Tuesday, October 6, 2009

ပြည်သူတွေကို နင်းချေသတ်ဖို့ ဒေဝဒတ်ရွှေရဲ့ နာဠာဂီရိဆင်တွေ လာပြီ


(ယောမင်းလေး)



ခုဆိုရင် ပြည်သူတွေ နင်းချေသတ်ဖို့ အရက်ကိုးမောင်းတိုက်နေတဲ့ နာဠာဂီရိဆင်တွေဟာ အမူးလွန်နေပါပြီ။ ဒီဆင်တွေကို တစ်ရွက်ပြီး တစ်ရွက် ဝါဇီကနေ အထပ်လိုက် အထပ်လိုက် ပြည်သူ့ကြားကို ဖြန့်ချိပါတော့မယ်။

အရင်က ဒေဝဒတ်ဟာ နာဠာဂီရိဆင်မိုက်ကြီးကို အရက်ကိုးမောင်းတိုက်ပြီး မေတ္တာရှင် မြတ်ဗုဒ္ဓကို နင်းချေသတ်ဖို့ လွှတ်လိုက်သလို...
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ မေတ္တာပို့ ကြွချီနေတဲ့ သံဃာတော်တွေကို ဒေဝဒတ်ရွှေက သူ့ကြေးစား စစ်တပ်ကို အရက်ကိုးမောင်းတိုက် ပစ်ခတ် သတ်ဖြတ်ခိုင်းသလို...
ခု လက်ကျန် မသေမရှင်ကျန်ခဲ့တဲ့ ပြည်သူတွေကို နင်းချေသတ်ဖြတ်ဖို့ ဒေဝဒတ်ရွှေက ဝါဇီကနေ ငါးထောင်တန် ငွေစက္ကူတွေ လွှတ်လိုက်ပါပြီ။

(စကားဖြတ်။ ။ ၂၀၀၃ ခုနှစ်၊ မေလ၊ ၃၀- ဒီပဲယင်းအရေးအခင်းတုန်းကလည်း တိုင်းခန်းလှည့်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ၊ ကျောင်းသားကျောင်းသူ၊ ရဟန်းသံဃာတွေကို ဒေဝဒတ်ရွှေနဲ့အဖွဲ့က သူ့ရဲ့ နလပိန်းတုန်း စစ်သား၊ ကြံဖွတ်၊ စွမ်းအားရှင်တွေကို အရက်ကိုးမောင်းတိုက်ပြီး သတ်ဖြတ်အစဖျောက်လုပ်ကြံခိုင်းခဲ့ဖူးပါတယ်။ - ဘလော့ဂ်အယ်ဒီတာ)



တစ်နေ့ (၁၀၀၀/ ၁၅၀ဝ)ကျပ်သာ လုပ်အားခ နေ့တွက်ရတဲ့ ပန်းရံနေ့စား လက်သမားတို့... ငါးထောင်တန် ပေးရင် ပြန်အမ်းစရာ (၄၀ဝဝ) (၃၅၀ဝ) ကျပ် အကြွေတွေ ရှိကြပါရဲ့လား ခင်ဗျား။ တို့... မစားမသောက်ဘဲ ဆောင်ထားကြရမယ်နော်။

ပဲပြုတ်သည်ဆီမှာ ပဲပြုတ်ဝယ်ရင် ခင်ဗျား... အားနာစရာကြီး။ ပဲပြုတ် နှစ်ရာဖိုး "အကြွေမအမ်းနိုင်ပါဘူး၊ မပေးနဲ့တော့" လို့ ပြောသွားရင် ခင်ဗျား ဘယ်လို ခံစားရမလဲ။ (၅၀) ကျပ်တန်၊ ၁၀၀ ကျပ်တန်၊ ၂၀၀ ကျပ်တန် အကြွေရှားပါးမှုတွေကို မဖြေရှင်းဘဲ ဆင်မိုက်ကြီးတွေ ပြည်သူကြားလွှတ်လိုက်တာဟာ ရိုးသားပါရဲ့လား။ ဒေဝဒတ်က ဘုရားကို လုပ်ကြံသလို ပြည်သူတွေကို လုပ်ကြံလိုက်တာပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့တာဝင်ငွေထက် ပိုတဲ့ ငွေစက္ကူတန်ကို ထုတ်လုပ်သင့်ပါရဲ့လား ... စဉ်းစားသင့်ပါတယ်။

တစ်ခါက ဈေးချိုအိမ်သာမှာ အိမ်သာဝင်တက်တော့ ငါးရာတန်ထုတ်ပေးတော့ အကြွေအမ်းစရာ မရှိလို့... တော်ပြီ... မယူတော့ဘူး..လို့ အပြောခံရတာ ရင်ထဲမှာ အောင့်သက်သက်ကြီး ကျန်ခဲ့ဖူးတယ်။ ဒီနာဠာဂီရိ ဆင် ငါးထောင်တန်တွေနဲ့ ပဲပြုတ်ဝယ်ရင်၊ ရေခဲချောင်းဝယ်ရင်၊ အကြော်ဝယ်ရင်... ဘယ်လို ခံစားကြရမလဲ။

ကျောက်ဆည်ဆင်ကြီးဟာ ကျောက်ဆည်လို တွေးပြီး ကျောက်ဆည်လို အလုပ်လုပ်နေတာ အတော်ဆိုးသဗျို့။ တကယ်တော့ ကျောက်ဆည်ဆင်ဆိုတာ အနှစ်မပါ ဗလာ အခေါင်းကြီးပါ။ အတုအလိမ်ကြီးပါ။ ဆင်အစစ်တွေ သိက္ခာမဲ့အောင် အယောင်ဆောင်ကောင်ကြီးပါ။ ဒါကို ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ဆင်မိုက်ကြီးက ပြည်သူတွေကို နင်းချေသတ်ဖို့ နာဠာဂီရိဆင်တွေ လွှတ်လိုက်ပါပြီ ခင်ဗျ။

ပြည်သူအပေါင်း သတိကြပ်ကြပ်ထား၍ ရှောင်တိမ်းကြပေရော့။ ဆင်နင်းပြီး အသတ်ခံရတဲ့ နန်းမတော်မမြလေးလို မဖြစ်ရအောင် ရှောင်နိုင်ကြပါစေ...။ တကယ်တော့ ဒေဝဒတ်သန်းရွှေဟာလည်း ပုဂံမင်းလို ရူးနေတာပဲ မဟုတ်ပာလား...။ ။

ယောမင်းလေး
http://bigbbrown.blogspot.com/

0 Comments:

blogger templates | Make Money Online