Monday, November 9, 2009

http://lanka-msma.blogspot.com/

ဘယ်သူတွေအပေါ်မှာ သစ္စာစောင့်သိကြမှာလဲ ၊ သာသနာတော် အပေါ်မှာလား ၊ အာဏာရှင်တွေကိုလား ?

03/11/2009
“အရှင်ဘုရားတို့ဖက်က ကိုယ်တော်တွေ ဒီခြင်းလေးတစ်လုံးကိုတောင်မှ အဲဒီလောက် မက်မော ဖက်တွယ်နေကြရသလား” တဲ့။ အဲဒီစကားရပ်ကလေးက ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းက နအဖ စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် တစ်ယောက် သီရိလင်္ကာနိုင်ငံ အလည်အပတ်ခရီးစဉ်အပြီး ပြည်တော်ပြန်သွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြည်တွင်း ပြည်ပရှိ သံဃာတော်များထံက ထွက်ပေါ်လာခဲ့တဲ့ စကားသံလေးပဲဖြစ်ပါတယ်။ အကြောင်းကတော့ အဆိုပါ ၀န်ကြီးရဲ့ ခရီးစဉ်အတွင်းမှာ သီရိလင်္ကာမှာ ပညာသင်ကြားနေကြတဲ့ သံဃာတော်များအတွက်ဆိုပြီး သင်္ကန်းတစ်စုံ ဖိနပ်တစ်ရံ ထီးတစ်လက် ပါတဲ့ ခြင်းတစ်လုံးစီကို လှူဒါန်းသွားခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို လှူဒါန်းတဲ့အခမ်းအနားကို ကိုလံဘိုမြို့မှာတည်ရှိတဲ့ မကုဋာရာမ မြန်မာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သံဃာတော်အချို့ရဲ့ ရှေ့မှောက်မှာ လှူဒါန်းသွားခဲ့တာလည်းဖြစ်ပါတယ်။

သူတို့ဆက်ကပ်လှူဒါန်းသွားခဲ့တဲ့ မှတ်တမ်းတင် ဗွီဒီယိုကို မြန်မာရုပ်မြင်သံကြား အစီစဉ်ကနေတဆင့် ထုတ်လွှင့် ပြသသွားခဲ့တယ်လို့လဲသိရပါတယ်။ ပြည်တွင်းပြည်ပရှိ သံဃာတော်များအချို့က အဆိုပါ ထုတ်လွှင့်ချက်တွေကို သိမြင် ကြားသိကြရပြီးတဲ့နောက်ပိုင်းမှာတော့ အထက်မှာဖော်ပြခဲ့တဲ့ မှတ်ချက် စကားလေးကို ပေးသွားခဲ့ကြတာလဲဖြစ်ပါတယ်။
၎င်းတုန့်ပြန်ချက်စကားရပ်တွေကို ကြည့်သောအားဖြင့် ပြည်သူတွေအပေါ်မှာ ထားရှိတဲ့ စစ်အစိုးရရဲ့ သဘောထား လုပ်ရပ်တွေကို ၂၀၀၇ ခုနှစ် စစ်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်းမှာ သံဃာတော်များ အကြမ်းဖက် နှိမ်နင်းမှုတွေကို မရင်ဆိုင်ရခင်ကတည်းက ရဟန်းသံဃာတော် အများစုကြီးဟာ လုံးဝ မနှစ်မြှို့ခဲ့ကြဘူးဆိုတာ သိသာထင်ရှားလှပါတယ်။
ကိုင်း အခုတော့ စစ်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးနဲ့ ၄င်းကာလအတွင်းက အဖြစ်သနစ်ဆိုးကြီးတွေကိုလည်း ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။ သီရိလင်္ကာနိုင်ငံမှာ ယနေ့လက်ရှိ ပညာသင်ကြားနေကြတဲ့ စာသင်သား သံဃာတော်အများစုဟာ ရွှေဝါရောင် တော်လှန်ရေးကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြလို့ စစ်အုပ်စုရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကို ကိုယ်တိုင်ခံစားခဲ့ကြရသလို အချို့လည်း အဆိုပါကာလအတွင်းက စစ်အုပ်စုရဲ့ အကြမ်းဖက်နှိမ်နင်း နှိပ်စက်နေတဲ့ပုံတွေ ဘုရားကျောင်းကန်တွေကို နအဖစစ်အုပ်စုရဲ့ နောက်လိုက်အချို့က ဖျက်ဆီးလိုက်ကြတဲ့သတင်းတွေ အချို့ဘုန်းတော်ကြီးကျောင်းများ အပိတ်ခံလိုက်ကြရတဲ့ သတင်းများအပါအ၀င် သံဃာတော်အများစုကိုလည်း အဆိုပါ တော်လှန်ရေးကြီးနဲ့ ဆက်စပ်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံလိုက်ရတာတွေကို ပြည်တွင်း ပြည်ပရှိ သတင်းများမှတစ်ဆင့် သိရှိဆဲ သိရှိနေခဲ့ကြရပြီးလည်းဖြစ်ပါတယ်။
ယခုလို စစ်အုပ်နှင့် ၄င်းတို့ နောက်လိုက်အချို့ရဲ့ လုပ်ရပ်တွေဟာ မြတ်ဗုဒ္ဓသာသနာတော်ကြီးအတွက် ဘယ်လောက်အထိ ထိခိုက်နက်နာတယ်ဆိုတာ မြတ်ဗုဒ္ဓရဲ့ သာသနာအတွင်းမှာ နေပြီး လောကကောင်းကျိုးနှင့် သာသနာအကျိုအတွက်ဟု မိမိကိုယ်ကို ခံယူထားကြသူ သာသနာ့ဝန်ထမ်း အားလုံးကသဘောပေါက် နားလည်ထားကြပြီး ဖြစ်ပါလိမ့်မယ်။ မြတ်စွာဗုဒ္ဓကိုယ်တော်တိုင်က သာသနာတော်ကြီးကို အမှီပြုပြီး လောကကောင်းကျိုးများကို ထမ်းဆောင်နိုင်ရေးအတွက် သာသနာတော်ကြီးအပေါ်မှာ ကျရောက်လာနိုင်တဲ့ အန္တရာယ်အချို့ကို ကာကွယ် တွန်းလှန်နိုင်ရေးအတွက် လမ်းစဉ်အချို့ကို ချမှတ်တော်မှုခဲ့ပါတယ်။ အဆိုပါလမ်းစဉ်တွေထဲကမှ ပတ္တနိကုဇ္ဇနကံ လို့ခေါ်တဲ့ တရားဓမ္မဟောကြားခြင်းနှင့် ဆက်စပ်၍ဖြစ်စေ ၄င်းတို့လှူတဲ့ ပစ္စည်းလာဘ်လာဘတွေကို အလှူမခံပဲ ငြင်းပယ်၍ဖြစ်စေ အဆက်အသွယ်ဖြတ်တောက်တဲ့ လုပ်ဆာင်နည်းစနစ်ကတော့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သလို အနုညံ့ဆုံး အငြိမ်းချမ်းဆုံး နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ ပတ္တနိကုဇ္ဖနကံလို့ခေါ်တဲ့ သံဃာတော်များရဲ့ သပိတ်မှောက်ကံကို သာသနာအရေးအတွက် ရတက်မအေးဖြစ်ကြတဲ့ ဆရာတော်ကြီးများက ဦးဆောင်ဦးရွက်ပြုပြီး ၁၉၉၀ ခှနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ် စစ်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလအတွင်းမှာ တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ကြပြီးလည်းဖြစ်ပါတယ်။ သို့သော်လည်း အချို့သံဃာတော်များဟာ ပစ္စည်းလာဘ်လာဘတွေရဲ့ အပေါ်မှာ ရစ်မူးတတ်တဲ့ လောဘတိမ်သလာရဲ့ ဖုံးလွှမ်းခြင်းကိုခံနေကြရတာကြောင့် မိမိကိုယ်တိုင် မှီတင်းပြီးနေထိုင်နေတဲ့ သာသနာကြီးရဲ့မျက်နှာ ကိုယ့်သာသနာ့ဝန်ထမ်း အချင်းချင်းတို့ရဲ့မျက်နှာကို မတွေ့မြင်နိုင်ကြတော့ပဲ သူခိုး ဓာရိုးကမ်းဆိုတာမျိုးလို ကိုယ့်သာသနာကို ဖျက်ဆီးမယ့်သူတွေကို အားပေးအားမြောက် လုပ်ဆောင်နေတာမျိုးတွေကို တွေ့မြင် ကြားသိလို့နေကြရပါတယ်။
ယခုလောလောဆယ်မှာ ပြီးခဲ့တာတွေကို ခဏထားပြီး မကြာခင် တွေ့ကြုံလာရနိုင်တဲ့ ကိစ္စတစ်ခုကို ဆက်ကြည့်ကြပါစို့။ မကြာခင်ကမှ ကြားသိရတဲ့ သတင်းများအရ များမကြာမှီ ရက်ပိုင်းအတွင်း မြန်မာပြည်က စစ်ခေါင်းဆောင်ကြီးလည်းဖြစ် တတိုင်းပြည်လုံးကို နှစ်နှစ်ဆယ်နီးပါး ဒုက္ခပေါင်းများစွာပေးလာခဲ့သူလည်းဖြစ် တနည်းအားဖြင့် ဆိုရရင် ၂၀၀၇ ခုနှစ် စစ်တင်ဘာ သံဃာအရေးခင်းကာလကတည်းက ယခုလက်ရှိအခြေအနေထိ သံဃာတော်တွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတဲ့နေရာမှာ အဓိကကြိုးကိုင်သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတစ်ယောက် သီရိလင်္ကာကို အလည်အပတ်ခရီး လာရောက်မယ်ဆိုတာကို ကြားသိနေရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းများရဲ့အဆိုအရ ၄င်း၏ခရီးစဉ်အတွင်းမှာ သီရိလင်္ကာရှိ သံဃာတော်များအတွက်ဆိုပြီး ပြည်တွင်းမှာ အလှူခံနေတာမျိုးတွေ ရှိတယ်လို့လည်း ကြားသိရပါတယ်။ အကယ်၍ အဆိုပါသတင်းတွေသာ တိကျမှန်ကန်ခဲ့ပါရင် မိမိတို့သံဃာတော်များအနေနဲ့ လောဘတိမ်သလာကို မဖယ်ရှားပဲ စစ်ဘီလူးတွေ လှူဒါန်းတဲ့ ပစ္စည်းတွေကို လက်ခံလိုက်ကြအုံးမှာလား၊ မိမိကိုယ်မိမိ သာသနာ့ဝန်ထမ်းဆိုတဲ့ အသိစိတ်ကို ဖျောက်ပြီး မြတ်ဗုဒ္ဓရဲ့ သာသနာ့ဂုဏ်သိက္ခာကို ခြေနဲ့ ဇုန်ကန်ကြအုံးမှာလား၊ သာသနာနှင့် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခပေါင်းများစွာ ပေးနေတဲ့ အဆိပ်ပင်ကြီးကို ရေစင် ရေအေးတို့ဖြင့် သွန်းလောင်းပေးကြအုံးမှာလား၊ နောက်ထပ်တစ်ကြိမ်အဖြစ် “အရှင်ဘုရားတို့ဖက်က ကိုယ်တော်တွေ ဒီခြင်းလေးတစ်လုံးကိုတောင်မှ မက်မော ဖက်တွယ်နေကြရသလား” ဆိုတဲ့ မှတ်ချက်ပေးခံရမှုမျိုးကို ရင်ဆိုင်ကြရအုံးမှာလား ဆိုတာကိုတော့ စောင့်ကြည့်ကြရအုံးမှာပဲဖြစ်ပါတယ်။ အားလုံးကိုယ်စီကသာ မိမိတို့ မြတ်ဗုဒ္ဓသာသနာကြီးရဲ့ အပေါ်မှာသစ္စာစောင့်သိခဲ့ကြပါရင် စောင့်ကြည့်စရာဆိုတာ လိုအပ်လိမ့်မည်မဟုတ်ပါချေ ။ ။
(ဓမ္မဇောတိ)

MSMA

အစအဆုံး..ကြည့်ချင်ပါက....

0 Comments:

blogger templates | Make Money Online