မိုင်ပေါင်း (၄ဝဝ) နှင့်အတူ ကျွန်ုပ်တို့ Buffalo မြို့သို့ရောက်ရှိ
သံဃာ့တပ်ပေါင်းစု (ပြည်ပ)တာဝန်ခံ ဦးပညာဇောတ လာရောက်ချီတက်

ချီတက်ပြီး (၅)မိနစ်ခန့်အချိန်တွင် (၁) ရက်တာမျှ မမြင်တွေ့ရသော Erie ရေအိုင်ကြီးသည် ကျွန်ုပ်တို့ မျက်စိ အောက်သို့ ဘွားကနဲပေါ်လာပြန်သည်။ ဤရေအိုင်ကြီး၏ကမ်းနံဘေး လမ်းတလျှောက် ရေဆိပ်ငယ်များတချို့ တွေ့ရှိရပေသည်။ Hamburg မြို့၏ အလှအပကိုလည်း မြင်တွေ့ရ၏။ ကျွန်ုပ်တို့ကုန်းမြင့်ပေါ်မှချီတက်နေရသော အနေအထားဖြစ်သည့်အတွက် ငါးမိုင်ခန့်သာဝေးတော့သည့် Buffalo မြို့၏ သာယာလှပသော ရေဆိပ်ကမ်းနှင့် အတူ မြို့လယ်အဆောက်အဦမြင့်မြင့်တိုက်ကြီးများ၊ ရေအိုင်ထိပ်တနေရာမှ လေအားဖြင့်လျှပ်စစ်ထုတ်လုပ်သော ပန်ကာကြီးများ၊ စိမ်းပြာလဲ့လဲ့ရေပြင်ကျယ်ကြီးတွင် များပြားလှသောအပျော်စီးမော်တော်ဘုတ်များ၊ စသည့် ရှုမျှော်ခင်းလှလှလေးတွေကို လှမ်း၍မြင်ရသဖြင့် ကျွန်ုပ်၏စိတ်အစဉ်သည် မြန်မာပြည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဆိပ်ကမ်းများရောက်သွားသကဲ့သို့ပင်ထင်ရလေ၏။

ဤသို့စိတ်ကူးယဉ်နေစဉ် Buffalo မြို့မှ ဖုန်းတလုံးဝင်လာလေသည်။ ရဲဘော်တို့ ဘယ်ရောက်နေကြပြီလဲ တဲ့၊ ယူတီကာမြို့မှ ဆရာတော်ဦးပညာဇောတနှင့် ကျနော်တို့ချီတက်ဘို့ အခုလာနေပြီ အသံကြားတော့မှ စိတ်ကူးယဉ်အတွေးကို ဖြတ်လိုက်ရသည်။

သြော် အမိမြန်မာပြည်ပြန်ရောက်သွားလို့မဖြစ်သေး။ အပြီးသတ်အောင်ပွဲအတွက် ကျွန်ုပ် တိုက်ပွဲဆက်ရဦးမယ် မဟုတ်လား။ (၁ဝ)မိနစ်ခန့်အကြာ အနီရောင်ကားတစီးမှ ဟွန်းတီး၍အချက်ပေးသဖြင့် ကြည်လိုက်ရာ ဆရာတော်နှင့်အတူ Buffalo မြို့မှ လူငယ် (၆) ဦးကို လိုက်ပို့ပေးသူ မောင်စိန်တို့ရောက်ရှိလာကြလေ၏။ ၎င်းတို့ အုပ်စုနှင့်အတူ ရေဆိပ်ကမ်းနံဘေးမှ ကျွန်ုပ်တို့ဆက်လက်ချီတက်ကြလေသည်။ ဤနေရာသည် Buffalo မြို့ရောက်ရန် (၄)မိုင်ခန့်ဝေးသည့်နေရာဖြစ်သည်။
ချီတက်နေကျဖြစ်သော ကျွန်ုပ်တို့အဖွဲ့မှ ရဲဘော်ကြီးကျော်ရှိန်က မိုင်ပေါင်း (၉ဝဝ)ငြိမ်းချမ်းရေးချီတက်ပွဲ ဆိုင်းဘုတ်လည်မှာဆွဲ၊ ကုလသမဂ္ဂအလံတော်ထမ်းကာ ရှေ့ပြေးချီတက်၏။ ထို့နောက် ထိပ်ဆုံးမှ ဦးဆောင်ချီတက်သူမှာ ဦးပညာဇောတဖြစ်သည်။ ဦးပညာဇောတသည် မြန်မာပြည်တွင်း၌ နိုင်ငံရေးပြစ်မှုနှင့် စစ်အုပ်စုတို့ မတရားဖမ်းဆီးခြင်းကို (၃)ကြိမ်ခံရဘူးသူဖြစ်သည်။ မြန်မာပြည်တွင် (၂ဝဝ၇) ခုနှစ်၊ စက်တင်ဘာ လ (၂၇)ရက်နေ့၌ ပေါ်ပေါက်ခဲ့သော၊ ကမ္ဘာ့နိုင်ငံအသီးသီးကပင် ရွှေဝါရောင်တော်လှန်ရေးဟုပင် တင်စား ခေါ်ဝေါ်အမည်တွင်ခဲ့ရသော ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာစေရန်အတွက်၊ လျှို့ဝှက်စွာစည်းရုံး ဦးဆောင်ခဲ့သူ၊ သံဃာ့တပ်ပေါင်းစုကြီး၏ ထိပ်တန်းခေါင်းဆောင်တပါးဖြစ်၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။http://www.longmarchforburma.blogspot.com/
0 Comments:
Post a Comment