Sunday, November 15, 2009

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2123:2009-11-12-11-16-49&catid=1:news&Itemid=2

စစ်ထောက်လှမ်းရေးနှင့် ကျောင်းသားထောင်ထဲမှာ မိတ်ဆွေဖြစ်နေ


စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားများ ပြဒါးတလမ်း သံတလမ်း ဖြစ်ခဲ့ပြီးနောက် ယခု အချိန်တွင် ဘ၀တူများ ဖြစ်ကုန်ကြ၍ မိတ်ဆွေများ ဖြစ်နေကြ ပြီဟု မြင်းခြံထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးကပြောသည်။

“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တဖြည်းဖြည်းလျော့သွားတော့ ထောက်လှမ်းရေးတွေကို ကျနော်တို့နဲ့ပေါင်း ထားလိုက်တာ”ဟု ၎င်းကဆိုသည်။

နိုင်ငံရေးအကျဉ်းသားများနှင့် အတူနေကြသည့် စစ်ထောက်လှမ်းရေး အရာရှိကြီးများမှာ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီးခင်အောင်တို့ ဖြစ်ပြီး၂၀၀၄ခုနှစ် အောက်တိုဘာလက အမျိုးသား ထောက်လှမ်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီးနောက် ပြစ်ဒဏ် ချမှတ်ခံရပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု အဆိုပါနိုင်ငံရေး အကျဉ်းသားဟောင်းကပြောသည်။

မြင်းခြံထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကြားတွင် ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းများ နှင့် ပတ်သက်၍ မည်သို့သဘောထားဆက်ဆံမည်နည်း ဟူသည့် မေးခွန်အပေါ်သဘောထားတုံ့ပြန်ချက် ကွဲလွဲမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ ကြောင်းလည်းသိရသည်။

ယခင်က ထောက်လှမ်းရေး အဖွဲ့ဝင်များ နိုင်ငံရေးအကျဉ်းသားများ အပေါ်တွင် ထားရှိခဲ့သည့် သဘောထားကြောင့် နိုင်ငံရေး အကျဉ်းသားတချို့က မဆက်ဆံသင့်ကြောင်း၊ တချို့ကလည်း သူတို့ အားလုံးသည် ဘ၀တူအကျဉ်းသားများ ဖြစ်လာကြသည့်အတွက် ဆက်ဆံရေးထူထောင်ပြီး ကူညီသင့်သည်ဟု သဘောထားများ ရှိခဲ့သည်။ နောက်ပိုင်းတွင် ကူညီမှုများပေးရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

“အားလုံးဟာလူသားတွေပဲလေ၊ဒါကြောင့်လည်း လက်စားချေတာတွေဘာတွေ မလုပ်တော့ပါဘူး၊ သူတို့လည်း ဒုက္ခ ရောက်နေကြတဲ့လူတွေပဲ”ဟုအဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။

ယခုအခါ မြင်းခြံထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများက အဆိုပါ ထောက်လှမ်းရေးအရာရှိကြီး နှစ်ဦးကို တရားရှုမှတ် သောနည်း၊ တရားထိုင်သောနည်းများကို သင်ကြားပေး၍ အပြန်အလှန်အားဖြင့် ၎င်း စစ်အရာရှိကြီးများကလည်း နိုင်ငံရေး အကျဉ်းသားများကို အင်္ဂလိပ်စာကိုသင်ကြားပေးနေသည်ဟု လက်ရှိ မြင်းခြံထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားတဦး၏ မိသားစုဝင်တဦးက ပြောသည်။

ယင်းအဖြစ်အပျက်သည် လူဆန်သည့် ဇာတ်ကြောင်း တခုကို ကိုယ်စားပြုနေသကဲ့သို့ဖြစ်နေသည်ဟု အဆိုပါနိုင်ငံရေး အကျဉ်းသား မိသားစုဝင်ကပြောသည်။

၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်း၍ အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်အားနေ အိမ်အကျယ်ချုပ် ၄၄နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ရာထူးအဆင့်ရှိသူများဖြစ်သည့် မြင့်အောင်ဇော်၊ လှအောင်၊ ကျော်ဟန်၊ သန်းထွန်း၊ မြင့်ဇော်၊ ကျော်သိန်း၊ သိန်းဆွေ နှင့် ဗိုလ်မှူးကြီးအဆင့်ရှိသူ ခင်အောင်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။

ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီးခင်အောင်အပါအ၀င် ၎င်းထောက်လှမ်းရေးအရာရှိကြီး ၃၈ဦးကို အကျင့်ပျက်ခြစားမှု များနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀မှ နှစ်၁၀၀ကျော် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

ဗိုလ်မှူးချုပ်သိန်းဆွေသည် ထောက်လှမ်းရေးအဖွဲ့၏ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဌာနကြီးမှူးဖြစ်ပြီး အစိုးရနှင့် နီးစပ် သည့် အပတ်စဉ်ထုတ် မြန်မာတိုင်းမ်စ်ဂျာနယ်၏ ထုတ်ဝေသူတဦးအဖြစ်လူသိများခဲ့သူဖြစ်သည်။ ၎င်းသည်လည်း နိုင်ငံရေးအကျဉ်းသားများနည်းတူ နယ်ဝေး ထောင်များသို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ လက်ရုံးတဆူဖြစ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်သည် အင်းစိန် ထောင်တွင်း၌ ကွယ်လွန်သွားခဲ့သည်။

0 Comments:

blogger templates | Make Money Online