Thursday, July 16, 2009

စင်ကာပူရှိ မြန်မာသံရုံးမှ အတွင်းဝန်နှင့်ပေါင်း၍ တရားမ၀င် လုပ်ကိုင်နေသည့် အကြောင်း (ပေးစာ)


သို့/
ဒေါက်တာလွဏ်းဆွေ
၁၅-၇-၂၀၀၉ (ဗုဒ္ဓဟူးနေ့)

အကြောင်းအရာ။ ။ သတင်းပေးခြင်း

ဆရာ၏ ၀က်ဆိုက်ဒ်တွင် ဖော်ပြနိုင်ရန်အတွက် စင်ကာပူရှိ မြန်မာသံရုံးမှ အတွင်းဝန်နှင့်ပေါင်း၍ တရားမ၀င် လုပ်ကိုင်နေသည့်အကြောင်းကို ရေးသားပေးပို့ပါသည်။ လိုအပ်သလို တည်းဖြတ်၍ ဆရာ၏ ၀က်ဆိုက်ဒ်တွင် ဖော်ပြပေးပါရန်။ ဖြစ်ရပ်မှန်များကို ရေးသားပေးပို့ခြင်းဖြစ်ပါကြောင်း ၀န်ခံကတိပြုပါသည်။

ကျွန်မသည် စင်ကာပူတွင် S-Pass ဖြင့် အလုပ်လုပ်ကိုင်နေသူတဦးဖြစ်ပြီး၊ ရွယ်တူမိန်းကလေး သူငယ်ချင်း (၅) ယောက်စု၍၊ အိမ်ခန်း (၁) ခန်း ငှားရမ်းနေထိုင်ကြပါသည်။

တရက်တွင် အိမ်၌ အတူနေထိုင်သူ သူငယ်ချင်းတယောက်မှ သတင်းတခုကို သယ်ဆောင်လာပါသည်။ ယင်း သတင်းမှာ အခွန်ရုံးသို့သွားရောက်၍ အခွန်ဆောင်စရာမလိုဘဲ Passport များကို သက်တမ်းတိုးလို့ရကြောင်း၊ တအုပ်လျှင် စင်ကာပူ (၅၀၀) ပေးရကြောင်း၊ သက်တမ်းတိုးလိုလျှင် အန်တီကြီး တယောက်ကို ဆက်သွယ်လို့ ရကြောင်း၊ ကျွန်မလည်း ထိုသတင်းကို ကြားသောအခါ အရမ်းဝမ်းသာသွားပါသည်။

အဘယ်ကြောင့်ဆိုသော် ကျွန်မ၏ S-Pass အား သက်တမ်းတိုးရန်ရှိသဖြင့် ဖြစ်ပါသည်။ S'pore ICA သည် IC Card သက်တမ်းတိုးပါက Passport တွင် လုံလောက်သော သက်တမ်းရှိမှ တိုးပေးပါသည်။ မြန်မာသံရုံးမှ လည်း အခွန်ရုံးတွင် အခွန်ထမ်းဆောင်မှသာ Passport သက်တမ်းတိုးပေးပါသည်။ ၀င်ငွေခွန် မထမ်းဆောင် လျှင် သက်တမ်းတိုးမပေးပါ။ ကျွန်မ စလုံးသို့ ရောက်နေသည်မှာ (၂) နှစ်ခန့် ရှိပြီဖြစ်ပြီး၊ တကြိမ်မျှ အခွန်မ ဆောင်ရသေးပါ။ Passport သက်တမ်းမှာ (၁၀) လခန့်ကျန်ရှိနေပါသေးသည်။ အမှန်အတိုင်းပြောရလျှင် ကျွန် မ အခွန်မဆောင်ချင်ပါ။ ရန်ကုန်ရှိ မိဘများကိုပင် လစဉ်မထောက်ပံ့နိုင်ဘဲ၊ မြန်မာသံရုံးသို့ မိမိရရှိသည့် ၀င်ငွေ ထဲမှ ၁၀% ဖဲ့ပေးရသည်မှာ တော်တော် စိတ်ပျက်ဝမ်းနည်းဖို့ကောင်းသည့် အလုပ်ဖြစ်သည်။

ကျွန်မလည်း အခွန်ဆောင်စရာမလိုဘဲ Passport သက်တမ်းတိုးပေးသည့် ပွဲစားအန်တီကြီးဆိုသူကို ဆက် သွယ်စုံစမ်းရာ လွယ်ကူစွာ ဆက်သွယ်စုံစမ်းမရဘဲ တပတ်ခန့်ကြာသောအခါမှ သူငယ်ချင်း၏ အစ်မ၀မ်းကွဲတ ယောက်မှ ယင်းအန်တီကြီးနှင့် ရင်းနှီးကြောင်း၊ သိချင်သည်များကို မေးမြန်းပေးမည်ဖြစ်ကြောင်း ပြောပါသည်။

မေးမြန်းပြီးသည့်အခါ အခွန်ဆောင်စရာမလိုဘဲ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း၊ Passport သက်တမ်းတိုး ခ (၅၀၀) နှင့် အန်တီကြီးအတွက် ၀န်ဆောင်ခ (၅၀)၊ စုစုပေါင်း ဒေါ်လာ (၅၅၀) ပေးရမည်ဖြစ်ကြောင်း၊ (၂) ရက် (၃) ရက်ခန့် ကြာမည်ဖြစ်ကြောင်း၊ ငွေရပြေစာ မပေးကြောင်း၊ သံရုံးမှ အတွင်းဝန်ကိုယ်တိုင် အမှန်အကန် လက်မှတ်ထိုးပေးခြင်းဖြစ်ကြောင်း၊ ကာယကံရှင် စိတ်ကျေနပ်မှလုပ်ရန်ဟု အန်တီကြီးမှပြောကြောင်း ယင်း အစ်မမှ ပြောပြပါသည်။

ကျွန်မလည်း ကျေနပ်စွာဖြင့် ယင်းအစ်မမှတဆင့် ဒေါ်လာ (၅၅၀) နှင့် Passport ပေးလိုက်ပါသည်။ ကျွန်မ လည်း ပိုက်ဆံနှင့် Passport ပေးပြီးမှ စိုးရိမ်စိတ်ဝင်သွားပါသည်။ လိမ်ခံထိရင် ဒုက္ခပေါ့။ အတုလုပ်ခံထိရင် လည်း မလွယ်ဘူးပေါ့။ (၂) ရက်ခန့်ကြာသောအခါ စိုးရိမ်စိတ်ဝင်လာသဖြင့် ယင်းအစ်မကို ဖုန်းဆက်မေးရာ အန်တီကြီးမှလာမပို့သေးကြောင်း၊ လာပို့သည်နှင့် ချက်ချင်းဖုန်းဆက်မည်ဖြစ်ကြောင်း၊ စိတ်မပူရန်နှင့် အန်တီ ကြီးသည် ယင်းအလုပ်လုပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ စိတ်ချရပါကြောင်း၊ ၄င်း၏ သူငယ်ချင်းတော်တော် များများကို ဆက်သွယ်ပေးဘူးကြောင်းများ ပြောကြားပါသည်။ (၃) ရက်ကြာသောအခါ ကျွန်မဆီသို့ Passport ပြန် ရောက်လာပါသည်။ ကျွန်မလည်း ကျွန်မ၏ Passport ကို ဖင်ပြန်ခေါင်းပြန် စစ်ဆေးပါတော့သည်။ အရင် တုန်းကတော့ မိမိ Passport ကို သေချာပင် မကြည့်ဖူးပါ။

Passport တွင် လက်မှတ်ထိုးပေးသည့် နာမည်ကို ကြည့်လိုက်ရာ Mang Hau Thang, First Secretary ဟု တွေ့ရပါသည် (ချင်းလူမျိုးဟု ထင်ပါသည်)။ ကျွန်မလည်း လွန်ခဲ့သော (၃) လခန့်က အခွန်ရုံးသို့ သွားရောက်၍ အခွန်ဆောင်ပြီး သက်တမ်းတိုးထားသည့် အတူနေသူငယ်ချင်း၏ Passport နှင့် အသေးစိတ် တိုက်ဆိုင်စစ် ဆေးကြည့်ရာ ကွဲလွဲမှုမရှိကြောင်း တွေ့ရသဖြင့် စိတ်ကျေနပ်သွားပါသည်။

ကျွန်မလည်း ထိုအလုပ်ကို တော်တော်စိတ်ဝင်စားသွားပါသည်။ စင်ကာပူရောက် မြန်မာတော်တော်များများ သည် ဖြစ်နိုင်လျှင် အခွန်ရုံးသို့ သွားရောက်၍ အခွန်မဆောင်လိုကြပါ။ မြန်မာပြည် အလည်ပြန်ရန် (သို့မဟုတ်) Passport သက်တမ်းတိုးရန်ရှိမှသာ သွားရောက်ဆက်သွယ်ကြပါသည်။ ၄င်းကြောင့် ယခုကဲ့သို့ အခွန်မဆောင် ဘဲ သက်တမ်းတိုးပေးသည့် Service ကို ကျွန်မအနေဖြင့် အရမ်းကို သဘောကျသွားပါသည်။

ကျွန်မလည်း သူငယ်ချင်းအစ်မထံ ဖုန်းဆက်၍ အကျိုးဆောင်ပေးသည့် အန်တီကြီးနှင့် မိတ်ဆက်ပေးရန် ပြော ကြားပါသည်။ သူငယ်ချင်းအစ်မမှ အန်တီကြီးသည် လူသိမခံကြောင်း၊ မိတ်ဆက်ပေးရန်ခက်ခဲကြောင်း၊ ပြောပါ သည်။ ကျွန်မလည်း ယင်းအစ်မ၏ ညီမဖြစ်သူ သူငယ်ချင်းနှင့် လူကိုယ်တိုင်သွားရောက်၍ ပူဆာရာ အစ်မမှ အန်တီကြီးအား ကိုယ်တိုင်ဆက်သွယ်ကြည့်ရန် ဖုန်းနံပါတ်ပေးပါသည်။

ကျွန်မလည်း အန်တီကြီးထံ ဖုန်းဆက်၍ မိမိမည်သူမည်ဝါဖြစ်ကြောင်း မိတ်ဆက်ပြီး ထိုအလုပ်ကို စိတ်ဝင်စား ကြောင်း၊ မိမိမှဆက်သွယ်ပေးလျှင် အကျိုးဆောင်ခ မည်မျှပေးမည်ကို သိလိုကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြော ပါရန်နှင့် တတ်နိုင်သမျှ သတင်းမပေါက်ကြားရန် တာဝန်ယူပါကြောင်း၊ ကျွန်မဦးလေး GM လုပ်နေသည့် ကုမ္ပဏီတွင် မြန်မာဝန်ထမ်းများ ရာချီရှိကြောင်း၊ ယခုအခါ ၎င်းတို့အားလုံးလိုလို Passport သက်တမ်းတိုးရန် လိုနေကြောင်း၊ အဆင်ပြေပါက အကုန်လုံး အခွန်မဆောင်ဘဲ သက်တမ်းတိုးလိုကြောင်း ပြောရာ၊ အန်တီကြီး လည်း အံ့သြသွားပြီး မိမိအနေဖြင့် ယခုလောက်အများကြီးကို တကြိမ်တည်း တခါမျှ မလုပ်ဘူးကြောင်း၊ ရ မရ မေးပြီး ဖုံးပြန်ဆက်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။

နောက်နေ့တွင် အန်တီကြီးမှ လုပ်ပေးမည်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒီအလုပ်သည် လူများများ အသိခံ၍မရကြောင်း၊ နှုတ်လုံရန်လိုကြောင်း၊ မိမိအနေဖြင့် Passport တအုပ်လျှင် ဟိုဘက်ဒီဘက် ဒေါ်လာ (၅၀) စီရကြောင်း၊ ရာနှင့်ချီ၍ရှိလျှင် Passport တအုပ်လျှင် ကျွန်မဆီမှ (၂၅) ဒေါ်လာသာ ယူမည်ဖြစ်ကြောင်း၊ အုပ်ရေများသဖြင့် နှစ်ပတ် သုံးပတ်ခန့် အချိန်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် ငွေရပြေစာပေးမည်မ ဟုတ်ကြောင်း ပြောပါသည်။ ကျွန်မကလည်း ထိုအချက်များကို သိထားပြီးသားဖြစ်သဖြင့် သဘောတူလိုက်ပါ သည်။

ဦးလေးအား တိုင်ပင်ကြည့်ရာ ဦးလေးမှလည်းသဘောတူသဖြင့် အန်တီကြီးနှင့် အပြင်တွင်တွေ့ရန် ချိန်းလိုက် ပါသည်။ ဦးလေးမှ Passport စာအုပ်များနှင့် ပေးရမည့် ငွေပမာဏ များသဖြင့် စိုးရိမ်သောကြောင့် ကိုယ်တိုင် လိုက်လိုကြောင်း ပြောသည်ကို အန်တီကြီးအား ဖုံးဆက်ပြောရာ လိုက်လို့မရကြောင်းနှင့် ငွေကြေးအတွက် စိုး ရိမ်ပါက ယခုလောလောဆယ် Passport စာအုပ်များသာ အရင်ပေးလိုက်ရန်နှင့် ငွေကို Passport ရပြီးမှသာ ပေးရန်ပြောပါသည်။

ဦးလေးကို ပြောပြရာ ဦးလေးမှလည်း သဘောတူသဖြင့် Passport စာအုပ်များကို အရင်ပေးလိုက်ပါသည်။ တ ပတ်ခန့်ကြာသောအခါ အန်တီကြီးမှ Passport စာအုပ် (၅၀) ကို အရင်ပေးလာပြီး ကျသင့်ငွေကို ယူသွားပါ သည်။ နောက်တပတ်ခန့်ကြာသောအခါ ကျန် Passport စာအုပ် (၅၀) ကျော်ကို လာပေးပြီး ကျန်ငွေများကို ယူသွားပါသည်။ ကျွန်မလည်း Passport စာအုပ်များကို ဦးလေးထံမပေးမီ စစ်ဆေးကြည့်ရာ၊ စာအုပ်အားလုံး ကို Mang Hau Thang, First Secretary မှချည်း လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရပါသည်။ ကျွန်မအ တွက် ပွဲခအဖြစ် ဒေါ်လာ (၂၅၀၀) ကျော် ရလိုက်ပါသည်။

ကျွန်မလည်း ထိုအလုပ်ကို ထိုတကြိမ်သာ ငွေကြေးအရ မြိုးမြိုးမျက်မျက်ရ၍ လုပ်လိုက်မိပါသည်။ နောက်ပိုင်း တွင်တော့ မလုပ်ဖြစ်တော့ပါ။ လုပ်လည်း မလုပ်ချင်တော့ပါ။ အန်တီကြီးနှင့်လည်း မဆက်သွယ်မိတော့ပါ။ အ ဘယ်ကြောင့်ဆိုသော် နောင်တွင်ဖြစ်ပွားနိုင်သည့် ပြဿနာများကို ကြောက်လန့်မိ၍ ဖြစ်ပါသည်။ သို့သော် အန်တီကြီးနှင့် ရံဖန်ရံခါ ဆက်သွယ်လုပ်ကိုင်နေကြသည့် သူငယ်ချင်းတချို့တော့ ရှိပါသေးသည်။ သူတို့က တော့ ကျွန်မလို များများစားစား မလုပ်ကြပါ။ တအုပ်စ နှစ်အုပ်စသာ လုပ်ကိုင်ကြပါသည်။ ထိုအလုပ်မှာ ယခုအ ချိန်ထိတော့ အဆင်ပြေနေကြပါသေးသည်။

သို့သော် စင်ကာပူတွင် မိဝေးဖဝေး ပင်ပန်းစွာ အလုပ်လုပ်ကိုင်၍ ရရှိသည့် ၀င်ငွေများထဲမှ မြန်မာသံရုံးမှ လူ များက အောက်လမ်းနည်းဖြင့် ငွေလွယ်ကူစွာ ရယူနေကြသည်ကို အောင့်အည်းသည်းခံနိုင်ခြင်း မရှိတော့ပါသ ဖြင့် အများပြည်သူ သိသာစေဖို့ ဖော်ပြနိုင်ရန်အတွက် ယခုကဲ့သို့ ရေးသားပေးပို့ခြင်း ဖြစ်ပါသည်။

စင်ကာပူရောက် မြန်မာတဦး

မှတ်ချက် ။ ။ ပေးစာအဖြစ်သာ ဖော်ပြခြင်းဖြစ်ပြီး အတည်ပြုချက် ရယူထားခြင်းမရှိပါ။ အတည်ပြုချက် ရယူလို သူများအနေနှင့် ဤဘလော့ဂ်၏ အီးမေးလ်လိပ်စာသို့ ဆက်သွယ်၍ သက်ဆိုင်ရာ ဖုန်းနံပါတ်များ တောင်းယူ နိုင်ပါသည်။

အပြည့်အစုံသို့...

http://drlunswe.blogspot.com/

0 Comments:

blogger templates | Make Money Online