် လာမည့်ရွေးကောက်ပွဲတို့ကို အန်အယ်လ်ဒီက
လက်မခံကြောင်း ပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာ
ဝင်းနိုင်က ပြောသည်။

၎င်းက “လာမည့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရမယ်လို့ ဂမ်ဘာရီက စကားစတဲ့ အခါမှာ အန်ကယ် ဦးလွင်က ၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။ ဒီကိစ္စကို ဘယ်လိုရှင်းမလဲလို့ ပြောတဲ့အခါမှာ သူဘာမှပြန်မဖြေနိုင်ဘူး။ ကျနော်တို့ဆီက စီအီးစီ တယောက်က ရွေးကောက်ပွဲဖြစ်လို့ရှိရင်လည်း မတရားတဲ့ ရွေးကောက်ပွဲပဲဖြစ်မှာဘဲ။ ဒီ
အခြေခံဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်က လက်မခံဘူး။ လူထုဆန္ဒခံယူပွဲကလည်း
လူထု ဆန္ဒကို လိမ်လည်လှည့်ဖျား ရယူထားတာဖြစ်တဲ့အတွက် ရလဒ်ကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အောင်မြင်တိုးတက်မှု မရှိသေးဘူးလို့ ပြောခဲ့ပါတယ်” ဟု ပြောသည်။

မစ္စတာဂမ်ဘာရီက နအဖ စစ်အစိုးရထံ တင်ပြတောင်းဆိုမည့် အချက် (၅) ချက်ပါ အစီအစဉ်ကို အန်အယ်လ်ဒီခေါင်းဆောင်များအား ပြန်လည်ချပြခဲ့သည်ဟု သိရသည်။

ထို အချက် (၅) ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေး နိုင်ရေး၊ တိုင်းပြည် ဆုတ်ယုတ်နေသည့် စီးပွားရေးအခြေအနေ အကူအညီပေးဖို့။ မစ္စတာဂမ်ဘာ ရီ၏ ကိုယ်စားလှယ် ရန်ကုန်၌ ထားရှိပေးရေးနှင့် လာမည့်ဒီဇင်ဘာ၌ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ကိုယ် တိုင်မြန်မာနိုင်ငံ လာရောက်၍ မြန်မာနိုင်ငံရေးပြဿနာ အဖြေရှာရေးကိစ္စ ဆောင်ရွက် နိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ နှင့် မိနစ် (၂၀) သာ တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခု တွေ့ဆုံမှုအပေါ် အားရကျေနပ်မှုမရှိကြောင်း အန်အယ်လ်ဒီက ပြောသည်။

မစ္စတာဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ခြင်းမရှိသေးဘဲ၊ တွေ့ရန်ကြိုးစားနေ ဆဲဖြစ်ကြောင်း မစ္စတာ ဂမ်ဘာရီက ပြောကြားသည်ဟု သိရသည်။

ကုလသမဂ္ဂကိုယ်စားလှယ်နှင့် ယနေ့ တွေ့ဆုံဆွေးနွေးသည့် အန်အယ်လ်ဒီ ခေါင်းဆောင်များ အနက် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
ဦးညွှန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်တို့ ပါဝင်ကြောင်းသိရသည်။ ။

အပြည့်အစုံသို့...

စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နီးလာ ရဟန်းတုများအား အရေးယူမည်ဟု စစ်အစိုးရခြိမ်းခြောက်

ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈



စစ်တွေမြို့ရှိ ရဟန်းအတုအယောင်များအား ဓမ္မစက်၊ အာဏာစက်တို့ဖြင့် အရေးယူမည်ဟု စစ် အစိုးရက ပြောကြားခြင်းသည် စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နီးလာချိန်ဖြစ်၍ သံဃာ တော်များကို ကြိုတင်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သံဃာတော်တို့က မိန့်ကြားသည်။

သြဂုတ် (၁၈) ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ သံဃာ့နာယကအဖွဲ့ ဆရာတော် (၂၈) ပါးကို စစ်တွေမြို့ လောကာနန္ဒစေတီ မဟာဝေယန်သာသနာ့ဗိမာန်တော်၌ ရခိုင်ပြည်နယ် သာသနာရေးမှူး ဦးတင်ဝင်းက ရဟန်းအတုအယောင်များအား အရေးယူရေးနှင့် စပ်လျဉ်း၍ လျှောက်ထားခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြထားသည်။

သတင်း၌ ရဟန်းအသွင်ဆောင်ကာ အလှူခံစားနေသည့် သံဃာတော် (၆) ပါးကို အာဏာပိုင်များ က ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း၊ ရဟန်းတုများကို ဆရာတော်ကြီးများအနေဖြင့် ၀ိနည်း
နှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် အစိုးရကလည်း ဆရာတော်ကြီးများ ဆုံးဖြတ်ဆောင် ရွက်ခဲ့သော ဓမ္မစက်ကို အာဏာစက်ဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

စက်တင်ဘာအရေးအခင်း ပါဝင်ခဲ့သည့် သံဃာတော်များအား သံဃာတုများအဖြစ် ရိုက်ကူးထား သည့် ဗီဒီယိုကို ပြည်နယ်သာသနာရေးဦးစီးဋ္ဌာနက ဆရာတော်ကြီးများအား ပြသခဲ့ကြောင်း ထိုသို့ ဗီဒီယိုပြ၍ သံဃာတော်များအား စွပ်စွဲမှုကို အယုံအကြည်မရှိကြောင်း စစ်တွေမြို့မှ သံဃာတော် များနှင့် နီးစပ်သည့် သံဃာတော် (၁) ပါးက မိန့်ကြားသည်။

၎င်းက “အဲလိုပြချင်တယ်ဆိုရင် မြန်မာ့အသံတို့ မြ၀တီတို့မှာ ထိုးပြလိုက်ပေါ့။ သေချာတယ် ခိုင်မာ တယ်ဆိုရင်၊ မီဒီယာသမားတွေ သတင်းထောက်တွေကိုခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုက် ပေါ့။ ခုဟာက ခိုင်မာမှုလည်းမရှိဘူး၊ ဦးဇင်းတို့လည်းမယုံကြည်ဘူး။ အဲဒီ အရေးယူထားတယ် ဆိုတဲ့ သံဃာတွေလည်း ဘယ်ကမှန်းမသိဘူး။ စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နား နီးလာတဲ့အခါကျတော့၊ ဒါမျိုးမလုပ်နဲ့ပေါ့ လုပ်ရင်ဘာဖြစ်သွားမယ်ဆိုတာမျိုး ခြိမ်းခြောက်တဲ့ သဘောပါ” ဟု မိန့်ကြားသည်။

စစ်တွေမြို့ရှိ သံဃာတော်များသည် ယမန်နှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာ့အရေး အခင်း၌ တက်ကြွစွာ ပါဝင်ခဲ့ကြသူများဖြစ်၍ မြို့ပေါ်ရှိ ဆရာတော်ကြီးများကို ခေါ်ယူသတိပေး
သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြို့ခံသံဃာတော်အချို့က ယူဆကြသည်။ လတ်တလော စစ်တွေမြို့၌ သံဃာတော်များ၏ မြို့တွင်း၊ မြို့ပြင် ၀င်ထွက်သွားလာမှုကို အာဏာ ပိုင်များက စောင့်ကြည့်စစ်ဆေးမှု ရှိနေကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့က သံဃာတော်များကိုလည်း ယမန်နှစ် သံဃာ့အရေးအခင်း၌ လှုပ်ရှားခဲ့ သည့် ဘုန်းကြီးကျောင်းများကို အာဏာပိုင်များက စောင့်ကြည့်နေသည်ဆိုသည့် ခြိမ်းခြောက်မှု များကို မြို့နယ်သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော်များက ခေါ်ယူသတိပေးခဲ့သည်ဟု စုံစမ်းသိရသည်။ ။

အပြည့်အစုံသို့...

ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့် ရုံးထုတ်

စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့် စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။

ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့် တရားစွဲဆိုကြောင်းပြောဆိုသည်။ "တွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့် မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊ အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက ပြောသည်။
ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊ စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊ ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ မနက်ဖြန်တွင် ဦးဂမ္ဘီရအား အီလစ်ထရောနစ်ပုဒ်မဖြင့် အင်းစိန်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယခုလ (၂၇)၊ (၂၈) နှင့် လာမည့်လ (၁) ရက်နေ့တို့တွင် အခြားပုဒ်မများဖြင့် တရားရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနာ သွားရောက်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ ဦးဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခဲ့သည်။

အပြည့်အစုံသို့...

Monday, August 4, 2008


အပြည့်အစုံသို့...


အပြည့်အစုံသို့...

အပြည့်အစုံသို့...

blogger templates | Make Money Online