Wednesday, August 20, 2008

စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နီးလာ ရဟန်းတုများအား အရေးယူမည်ဟု စစ်အစိုးရခြိမ်းခြောက်

ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈



စစ်တွေမြို့ရှိ ရဟန်းအတုအယောင်များအား ဓမ္မစက်၊ အာဏာစက်တို့ဖြင့် အရေးယူမည်ဟု စစ် အစိုးရက ပြောကြားခြင်းသည် စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နီးလာချိန်ဖြစ်၍ သံဃာ တော်များကို ကြိုတင်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သံဃာတော်တို့က မိန့်ကြားသည်။

သြဂုတ် (၁၈) ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ သံဃာ့နာယကအဖွဲ့ ဆရာတော် (၂၈) ပါးကို စစ်တွေမြို့ လောကာနန္ဒစေတီ မဟာဝေယန်သာသနာ့ဗိမာန်တော်၌ ရခိုင်ပြည်နယ် သာသနာရေးမှူး ဦးတင်ဝင်းက ရဟန်းအတုအယောင်များအား အရေးယူရေးနှင့် စပ်လျဉ်း၍ လျှောက်ထားခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြထားသည်။

သတင်း၌ ရဟန်းအသွင်ဆောင်ကာ အလှူခံစားနေသည့် သံဃာတော် (၆) ပါးကို အာဏာပိုင်များ က ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း၊ ရဟန်းတုများကို ဆရာတော်ကြီးများအနေဖြင့် ၀ိနည်း
နှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် အစိုးရကလည်း ဆရာတော်ကြီးများ ဆုံးဖြတ်ဆောင် ရွက်ခဲ့သော ဓမ္မစက်ကို အာဏာစက်ဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

စက်တင်ဘာအရေးအခင်း ပါဝင်ခဲ့သည့် သံဃာတော်များအား သံဃာတုများအဖြစ် ရိုက်ကူးထား သည့် ဗီဒီယိုကို ပြည်နယ်သာသနာရေးဦးစီးဋ္ဌာနက ဆရာတော်ကြီးများအား ပြသခဲ့ကြောင်း ထိုသို့ ဗီဒီယိုပြ၍ သံဃာတော်များအား စွပ်စွဲမှုကို အယုံအကြည်မရှိကြောင်း စစ်တွေမြို့မှ သံဃာတော် များနှင့် နီးစပ်သည့် သံဃာတော် (၁) ပါးက မိန့်ကြားသည်။

၎င်းက “အဲလိုပြချင်တယ်ဆိုရင် မြန်မာ့အသံတို့ မြ၀တီတို့မှာ ထိုးပြလိုက်ပေါ့။ သေချာတယ် ခိုင်မာ တယ်ဆိုရင်၊ မီဒီယာသမားတွေ သတင်းထောက်တွေကိုခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုက် ပေါ့။ ခုဟာက ခိုင်မာမှုလည်းမရှိဘူး၊ ဦးဇင်းတို့လည်းမယုံကြည်ဘူး။ အဲဒီ အရေးယူထားတယ် ဆိုတဲ့ သံဃာတွေလည်း ဘယ်ကမှန်းမသိဘူး။ စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နား နီးလာတဲ့အခါကျတော့၊ ဒါမျိုးမလုပ်နဲ့ပေါ့ လုပ်ရင်ဘာဖြစ်သွားမယ်ဆိုတာမျိုး ခြိမ်းခြောက်တဲ့ သဘောပါ” ဟု မိန့်ကြားသည်။

စစ်တွေမြို့ရှိ သံဃာတော်များသည် ယမန်နှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာ့အရေး အခင်း၌ တက်ကြွစွာ ပါဝင်ခဲ့ကြသူများဖြစ်၍ မြို့ပေါ်ရှိ ဆရာတော်ကြီးများကို ခေါ်ယူသတိပေး
သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြို့ခံသံဃာတော်အချို့က ယူဆကြသည်။ လတ်တလော စစ်တွေမြို့၌ သံဃာတော်များ၏ မြို့တွင်း၊ မြို့ပြင် ၀င်ထွက်သွားလာမှုကို အာဏာ ပိုင်များက စောင့်ကြည့်စစ်ဆေးမှု ရှိနေကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့က သံဃာတော်များကိုလည်း ယမန်နှစ် သံဃာ့အရေးအခင်း၌ လှုပ်ရှားခဲ့ သည့် ဘုန်းကြီးကျောင်းများကို အာဏာပိုင်များက စောင့်ကြည့်နေသည်ဆိုသည့် ခြိမ်းခြောက်မှု များကို မြို့နယ်သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော်များက ခေါ်ယူသတိပေးခဲ့သည်ဟု စုံစမ်းသိရသည်။ ။

0 Comments:

blogger templates | Make Money Online