Wednesday, July 30, 2008

ဒဏ်ရာ




လူရယ်လို့ ဖြစ်လာရင် ဒဏ်ရာဆိုတာ ရကြစမြဲပါ။ ဒဏ်ရာ(၂)မျိုး ရှိမယ်လို့ ထင်ပါတယ်။ ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာနဲ့ စိတ်မှာရတဲ့ ဒဏ်ရာ ဆိုပြီး ဒီလို (၂)မျိုး တွေ့ရပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာကို အချိန်မှီ ဆေးကုသမယ်ဆိုရင် ပျောက်ကင်း သွားပါလိမ့်မယ်။ စိတ်မှာရတဲ့ ဒဏ်ရာကိုတော့ ဘာနဲ့ ကုစားကြမလဲ။ ဒီနေရာမှာ ဗုဒ္ဓ၏ ဆေးနည်း ကတော့ ဘာဝနာတရားကို အခြေခံထားပြီး ကုစားရမယ်လို့ အဓိက ညွှန်ကြားထားပါတယ်။

စိတ်မှာဖြစ်နေတဲ့ ဒဏ်ရာကို သမထဘာဝနာ ၀ိပဿနာဘာဝနာ (၂)မျိုးထဲမှ သမထဘာဝနာဖြင့် ကုစားရမယ်လို့ ပြောထားပါတယ်။ သမထ ဆိုတာ စိတ်ကို ငြိမ်းအေးစေပြီး သမာဓိကို ဖြစ်စေတတ်ပါတယ်။ ဘာဝနာ ဆိုတာ လွန်စွာအကျိုးများသဖြင့် မိမိတို့၏ သန္တာန်၌ အဖန်ဖန် ဖြစ်စေထိုက် ပွားများစေထိုက်သော တရားကို ခေါ်တာပါ။ ပူနေတဲ့ စိတ်ကို အေးအောင်လုပ်တာ သမထ၊ ပျံ့လွင့်နေတဲ့စိတ်ကို အာရုံတခုထဲ ဆွဲစုတာကို သမထလို့ ခေါ်တာပါ။ သမထ (၄၀) ရှိတဲ့အထဲမှာ မေတ္တာဘာဝနာ ဆိုတာ သတ္တာဝါအများကို ကောင်းစားစေလိုခြင်း၊ ချစ်ခင် မြတ်နိုးခြင်း သဘော ရှိပါတယ်။ ဒါကြောင့် မေတ္တာပွားခြင်း မေတ္တာပို့ခြင်းဟာ စိတ် ဒဏ်ရာ အတွက် ဗုဒ္ဓ၏ အကောင်းဆုံး ဆေးကုနည်းပါ။

ကျွန်တော်တို့ မြန်မာပြည်သူတွေမှာ ခေတ်အဆက်ဆက် လွတ်လပ်ရေး ငြိမ်းချမ်းရေး ဒီမိုကရေစီ အရေးတွေနဲ့ ပတ်သက်ပြီး ယနေ့ထက်တိုင် ဒဏ်ရာပေါင်းများစွာ ရင်နင့်အောင် ခံစားခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်္ဘာလမှာ ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးမှာ န.အ.ဖ စစ်အာဏာရူး လူတစ်စု၏ လူမဆန်စွာ ဖမ်းဆီး နှိပ်စက် ညှင်းပမ်း သတ်ဖြတ်မှုတွေကြောင့် ရဟန်း ရှင် လူ ပြည်သူ အားလုံး ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြပါတယ်။ ခန္ဓာကိုယ်မှာ ရတဲ့ ဒဏ်ရာတွေကို ဆေးကုသလို့ ပျောက်ကင်းကောင်း ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် မေတ္တာပို့သပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင် မြန်မာ့ပြည်သူများ၏ စိတ် ဒဏ်ရာကို ဘယ်လိုကုစားကြမလဲ။ ဗုဒ္ဓ၏ မေတ္တာတရား နဲ့ပဲ ကုစားကြမလား။ ဒီမိုကရေစီ မရမချင်း မြန်မာပြည်သူတွေ နေစဉ် ခံစားနေရမှာ ဒဏ်ရာ…..

0 Comments:

blogger templates | Make Money Online