Tuesday, July 1, 2008

ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်တို့ တိုက်ပွဲ အပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်ဆဲ





ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်သဖြင့် ဖဒိရွာထိပ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ထိုင်းရွာသားများ

ယမန်နေ့နံနက်က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ဒီကေဘီအေ-မြန်မာစစ်တပ် ပူးတွဲအဖွဲ့ ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးဘဲ ယနေ့ဆက်လက် ဖြစ်ပွားရာ မိုးထဲရေထဲတွင် တဖက်နှင့်တဖက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။


ဒီကေဘီအေ-မြန်မာစစ်တပ်ပူးတွဲအဖွဲ့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူး တပ်ရင်း (၂၀၁) စခန်း တည်ရှိရာ ဝေါ်လေခီးဒေသအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ထိုင်းနိုင်ငံတွင်းသို့ ယနေ့နေ့လယ်က လက်နက်ကြီးကျည် (၃) လုံး ကျရောက်ခဲ့သည်။

ဝေါ်လေခီးဒေသ ထိုင်းဘက်ခြမ်းရှိ ဖဒိရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် ထိုင်းရွာ သား (၂၀၀) ခန့်မှာ ဘေးလွတ်ရာသို့ထွက်ပြေးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရပြီး ကျေးရွာစာသင်ကျောင်းကို ပိတ်ထားရသည်။

တိုက်ပွဲအခြေအနေကို ဖိစနို့လို့ခရိုင် နရေစွမ်တပ်မမှူး ဗိုလ်ချုပ်ဆူရတ်ချစ်ကာဒီ၊ မဲဆောက်အခြေ စိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဖွန်စို့နှင့် တပ်ဖွဲ့ဝင်များ အနီးကပ်လာရောက်စစ်ဆေးခဲ့ကြသည်။

ယနေ့နံနက်မှစတင်ကာ အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နယ်စပ်မျဉ်းအနီး မည်သူ့ကိုမှ သွားလာခွင့် မပြုဘဲ စစ်ဆေးရေးဂိတ် (၃) ဆင့် ချထားကာ ထိုင်းနယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ် လုံခြုံရေးကို တိုးမြှင့်ချထားသည်။

တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသအား သိမ်းဆည်းနိုင်ရေးအတွက် ဒီကေဘီအေနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် (၁၅) မိနစ်တကြိမ်ခန့် ပစ်ခတ် လျက်ရှိသည်ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက “မိုးထဲ ရေထဲမှာ တိုက်ပွဲကတော့ ပြင်းထန်တယ်။ သူတို့က ဒီနယ်မြေကို လိုချင်သလို ကျနော်တို့ကလည်း ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံးပြုပြီးတော့ ကာကွယ်တိုက်ထုတ်နေပါတယ်။ ရှေ့ဆက် တိုက်ပွဲက ဒီထက်ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်” ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) တပ်စခန်းတည်ရှိရာ ဝေါ်လေခီး ဒေသအား ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့နံနက် (၄) နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည် (၂) ဦး လက်ရ ဖမ်းဆီးခြင်းခံရကာ (၁) ဦး ကျဆုံးခဲ့ပြီး ယနေ့တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးကို မသိရသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိပြီး ထိုင်းဘက် ခြမ်းတွင် ဖဒိ ထိုင်းကျေးရွာတည်ရှိသည်။ ။


0 Comments:

blogger templates | Make Money Online