Thursday, August 21, 2008

အရှင်ဂမ္ဘီရကို ဒုတိယအကြိမ် ရုံးထုတ်


အရှင်ဂမ္ဘီရ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို အင်းစိန်ထောင် အတွင်းရှိ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ယမန်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။



အာဏာပိုင်များက စွဲဆိုထားသော အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုနှင့်ပတ်သက်ပြီး ရုံးထုတ်ခြင်းဖြစ်သည်ဟု အရှင်ဂမ္ဘီရနှင့် ၄၅ မိနစ်ခန့် တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေကြီး ဦးအောင်သိန်း က ပြောဆိုသည်။

“ဒီခရိုင်တရားရုံးအနေနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ ပုဒ်မ ၃၃ (က) / ၃၈ နဲ့ပတ်သက် ပြီး တင်တယ်၊ ကျန် အမှုကတော့ မြို့နယ်တရားရုံးအလိုက် တင်ဖို့များတယ်”ဟု ဦးအောင်သိန်းက ပြောသည်။

အရှင်ဂမ္ဘီရအား တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ ၂၉၅ (က)၊ အရေးပေါ် စီမံချက်အက်ဥပဒေ ၅ (ည)၊ အသင်းအဖွဲ့ ပုဒ်မ (၆)၊ လဝက ဥပဒေ ၁၃/၁၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူ ၅ ဦး ထက်ပိုစုစည်းမှု၊ တရားမ၀င် ပုံနှိပ် ထုတ်ဝေမှု ၁၇/၂၀ စသည့် ပုဒ်မများဖြင့် စွဲဆိုထားကြောင်းလည်း ၎င်းက ပြောသည်။

အရှင်ဂမ္ဘီရ၏ အစ်မဖြစ်သူ မခင်သူဌေးကလည်း “ဦးပဉ္ဖင်းက သူ့ကို အီလက်ထရွန်းနစ် အမှုနဲ့ ပတ်သက်ပြီး ဘာကြောင့်စွဲတာ လည်းဆိုတာကို တရားသူကြီးကိုမေးတော့ တရားသူကြီးက ဒီအမှုနဲ့ပတ်သက်ပြီး စက်တင်ဘာ ၃ ရက်နေ့မှပြောခွင့်ရှိပါတယ် ဆိုပြီး ပြန်ချိန်းတယ်၊ သူတို့ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး သက်သေ ၁၁ ယောက်လည်း တင်ထားတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရအား ၂ ကြိမ်ရုံးထုတ်ခြင်းနှင့် ပတ်သက်ပြီး မိသားစုထံ အကြောင်းကြားမှု မရှိကြောင်း၊ မိမိဘာသာ သိရှိ၍ တရား ရုံးသို့ လာရောက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဦးပဉ္ဖင်းကို လူဝတ်နဲ့လက်ထိပ်ခတ်ထားတာ တွေ့ရတယ်၊ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ၊ စိတ်ဓာတ်ကလည်း လန်းလန်း ဆန်းဆန်းပဲ”ဟု မခင်သူဌေးက ဆက်ပြောသည်။

ယင်းသို့ သံဃာများကို လူဝတ်လဲ၍ ရာဇ၀တ်ရုံးတင်မှုနှင့် ပတ်သက်ပြီး ဘာသာတရားနှင့် ကိုက်ညီခြင်း မရှိကြောင်းကို တရားရုံးသို့ တင်ပြရန် အရှင်ဂမ္ဘီရက ဦးအောင်သိန်းသို့ မိန့်ကြားကြောင်း သိရသည်။

“သူ့ကို သင်္ကန်း ချွတ်တာဟာ ဥပဇ္ဈာယ် ဆရာတော် (ဒါမှမဟုတ်) သံဃနယက ဆရာတော်တွေရှေ့မှာ ချွတ်တာမဟုတ်ဘူး၊ သူ တရားရုံးကို မရောက်ခင် ဘုန်းကြီးတရားရုံးအနေနဲ့ (ဒါမှမဟုတ်) ဘုန်းကြီး ဝိနည်းအနေနဲ့ အပြစ်ရှိတယ် မရှိဘူးဆိုတာ သုံးသပ်ပြီးမှ သင်္ကန်းချွတ်ရမယ်၊ အခုတော့ ဒီအတိုင်းဆွဲချွတ်ပြီး ရာဇဝတ်မှုရုံးမှာ သူ့ကို တရားစွဲတယ်ဆိုတာ ဘာသာတရား နဲ့ ကိုက်ညီချင်းမရှိဘူး၊ ဒါနဲ့ပတ်သက်ပြီး တင်ပြခိုင်းပါတယ်” ဟု ၎င်းက ပြောပြသည်။

ယခုလ ၃ ရက်နေ့မှ ၇ ရက် အထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာ အင်းစိန် အကျဉ်းထောင်သို့ လာရောက်စဉ် ၎င်းနှင့် မိနစ်၂၀ ခန့် တွေ့ခွင့်ရချိန်၌ ၂၀၀၇ ခု စက်တင်ဘာ လအတွင်း ဖမ်းဆီးထားသော သံဃာတော်များကို လူဝတ်လဲခြင်းနှင့် ရုံးမထုတ်သည့် ကိစ္စများကို အရှင်ဂမ္ဘီရက ပြောဆို ခဲ့ကြောင်းလည်း သိရသည်။

အရှင်ဂမ္ဘီရအား မစ္စတာ ကင်တာနာ ပြန်သွားပြီးနောက်ပိုင်းမှစ၍ ရုံးထုတ်ရာတွင် ၂ ကြိမ်ရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၁၈ ရက်နေ့က အရှင်ဂမ္ဘီရကို ပထမဆုံးအကြိမ်ရုံးထုတ်ရာတွင် မဂ္ဂင်ဆရာတော်ဦးအိန္ဒက၊ ဦးကေသလ(မန္တလေး)၊ ဦးသုမန (စာရေးဆရာ မင်းဆက်) အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များဖြစ်သော ကိုရွှေမောင်း(မန္တလေး)၊ ကိုဝဏ္ဏအောင် (မန္တလေး)၊ ကိုသန်းနိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင် စသည် တို့ကိုလည်း ရုံးအတူ ထုတ်ခဲ့သည်။
အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

0 Comments:

blogger templates | Make Money Online