Thursday, July 3, 2008

မွန်ဂိုလီးယားတွင် အရေးပေါ်အခြေအနေကြေညာ

မွန်ဂိုလီးယားနိုင်ငံ၌ မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအတွင်း လိမ်ညာမှုများ ရှိသည်ဟု ပြောဆိုစွပ်စွဲကာ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့်ကြားမှ သမ္မတ နမ်ဘာရီး အန်ခါဘာယားက နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ယနေ့ထုတ်ပြန်ကြေညာ လိုက်သည်။

“သမ္မတက ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်အညီ ဇူလိုင် (၁) ရက် ည (၁၁း၃၀) မှ စတင်၍ (၄) ရက် ကြာ အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်” ဟု နိုင်ငံတော်ပိုင် ရုပ်သံအစီအစဉ်မှ လွှင့်ထုတ် ကြေညာသည်။

ခွင့်ပြုချက်အထောက်အထားမပါဘဲ ည (၁၀) နာရီကျော် အပြင်ထွက်သူ မည်သူမဆို ဖမ်းဆီးခံ ရမည်ဖြစ်ပြီး လူစုလူဝေးမှန်သမျှ ဖြိုခွဲခံရမည်ဖြစ်ကြောင်း၊ မွန်ဂိုလီးယားအစိုးရပိုင် ရုပ်သံမှလွဲ၍ အခြားသတင်းဌာနများကိုလည်း ပိတ်ပင်လိုက်ကြောင်းနှင့် အစိုးရအဆောက်အအုံများကို ကာကွယ်ရန် လုံခြုံရေး ပိုမိုတင်းကျပ်မည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။

ယခုလ (၂၉) ရက်၌ ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ တရားဝင် မဟုတ်သည့် ပဏာမရလဒ် များအရ ပါလီမန် (၇၆) နေရာအနက် လက်ရှိအစိုးရ မွန်ဂိုလီးယားပြည်သူ့တော်လှန်ရေးပါတီ (အမ်ပီအာပီ) က (၄၆) နေရာ၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက (၂၁) နေရာ ရသည်ကို မကျေနပ်သူများက မြို့တော် အူလန်ဘာတာ၌ ယမန်နေ့က စတင်ဆန္ဒပြကြခြင်းဖြစ်သည်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီအား ထောက်ခံသူများ ပါဝင်သည့် အဆိုပါ ဆန္ဒပြသူ (၆,၀၀၀) ခန့်က မြို့တော်အလယ်ရှိ အမ်ပီအာပီ၏ ဌာနချုပ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး မီးသတ်သမားများ ကိုလည်း ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ရဲများက ရာဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများကို အသုံးပြု၍ နှိမ်နင်းခဲ့သော်လည်း အကြမ်း ဖက်မှုများ ဆက်လက်ဖြစ်ပွားပြီး နောက်ပိုင်း၌ အကြမ်းဖက်မှုများသည် မြို့တော်၏ အခြားအစိတ် အပိုင်းများသို့ ကူးစက်သွားသည်။

ရဲစခန်းကိုပါ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ယင်းအကြမ်းဖက် ဆန္ဒပြမှုကြောင့် ရဲ (၃၀) နှင့် အရပ် သား (၂၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစောပိုင်းသတင်းများက ဖော်ပြသည်။

အနုပညာဆိုင်ရာပြခန်း၊ ပြတိုက်နှင့် ပြဇာတ်ရုံတို့ရှိသော ယဉ်ကျေးမှုနန်းတော်၏ အစိတ်အပိုင်း တချို့လည်း ယနေ့နံနက်တွင် မီးရှို့ခံခဲ့ရသည်။ အဆိုပါ နန်းတော်ဝန်းကျင်ရှိ အကြမ်းဖက်မှု နှိမ်နင်းရေးရဲများက ဆန္ဒပြသူများကို ဖမ်းဆီးနေပုံနှင့် ရာဘာကျည်များဖြင့် ပစ်ခတ်နေပုံတို့ကို ရုပ်သံသတင်းများတွင် ဖော်ပြသည်။

သမ္မတ နမ်ဘာရီး အန်ခါဘာယားက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတကြောင်း ရုပ်သံ မှတဆင့် ပြောကြားခဲ့ပြီး အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရှာခီးယား အယ်ဘဂ်ဒေါ့ အနေဖြင့် ပြည်သူလူထုကို အကြမ်းဖက်မှုများ ပြုလုပ်လာစေရန် မှားယွင်းစွာ ဦးဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်သည်။

မစ္စတာအယ်ဘဂ်ဒေါ့က ဒီမိုကရက်များသည် အောင်ပွဲကို ဓားပြတိုက်ယူခဲ့ကြောင်းနှင့် မဲပေးသူ အများစုသည် ၎င်း၏ပါတီကို မဲပေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

နိုင်ငံတကာလေ့လာသူများကမူ ယခုလ (၂၉) ရက် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတ မှုရှိသည်ဟု မှတ်ချက်ပေးကြသည်။ ။


0 Comments:

blogger templates | Make Money Online