Monday, February 2, 2009

မြန်မာ့ငွေကြေးနယ်ပယ်မှ ကျပ်ငွေစက္ကူအတုပြဿနာ

ခင်မောင်ငြိမ်း


နိုင်ငံတကာ ငွေကြေးနယ်ပယ်မှာ ငွေစက္ကူအတုတွေရဲ့ပြဿနာဟာ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်နေခဲ့ပေမယ့်လဲ ဒီကနေ့ နဝတအထိ သက်ဆိုင်ရာအစိုးရတိုင်းဟာ အဲဒီငွေတုပြဿနာကိုဖြေရှင်းနိုင်မှုမှရှိကြတာ တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာ သုံးငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာဟာ အတုပြုလုပ်တာ အခံရဆုံးဖြစ်ပြီး မကြာခဏဆိုသလို နိုင်ငံအနှံအပြားမှာ သက်ဆိုင်ရာ အာဏာပိုင် တွေက ဖမ်းဆီးရမိမှုတွေလဲ ရှိနေပါတယ်။ နောက်ဆုံး ၁၉၉၂ ခုနှစ်က အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်မှာ မူးယစ် ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းဆီးရမိခဲ့တဲ့ လက်ဘနွန်နိုင်ငံဖွား ဂီဘရန်ဟန်နာနဲ့ ပီတာကက်တာဆိုတဲ့ လူနှစ်ယောက်ဆီက အမေရိကန် ဒေါ်လာ တရာတန်အတုတွေ ဖမ်းဆီးရမိပြီးတဲ့နောက်မှာတော့ အမေရိကန်အစိုးရကိုယ်တိုင်က အတော်လေး အံ့သြတုန်လှုပ်သွားရတယ် လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလူနှစ်ယောက်ဆီက ဖမ်းဆီးရမိခဲ့တဲ့ အမေရိကန်ဒေါ်လာ တရာတန်အတုတွေဟာ အစစ်နဲ့ ထပ်တူနီးပါးတူညီတဲ့ (Super Note) တွေ ဖြစ်နေလို့ပါပဲ။

သူတို့နှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေ၊ အမေရိကန်အစိုးရအာဏာပိုင်တွေရဲ့ စုံစမ်းထောက်လှမ်းမှုတွေအရ သာမန်လူတယောက်အဖို့ ဘယ်လိုမှ အတုလို့မခွဲခြားနိုင်ဘဲ နောက်ဆုံးပေါ်စက်ကိရိယာတွေနဲ့သာ အတုအစစ်ခွဲခြားနိုင်တဲ့ အဲဒီဒေါ်လာအတုတွေကို ၁၉၉၀ ပြည့်နှစ် ဝန်းကျင်လောက်က အရှေ့အလယ်ပိုင်းဒေသမှာ စတင်ထုတ်ဝေခဲ့ပြီး နှစ်နှစ်အတွင်း ဒေါ်လာသန်း ၂၀၀၀ ကနေ ၃၀၀၀ အကြား ရိုက်နှိပ် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ဗဟိုဘဏ်က အဲဒီငွေစက္ကူအတုတွေဟာ အမေရိကန်ဒေါ်လာစုစုပေါင်း ငွေကြေး ပမာဏရဲ့ ရာခိုင်နှုန်း နည်းနည်းလေးသာရှိတာမို့ အမေရိကန်နိုင်ငံရဲ့ မာကရိုစီးပွားရေးပြဿနာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ နောက်မှာတော့ အမေရိကန်အစိုးရဟာ ၁၉၂၉ ခုနှစ်ကတည်းက ပုံစံအပြောင်းအလဲမရှိဘဲ ထုတ်ဝေလာတဲ့ ဒေါ်လာတရာတန်ကို နှစ်ပေါင်း ၇၀ နီးပါးအကြာ ၁၉၉၆ ခုနှစ်ကမှ ဒီဇိုင်းအသစ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ ဒီနေရာမှာ အဓိကထားပြောချင်တာက မြန်မာကျပ်ငွေစက္ကူ အတုပြဿနာပါ။ အခုလို အမေရိကန်ဒေါ်လာအတုအကြောင်းကို နိဒါန်းချီပြီး စပြောနေရတာကလဲ သေနတ်ပစ်တာလောက်သာ ကျွမ်း ကျင်တဲ့ မဆလစစ်အစိုးရ၊ နဝတ စစ်အစိုးရ အဆက်ဆက်ဟာ ငွေကြေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေ အသိပညာတွေမရှိဘဲ စိတ်ကူး ပေါက်တိုင်း ငွေစက္ကူတွေကို တရားမဝင် ကြေညာလိုကြေညာ၊ ယတြာချေချင်တိုင်း မြန်မာကျပ်ငွေစက္ကူတွေကို ကိန်းဂဏန်းအမျိုးမျိုးနဲ့ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်နေလို့ပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဦးနေဝင်းစစ်အစိုးရ အာဏာသိမ်းပြီးတက်လာတာနဲ့ မြန်မာကျပ်ငွေစက္ကူကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်လိုက်တာ ကတော့ ၁၉၆၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှာ ကျပ်သန်း ၁၂၀၀ တန်ဖိုးရှိတဲ့ ကျပ် ၁၀၀ တန်နဲ့ ၅၀ ဆယ်တန် ငွေစက္ကူတွေကို တရားမဝင် ငွေအဖြစ် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ စစ်အုပ်စုက "ငွေရှင်ကြေးရှင်တွေဟာ တရားမဝင်နည်းလမ်းနဲ့ ရတဲ့ငွေတွေကို ဘဏ် မှာမအပ်ဘဲထားတယ်။ ဘဏ်မှာငွေအပ်သူ အများအပြားကလည်း သူတို့ပိုင်ငွေတွေကိုပြန်ထုတ်ပြီး ကျပ် ၁၀၀ တန်နဲ့ ၅၀ တန် ငွေစက္ကူအဖြစ် လဲလှယ်ပြီး သိမ်းထားကြတယ်။ အဲသလိုလုပ်တာဟာ ကျပ်ငွေတန်ဘိုးကို ကျစေတယ်။ ဒါကြောင့် ၁၀၀ တန်နဲ့ ၅၀ တန်ကျပ်ငွေစက္ကူတွေကို တရားငွေအဖြစ်က ရပ်စဲရတာဖြစ်တယ်" လို့ အဲဒီတုန်းက အကြောင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကနဦးကာလများက မြန်မာကျပ်ငွေစက္ကူ ၁၀၀ တန် အတုဖမ်းဆီးရမှုဟာ ၁၉၇၉ ခုနှစ် ဧပြီလက ကလေးမြို့မှာလို့ ဆိုပါ တယ်။ အဲဒီနှစ် နိုဝင်ဘာလမှာပဲ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကျပ် ၅၀ တန်အတု၊ ၁၉၈၀ ပြည့်နယ် ဖေဖော်ဝါရီလမှာ ကြာအင်းဆိပ်ကြီး မှာပဲ ကျပ် ၁၀၀ တန်အတု၊ အဲ့ဒီနှစ်မေလမှာ ကော့သောင်မြို့မှာ ၂၅ ကျပ်တန်အတု၊ ၁၉၈၁ ခု ဇူလိုင်မှာ မော်လမြိုင်မှာ ကျပ် ၁၀၀ တန် အတုတွေ ဆက်တိုက် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါနဲ့ ၁၉၈၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၃ ရက်နေ့မှာတော့ မဆလစစ်အစိုးရဟာ ကျပ်တရာတန်၊ ၅၀ တန်နဲ့ ၂၀ တန်ငွေစက္ကူတွေကို တရားမဝင်ငွေတွေအဖြစ် ဒုတိယအကြိမ် ထပ်မံကြေညာလိုက်ပြန်ပါတယ်။ အဲဒီတုန်းက မဆလ စစ် အစိုးရက ဝိသမလောဘသားတွေ၊ မှောင်ခိုသမားတွေ၊ သောင်းကျန်းသူတွေက ငွေမည်းကိုငွေဖြူဖြစ်အောင် လုပ်နေကြလို့ တရား မဝင် ငွေအဖြစ် ရပ်စဲတယ်လို့ အကြောင်းပြပေမယ့် လေ့လာသူတွေကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်သာဖြစ်ပြီး တကယ် တန်းမှာတော့ တရိပ်ရိပ်ကြီးထွားလာနေတဲ့ ငွေစက္ကူအတုတွေကို ခဝါချချင်လို့ လုပ်တာဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ၇၅ ကျပ်တန်၊ ၂၅ ကျပ်တန်အတုတွေ နေရာအနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ နှစ်နှစ်တောင် မကြာတော့တဲ့ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာတခါ မဆလ စစ်အစိုးရက ပြည်တွင်းလှည့်လည် သုံးစွဲငွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ်တန်တွေကို တရားမဝင်ငွေအဖြစ် တတိယအကြိမ် ထပ်မံကြေညာလိုက်တဲ့အခါမှာတော့ ပြည်သူလူထုဟာ မဆလ စစ်အစိုးရအပေါ် မကျေနပ်မှုတွေ ပိုမိုပြင်းထန်လာရာကနေ ဒီပြဿနာဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးကို မွေးဖွားပေးလိုက်တဲ့အထိ ဦးတည်သွားစေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကာလများကတွေ့ရတဲ့ ကျပ်ငွေစက္ကူအတုတွေရဲ့ အရောင်အသွေးဟာ အစစ်နဲ့ ထပ်တူ ဖြစ်ပြီး ငွေစက္ကူမှာ အက္ခရာ၊ နံပါတ်တူတွေဖြစ်နေလို့ လူတွေ အတော်များများက စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ ဝါဇီစက်ရုံကနေ အက္ခရာ တူ၊ နံပါတ်တူတွေကို အပိုရိုက်ထုတ်တာဖြစ်တယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွင်းပြီး အာဏာသိမ်းတက်လာတဲ့ နဝတစစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်၊ မတ်လ ၃ ရက် နေ့မှာတော့ စစ်အုပ်စုက ကျပ် ၅၀၀ တန်အပါအဝင် ကျပ်ငွေစက္ကူ ၅ မျိုးအသစ်ထုတ်ဝေခဲ့ပြန်ပါတယ်။ ဒါပေမယ့် ထုတ်ဝေပြီးလို့ တနှစ် ကျော်ရုံလေးသာရှိသေးတဲ့အချိန်ဖြစ်တဲ့ ၁၉၉၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာတော့ မြန်မာ့ငွေကြေးသမိုင်းမှာ အံ့သြတုန်လှုပ်စရာ ကောင်း လောက်အောင် ဖြစ်သွားရတဲ့ကျပ်ငွေ ၅၀၀ တန် ငွေစက္ကူအတု သိန်းတထောင်ကျော်ဖိုးကို ထိုင်းလေကြောင်းခရီးစဉ်အမှတ် တီဂျီ ၃၀၅ နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ လိုက်ပါလာတဲ့ ထိုင်းနိုင်ငံသား ၃ ဦးဆီကနေ မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ပိုပြီးအံ့သြစရာ ကောင်းတာက အဲဒီလူတွေဟာ ငွေစက္ကူတထုတ်ကို ရွက်ရေ ၁၀၀ စီပါဝင်တဲ့ အထုတ်ပေါင်း ၂၁၉၉ ထုတ်၊ တန်ဖိုးအနေနဲ့ ကျပ် ၁၀၉၉ ဒဿမ ၅ သိန်းကို ခရီးဆောင်သေတ္တာကြီး ၅ လုံးအတွင်းမှာ စိတ်အေးလက်အေးနဲ့ သယ်ယူခဲ့ကြလို့ပါပဲ။ အခုလို သွေးအေးအေးနဲ့ အမြောက်အများ သယ်ယူလာတာကိုကြည့်တာနဲ့ ဒီပုဂ္ဂိုလ်တွေဟာ အရင်ကလည်း မြန်မာနိုင်ငံအတွင်းကို အခေါက်ပေါင်း ဘယ်လောက် များ သယ်ယူခဲ့ကြပြီး နိုင်ငံတွင်းမှာ ဘယ်လောက်များကျပ် ၅၀၀ တန်အတုတွေ ပျံ့နှံ့နေပြီလဲဆိုတာကို မတွေးရဲလောက်အောင်ပါပဲ။

ဒီပြဿနာကို နဝတအနေနဲ့ မျက်စိမျက်နှာပျက်ဖြစ်သွားရပြီး သူတို့ရဲ့ ဗဟိုဘဏ်ဥပဒေမှာ "ငွေစက္ကူအတုတွေကို ပြည်ပကနေ တင်သွင်း လာသူ၊ လက်ဝယ်ဖမ်းဆီးရမိသူတွေအတွက် အမြင့်ဆုံးထောင်ဒဏ်လို့သတ်မှတ်ထားတဲ့ အနည်းဆုံးထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ သတ်မှတ်ရမယ်ဆိုတဲ့ ပြစ်ဒဏ်ကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး တသက်တကျွန်းအထိ ချမှတ်ရမယ်ဆိုတဲ့ ပြစ်ဒဏ်အစားထိုးကြောင်း"။ အဲဒီငွေစက္ကူ ကျပ် ၅၀၀ တန်အတုသိန်းမပေါင်းများစွာ ဖမ်းဆီးရမိပြီးလို တလအကြာ မေလ ၅ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုး ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။ ဒီအချက်က ပြည်တွင်းမှာ ကျပ်ငွေစက္ကူအတု ပြဿနာ ဘယ်လောက်အထိ ကြီးမားနေသလဲဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာလဲ မကြာခဏဆိုသလို အခုလောက်ပမာဏမများပေမယ့် နေရာအနှံ့အပြားမှာ ကျပ်ငွေစက္ကူ ၅၀၀ တန်၊ ၂၀၀ တန် အတုတွေ ဖမ်းဆီးရမိမှုသတင်းတွေလဲ ထွက်ပေါ်နေပါတယ်။ တဖက်ကလဲ နဝတအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံတွင်းအများအပြား စီးဝင်လာစေလိုတဲ့အတွက် ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာပြုလုပ်တဲ့ ၂၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲနဲ့ ၁၉၉၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့မှပြုလုပ်တဲ့ ၄၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွေမှာ နဝတအစိုးရလက်ထက်မှာ ငွေစက္ကူတွေကို တရားမဝင် ကြေညာမှာ မဟုတ်ဘူးလို့ အတိအလင်းပြောဆိုထားတဲ့အတွက် နိုင်ငံတွင်းမှာ ကြုံနေရတဲ့ ကျပ်ငွေစက္ကူအတုပြဿနာအပေါ်မှာ နဝတ စစ်အုပ်စုဟာ အောင့်သီးအောင့်သက်နဲ့ ခံနေရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မြန်မာ့ငွေကြေးသမိုင်းမှာ နဝတစစ်အစိုးရလက်ထက်ဟာ ကျပ်ငွေစက္ကူအတုတွေ အများဆုံးပျံ့နှံ့ကြီးထွားလာခဲ့တဲ့ ကာလများလို့ ဆိုနိုင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဝတအာဏာသိမ်းပြီးတက်လာတဲ့ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ (၉) နှစ်တာကာလအတွင်းမှာ မကြုံဖူးလောက်အောင်ပဲ သိန်းသန်းချီတဲ့ ကျပ်ငွေစက္ကူအတုတွေ မကြာခဏဖမ်းဆီးရမိနေလို့ပါပဲ။ ပြည်သူလူထုကို အမြဲတမ်းလိုလို သတင်းမှောင်ချထားတတ်တဲ့ နဝတစစ်အစိုးရအုပ်စုဟာ ငွေစက္ကူအတုတွေ ဖမ်းဆီးရမိတိုင်း တရားဝင်သတင်းထုတ်ပြန်တာမျိုး လုပ်ရိုး ထုံးစံမရှိပါဘူး။ ဒါကလဲ ပြည်သူလူထုအနေနဲ့ ကျပ်ငွေစက္ကူအပေါ် ယုံကြည်စိတ်ချမှုနည်းပါးသွားမှာကို အင်မတန်စိုးရိမ်တတ်လို့ ဖြစ်တယ် လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာ အတုတရွက်လောက်များတွေ့ရင် ချက်ချင်းဆိုသလိုပဲ အမေရိကန်ဒေါ်လာတွေ အကုန်လုံးဟာ အတုတွေချည်းဖြစ်သလိုလို ပုံစံမျိုးဖြစ်အောင် ပုံကြီးချဲ့ထုတ်ဖော်ပြောဆိုလေ့ရှိတာကို တွေ့ရပါတယ်။

မင်္ဂလာဒုံလေဆိပ်မှာ ကျပ် ၅၀၀ ကျပ်တန်အတုတွေ သန်းချီပြီးဖမ်းဆီးရမိတုန်းကဆိုရင် နိုင်ငံခြားသားတွေရဲ့ရှေ့မှောက် လူပုံအလယ်မှာ ဖမ်းဆီးရမိလို့သာ မတတ်သာဘဲ ကြေညာလိုက်ရတာဖြစ်ပြီး ဒါတောင်မှ ဖမ်းမိပြီးလို့ (၁၀) ရက်အကြာမှ မြန်မာသတင်းစာတွေမှာ သတင်း တိုတပုဒ်အဖြစ် ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ နဝတအနေနဲ့ အဲ့ဒီလို သတင်းမျိုးကို ဖုံးဖိထားတတ်ပေမယ့် ပြည်သူလူထုအနေနဲ့ ကတော့ ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအဝိုင်း၊ နိုင်ငံတကာသတင်းဌာနတွေနဲ့ အသံလွှင့်ဌာနတွေက ဒီသတင်းတွေကိုပြောဆို၊ ရေး သား၊ အသံလွှင့်နေလို့ အမြဲတမ်းလိုလို သိခွင့်ရနေခဲ့ကြပါတယ်။

၁၉၉၅ ခုနှစ်မှာ ကျပ် ၅၀၀ တန် ငွေစက္ကူအတုတွေ သန်းချီပြီး ဖမ်းမိပြီးတဲ့နောက်ပိုင်းမှာလဲ အဲ့ဒီလို အမြောက်အများထပ်မံ ဖမ်းဆီးရမိမှု မရှိပေမယ့် ကြိုကြားကြိုကြားဆိုသလို ငွေစက္ကူအတု ဖမ်းဆီးရမိမှုသတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ပြည်သူလူထုကလဲ ငွေစက္ကူအတု တွေကို သတိမမူဘဲ သုံးစွဲနေရာကနေ အတုမှန်းသိတော့မှ သက်ဆိုင်ရာကို အပ်နှံလို့ နဝတအာဏာပိုင်တွေက ပြန်သိမ်းဆည်းရတာတွေ လဲ ရှိနေတာတွေ့ပါတယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်အတွင်းမှာ တခါ ကျပ် ၅၀၀ နဲ့ ၂၀၀ တန်ငွေစက္ကူအတုတွေ အမြောက်အများ ဖမ်းဆီး ရမှုတွေ ပြန်လည်ပေါ်ပေါက်လာပြန်ပါတယ်။ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်၊ ရွှေတြိဂံဒေသနဲ့ ဆက်စပ်ဒေသတွေ၊ တရုတ် - မြန်မာ နယ်စပ်၊ မူဆယ် ရွှေလီဒေသတွေမှာ ဖမ်းဆီးရမိတာက ပိုများလာတာတွေ့ရတာကြောင့် လေ့လာသူတွေကတော့ လူမသိသူမသိနဲ့ နယ်စပ် ဖြတ်ပြီး အခေါက်ပေါင်းများစွာ မြန်မာနိုင်ငံထဲကိုရောက်သွားတဲ့ ကျပ်ငွေစက္ကူအတုတွေ ရှိနိုင်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ ကျပ်ငွေ စက္ကူအတုတွေဟာ ခန့်မှန်းလို့မရတော့အောင် ပျံ့နှံ့နေပြီလို့ သုံးသပ်နေကြပါတယ်။

ဒီနှစ် ဇွန်လ ၂၇ ရက်နေ့က တောင်ကြီးမြို့၊ မြရွှေလီတည်းခိုခန်းမှာ ခေတ္တတည်းခိုနေတဲ့ ဟိုမိန်းက စိုင်းမြင့်နဲ့ဇနီးဒေါ်မြစိမ်းတို့နှစ်ဦးဆီက ကျပ်ငွေအတု သိန်း ၇၀ ကျော်ဖိုးကို နဝတ စစ်အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ထူးခြားတာက သူတို့နှစ်ဦးဟာ ခွန်ဆာလက်နက် ချပြီးနောက် ဟိုမိန်းမှာတာဝန်ယူခဲ့တဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲဌာနချုပ်မှူး ဗိုလ်မှူးချုပ်ခင်မောင်နဲ့ ပတ်သက်နေတယ်လို့ ဟိုမိန်းက လာတဲ့ သတင်းတွေကဆိုပါတယ်။ စိုင်းမြင့်ဟာ အရင်ဘိန်းဘုရင်ခွန်ဆာရဲ့ အမ်တီအေတပ်မှာ ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ခွန်ဆာလက်နက်ချပြီးတဲ့နောက်မှာ ဟိုမိန်း၊ တောင်ကြီးနဲ့ရန်ကုန်ကို ကူးချီသန်းချီသွားလာနေသူပါ။ ဗိုလ်မှူးချုပ်ခင်မောင် ဟိုမိန်း ကို ရောက်လာပြီးတဲ့နောက်မှာ စိုင်းမြင့်နဲ့ပေါင်းပြီး ပုလင်းတူဗူးဆို့ ဖြစ်သွားရာကနေ ကျွဲ နွား မှောင်ခိုကုန်သွယ်ရေး၊ ဘိန်းဖြူ၊ အက်ဖီ တမင်းလို့ခေါ်တဲ့ စိတ်ကြွဆေးထုတ်လုပ်ရေးနဲ့ ငွေစက္ကူအတုထုတ်လုပ်ရေးတွေကို လုပ်ကိုင်ခဲ့ကြတယ်လို့ ဟိုမိန်းကလာတဲ့ သတင်းတွေ အရ သိရပါတယ်။

ဘိန်းဖြူ၊ စိတ်ကြွဆေးနဲ့ ငွေစက္ကူအတု ထုတ်လုပ်မှုလုပ်ငန်းတွေကို ဟိုမိန်းနဲ့ ကီလိုမီတာ (၁၂၀) လောက်ဝေးတဲ့ နမ့်ကတ်ရွာမှာ တပ်ခွဲ တခွဲလုံခြုံရေးချပြီးမှ နမ့်ကတ်ရွာနဲ့ ကီလိုမီတာ (၂၀) လောက်အကွာမှာရှိတဲ့ ခန့်ပါရွာမှာ လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ဒီကိစ္စတွေကို ဗိုလ်မှူး ချုပ်ခင်မောင်က အထူးလျှို့ဝှက်ထားပြီး သူ့အောက်က အရာရှိအတော်များများတောင်မှ မသိကြဘူးလို့ အဲ့ဒီသတင်းရပ်ကွက်က ဆိုပါ တယ်။ ယခုငွေစက္ကူအတုတွေနဲ့အတူ စိုင်းမြင့်အဖမ်းခံရတဲ့အချိန်ကလဲ ဗိုလ်မှူးချုပ်ခင်မောင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်း ရွေ့သွားပြီးမှ ဖြစ်ပွားခဲ့တာဖြစ်ပြီး စိုင်းမြင့်ဆီကငွေစက္ကူအတု သိန်း ၇၀ ကျော်ဖိုးအဖမ်းခံရတဲ့ သတင်းကိုလဲ နဝတက ဒီကနေ့အထိ ရေငုံ နှုတ်ပိတ်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဒီနေရာမှာ ထူးဆန်းတဲ့အချက်ကတော့ အဖမ်းခံထားရတဲ့စိုင်းမြင့်ရဲ့ နောက်ဆုံးအခြေအနေကို မသိရပေမယ့် ဒီကိစ္စနဲ့ ဆက်နွယ်နေတဲ့ ဗိုလ်မှူးချုပ် ခင်မောင်ကတော့ နောက်နှစ်လနီးပါးအကြာဖြစ်တဲ့ သြဂုတ်လ (၂၀) ရက်နေ့မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ် နဝတက ရာထူးတိုးမြှင့်ခန့်ထားခံလိုက်ရတာပဲ ဖြစ်ပါတယ်။

တောင်ကြီးမှာ ကျပ်ငွေစက္ကူအတု သိန်း ၇၀ ဖိုး ဖမ်းမိတဲ့ကိစ္စဟာ ဒီမှာတင်ပြီးမသွားပါဘူး။ ရက်ပိုင်းအတွင်း ဒီသတင်းဟာ မြို့ကြီး အတော်များများကို ပျံ့နှံ့သွားရာကနေ လူတွေဟာလက်ထဲမှာ ကျပ် ၅၀၀ တန်၊ ၂၀၀ တန် စတဲ့ အရွက်ကြီးတွေကို မထားရဲတော့ဘဲ တရားဝင်ကိုင်လို့ရတဲ့ အက်ဖ်အီးစီဝယ်၊ ရွှေဝယ်၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဝယ်၊ ကားဝယ်နဲ့ ပုံအောဝယ်ကြပါတော့တယ်။ ဒီနေရာ မှာ မြန်မာဒေါ်လာလို့ လူသိများကြတဲ့ အက်ဖ်အီးစီဟာ အာမခံချက်အရှိဆုံးလို့ ဆိုရမယ့် ကြားခံပစ္စည်းဖြစ်နေလေတော့ လူတွေဟာ အက်ဖ်အီးစီကို ဝယ်ကြရာက မေလလောက်ကတည်းက တဒေါ်လာကို ၁၈၅ ကျပ်လောက်သာဈေးပေါက်နေတဲ့ အက်ဖ်အီးစီဟာ ဇူလိုင်လ (၁) ရက်နေ့မှာ ၁၉၉ ကျပ်ဖြစ်သွားပြီး ထိုးတက်သွားလိုက်တာ ဇူလိုင်လ (၁၄) ရက်နေ့မှာ ၃၀၀ ကျပ်အထိ အမြင့်ဆုံးကို ရောက်သွားပါ တော့တယ်။

ဒီအခြေအနေမှာ ကောလာဟလသတင်းတခု ပြည်သူလူထုကြားထဲမှာ ဖြစ်ပေါ်နေတာက နဝတအနနဲ့ အာစီယံကိုဝင်ခွင့်ရတော့မှာဖြစ်လို့ မြန်မာနိုင်ငံသုံးကျပ်ငွေတန်ဖိုးကို ထိန်းသိမ်းရမယ်။ ကျပ်ငွေစက္ကူတန်ဖိုးကို ထိန်းသိမ်းနိုင်ဖို့အတွက် နဝတမှာ နည်းလမ်းနှစ်ခုသာ ရှိ တယ်။ ပထမနည်းလမ်းက ကျပ်ငွေတန်ဖိုးကို လျှော့ချခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းက လက်ရှိကျပ်ငွေစက္ကူအမျိုးအစားအချို့ကို တရား မဝင် အဖြစ် ကြေညာရမှာဖြစ်တယ်။ ငွေတန်ဖိုးလျှော့်မယ်ဆိုရင် ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ နဝတကိုငွေချေးမှာမဟုတ်လို့ ကျပ် ၅၀၀ တန်နဲ့ ၂၀၀ တန်ငွေစက္ကူတွေကို တရားမဝင်ငွေစက္ကူအဖြစ် ကြေညာမှသာဖြစ်တယ်ဆိုတာပဲ။ အခြားသတင်းတခုကလဲ မြန်မာနိုင်ငံ ထဲမှာ ကျပ် ၅၀၀ တန်နဲ့ ၂၀၀ တန်ငွေစက္ကူအတုတွေ အဆမတန်များပြားနေတာမို့ အဲ့ဒီငွေစက္ကူကို ရုပ်သိမ်းပြီး ကျပ်တထောင်တန် ငွေစက္ကူအသစ်တွေထုတ်ဖို့ နဝတက စီစဉ်နေတယ်လို့လဲ ဆိုပါတယ်။ ဒီသတင်းတွေဟာ ကောလာဟလလို့ဆိုပေမယ့် မြန်မာပြည်နိုင်ငံ ရေးမှာ ကောလာဟလတွေ တော်တော်များများဟာ အမှန်တွေဖြစ်တာက များပါတယ်။ သာဓကအနေနဲ့ ၁၉၈၇ ခုနှစ်က တရားမဝင် ငွေစက္ကူအဖြစ် ကြေညာခြင်းခံရတဲ့ ၇၅ ကျပ် တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ် ငွေစက္ကူတွေဟာ တရားမဝင် ငွေတွေအဖြစ် မကြေညာခင် လပိုင်းအလိုလောက်ကတည်းက ငွေစက္ကူတွေကို ရုပ်သိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါကို မဆလ စစ်အစိုးရက ဒီသတင်းဟာ ကောလာဟလသာ ဖြစ်ကြောင်း၊ ဒီသတင်းထုတ်လွှင့်သူတွေကို အရေးယူမှာဖြစ်ကြောင်း သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။ နောက်ရက် အနည်းငယ်အကြာမှာတော့ ၁၇ ဦးကို ငွေစက္ကူကိစ္စ ကောလာဟလသတင်းတွေကို ထုတ်လွှင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းစာတွေမှာ ဖော်ပြပြီး အဲဒီကျပ်ငွေသုံးမျိုးကို တရားမဝင်ငွေအဖြစ် ကြေညာမှာ မဟုတ် ဘူး ဆိုတာကို မဆလစစ်အစိုးရက သက်သေထူခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ (၅) ရက်နေ့မှာတော့ အဲဒီငွေစက္ကူတွေကို မဆလ စစ်အစိုးရက တရားဝင်ငွေအဖြစ်က ရပ်စဲပစ်လိုက်ပါတော့တယ်။

အခုတခါကျပ် ၅၀၀ တန်နဲ့ ၂၀၀ တန် ငွေစက္ကူတွေကို တရားဝင်အဖြစ်က ရပ်စဲတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး နဝတ က ဇူလိုင်လ (၁၃) ရက်နေ့မှာ (ယခုတလော ကျပ် ၂၀၀ တန်နဲ့ ၅၀၀ တန် ငွေစက္ကူအတုများပေါ်ပေါက်နေ၍ လက်ရှိသုံးစွဲနေတဲ့ အဲဒီငွေစက္ကူ တွေကို ပြန်ရုပ်သိမ်းပြီး ငွေစက္ကူအသစ်တွေထုတ်ဝေရန် စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလသတင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်း) နေ့စဉ် ထုတ်သတင်းစာတွေကနေ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုဟာ တခါသေဖူး ပျဉ်ဖိုးနားလည်ပြီးသားဖြစ်နေပြီမို့ နဝတရဲ့ အဲ့ဒီကြေညာချက်ထွက်ပေါ်လာတော့မှ ပိုမိုစိုးရိမ်ထိတ်လန့်ကုန်ပြီး အက်ဖ်အီးစီတွေ အောတိုက်ဝယ်လိုက်ကြတာ အဲ့ဒီကြေညာချက် မထွက်ပေါ်ခင် ဇူလိုင်လ (၁၂) ရက်နေ့က အက်ဖ်အီးစီ တဒေါ်လာကို ကျပ် ၂၅၀ လောက်မှာ တဝဲလည်လည်ဖြစ်နေတဲ့ ကျပ်ငွေစက္ကူ ကြေညာချက်ထုတ်ပြီး နောက်တရက်မှာ ၂၇၀ ကျော်အထိ တဟုန်ထိုးကျဆင်းသွားရတာကို တွေ့ရပါတယ်။ ရန်ကုန်ရွှေဈေးဟာလဲ လေး သောင်းကနေ လေးသောင်းခြောက်ထောင်အထိ မြင့်တက်သွားပါတော့တယ်။ ဒီကြားထဲ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလို ဇူလိုင် (၂၉) ရက်နေ့မှာ တခါ ကျပ် ၂၀၀ တန် ငွေစက္ကူအမြောက်အများ ထပ်မံဖမ်းဆီးရမိခဲ့ပြန်ပါတယ်။ ဇူလိုင်လ (၂၉) ရက်နေ့ ရိုက်တာသတင်းအရ နဝတစစ်သားတွေဟာ ဘိန်းဘုရင်ခွန်ဆာရဲ့ အနီးကပ်လူယုံသုံးဦးဆီကနေ ကျပ် ၂၀၀ တန် ငွေစက္ကူအတုတွေ ရှာဖွေတွေ့ရှိလို့ ဖမ်းဆီးခဲ့ ကြတယ်လို့ ထိုင်းထောက်လှမ်းရေးတွေက ပြောတယ်လို့ဆိုပါတယ်။ ဖမ်းရမိခဲ့တဲ့နေရာက ရွှေတြိဂံက ဘိန်းဘုရင်ခွန်ဆာရဲ့ နေရာဟောင်း တခုဖြစ်တဲ့ ဟိုမိန်းက နေရာတခုမှာဖြစ်ပြီး ဒီငွေစက္ကူအတုတွေကို ထိုင်းနိုင်ငံမှာ ရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းဘက်ကို သယ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ငွေပမာဏ ဘယ်လောက်များများ ဖမ်းဆီးရမိခဲ့တယ်ဆိုတာကိုတော့ ဖော်ပြမထားတဲ့အပြင် ဒီ သတင်းကို နဝတသတင်းစာတွေမှာလဲ ရေးသားထားတာမတွေ့ရပါဘူး။

စက်တင်ဘာ (၁၀) ရက်နေ့မှာတခါ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရီးယန်းမြို့နဲ့ မျက်နှာချင်းဆိုင် ကယားပြည်နယ်၊ နယ်စပ်မှာ ရှိတဲ့ မောထာရွာ၊ ဟွေဆိုင်း နယ်စပ်ဖြတ်ကျော်ရေးစခန်းမှာ ကျပ် ၅၀၀ တန်အတု တသိန်းဖိုးလောက်ကို မိန်းခတ်အခြေစိုက် ခလရ ၂၂၇ ရှေ့တန်းစစ်ကြောင်းက စောကျော်ဦးဆိုတဲ့ ပုဂ္ဂိုလ်တဦးဆီက ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမယ့် စောကျော်ဦးဟာ ရက်အနည်းငယ် ဖမ်း ဆီးထားခံရပြီး စက်တင်ဘာလ (၁၈) ရက်နေ့မှာ အထက်အမိန့်အရဆိုပြီး ခလရ ၂၂၇ က စောကျော်ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်း မြန်မာနယ်စပ်ကို ရောက်လာတဲ့ ရှမ်းပြည်နယ်၊ လွယ်လင်မြို့နေ ကုန်သည်တဦးကဆိုပါတယ်။ ဇွန်လ (၂၉) ရက်နေ့ကလဲ ဘိန်း ဘုရင် ခွန်ဆာရဲ့ ဌာချုပ်ဟောင်းဖြစ်တဲ့ ဟိုမိန်းမှာ ကျပ် ၃၂၇၀၀၀ ဖိုးရှိတဲ့ မြန်မာကျပ်ငွေစက္ကူအတု ၅၀၀ တန် ၆၅၄ ရွက်ကို နဝတ ထောက်လှမ်းရေး ၂၂ က ဖမ်းဆီးမိပြန်ပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေးက ဟိုမိန်းရဲစခန်းကို လွှဲအပ်တဲ့အချိန်မှာ ကျပ်သုံးသိန်းသာ လွှဲပေးပြီး ကျန်တဲ့ငွေတုတွေကို ဖြောင်ထားလို့ စစ်ထောက်လှမ်းရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပြဿနာဖြစ်နေကြပါတယ်လို့ အဲဒီကုန်သည်က ပြောကြောင်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။

တရုတ်မြန်မာနယ်စပ်ကလာတဲ့ သတင်းတပုဒ်အရ အောက်တိုဘာလ (၁၉) ရက်နေ့မနက် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ တဖက်ကမ်းက မြန်မာနိုင်ငံအထဲမှာ နဝတအာဏာပိုင်တွေက တရုတ်နိုင်ငံသား လီဟန်ဖုဆိုသူထံကနေ ၁၅၆ သိန်းကျော်ဖိုးရှိတဲ့ ကျပ်ငွေစက္ကူ ၅၀၀ တန် အတု ၃၁၂၉၇ ရွက်ကို ဖမ်းဆီးရမိပြန်တယ်လို့ ဆိုပါတယ်။ ဒီသတင်းက အခုဖမ်းဆီးရမိတဲ့ ဒေသတဝိုက်က မူဆယ်နဲ့ တရုတ်ဖက်ကမ်းက မန်စီ၊ ကျယ်ဂေါင်၊ ကူမင်းမြို့တွေဟာ ကျပ် ၅၀၀ တန်အတုတွေ မကြာခဏဆိုသလို ဖမ်းဆီးရမိနေပေမယ့် အခုလို အမြောက်အများ ဖမ်း ဆီးရမိမှုမျိုးဟာ အင်မတန်နည်းပါးပြီး နဝတဟာ ဖမ်းဆီးမိတိုင်းကိုလည်း သတင်းစာတွေမှာ ဖော်ပြခြင်းမရှိဘူးလို့ မူဆယ်မြို့နေ ကုန်သည်တဦးကပြောကြောင်း ဆိုထားပါတယ်။

အောက်တိုဘာလ (၁၆) ရက်နေ့ကလဲ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာရှိတဲ့ မယ်စရီးယန်းမြို့မှာ မြန်မာနိုင်ငံဖက်က သယ် လာတဲ့ ကျောက်စိမ်းတွေရောင်းချခဲ့တဲ့ ကုန်သည်တဦးဟာ ဝယ်သူကပေးလိုက်တဲ့ ကျပ် ၅၀၀ တန် ငွေစက္ကူ ၁၂ သိန်းကို အိမ်ရောက်လို့ အသေအချာပြန်စစ်ကြည့်တော့ အားလုံးဟာ အတုတွေချည်းဖြစ်နေတယ်လို့ ဆိုပါတယ်။ နောက်သတင်းတခုကလဲ ရှမ်းပြည်နယ် ပင်လောင်းမြို့က လက်ဖက်ပွဲရုံတခုမှာကျပ် ၅၀၀ တန်အတု ရှစ်သိန်းသုံးသောင်းဖိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေ အနေတွေကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ်တလျှောက်လုံးက တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် မြန်မာကုန်သည်တွေနဲ့ ပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်း၊ တရုတ် စတဲ့ ကုန်သည်တွေဟာ အခုအခါမှာ မြန်မာငွေစက္ကူဆိုရင် လက်မခံချင်ကြအောင်ဖြစ်နေပြီး လက်ခံတယ်ဆိုရင်တောင်မှ ငွေစက္ကူအတုလို့ သူတို့သိထားကြတဲ့ AL နဲ့ AM နံပါတ်ပါတဲ့ ကျပ် ၅၀၀ တန် ငွေစက္ကူဆိုရင် လုံးဝ လက်မခံကြဘူးလို့ သိရပါတယ်။

အောက်တိုဘာ (၂၉) ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံ မြဝတီဖက်ကမ်းကလာပြီး အမျိုးသမီးနှစ်ယောက် ထိုင်းဘတ်ငွေနဲ့ လာလဲတဲ့ကျပ်ငွေ ၅၀၀ တန် ငွေစက္ကူ ၁၅ သိန်းဟာ အားလုံးအတုတွေချည်း ဖြစ်နေတာမို့ ထိုင်းရဲကဖမ်းဆီးပြီး မြဝတီရဲစခန်းကို ပြန်လွှဲပေးလိုက်ပါတယ်။ အဲဒီအမျိုးသမီးနှစ်ဦးရဲ့ ထွက်ဆိုချက်အရ အဲဒီငွေတွေကို ရန်ကုန်မြို့က သယ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်စပ်ပြီး ထွက်ပေါ်လာတဲ့သတင်းအရ မြဝတီဖက်မှာ မြန်မာကျပ်ငွေစက္ကူ ၅၀၀ တန်အတု သိန်း ၅၀ ကျော် ဖိုးလောက် ရောက်နေတယ်လို့ မဲဆောက်ဖက်ကမ်းက ကုန်သည်အသိုင်းအဝိုင်းမှာ သတင်းတွေပြန့်နေတဲ့အတွက် အခုဆိုရင် မဲဆောက်မှာ မြန်မာကျပ် ၅၀၀ တန်ဆိုရင် ထိုင်းဘတ်ငွေနဲ့ လဲလှယ်ပေးတဲ့လူ အတော်ရှားပါတယ်လို့ သတင်းတွေထွက်ပေးနေပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့အချက်တွေကိုပြန်ကြည့်ရင် မြန်မာငွေစက္ကူအတုတွေဟာ မြန်မာနိုင်ငံတွင်း ထိုင်းမြန်မာနယ်စပ်နဲ့ တရုတ် မြန်မာ နယ်စပ်တွေမှာ ဖမ်းဆီးရမှု များပြားတာကိုတွေ့ရမှာဖြစ်ပြီး ဖမ်းဆီးရမှုဖြစ်စဉ်တွေမှာလဲ ငွေစက္ကူအတုတွေ မြန်မာနိုင်ငံတွင်းကို သယ်ယူ ပို့ဆောင်စဉ်ကာလမှာ ဖမ်းဆီးရမိတာက ပိုများပြားပါတယ်။ ဖော်ပြခဲ့တဲ့ ငွေစက္ကူအတု ဖမ်းဆီးရမိမှုသတင်းတွေဟာ လက်လှမ်းမီ သလောက် သတင်းတွေသာဖြစ်လို့ ဖမ်းဆီးရမိမှုမရှိဘဲ နိုင်ငံတွင်းကို စီးဆင်းသွားတဲ့ အခေါက်ပေါင်းများစွာသော ငွေစက္ကူအတုတွေဟာ ကုဋေချီပြီးရှိနေ နိုင်တယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ငွေစက္ကူအတု အဓိကထုတ်လုပ်ရာနေရာဟာ ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်တယ်လို့ နဝတအာဏာပိုင်တွေကရေးသားပြောဆိုနေ၊ ဝါဒဖြန့်ချိနေပေမယ့် စစ်ဗိုလ်စစ်သားတွေကသာ ချယ်လှယ်ကြီးစိုးထားတဲ့ ဝါဇီငွေစက္ကူစက်ရုံကနေ အဲ့ဒီလို ငွေစက္ကူအတုတွေ မထုတ်လုပ်နိုင်ဘူးလားဆိုတာကလဲ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ သေချာတာ ကတော့အခုလို ကျပ်ငွေစက္ကူအတုတွေ များပြားလာလေလေ မြန်မာကျပ်ငွေစက္ကူဟာ တဖြည်းဖြည်းနဲ့ ဂျပန်ခေတ်က ငွေစက္ကူလို ထောင်မလဲသဲကော်ဘဝကို ရောက်တော့အချိန်နီး ကပ်လာလေလေဆိုတာပါပဲ။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံငွေကြေးသမိုင်းမှာ မကြုံဘူးလောက်အောင် ဖြစ်ပွားခဲ့တဲ့ ကျပ်ငွေတန် ဘိုးကျဆင်းမှုကြီး ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းခံမှာ တခြားအချက်အလက်တွေ အများအပြား ရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်း ငွေစက္ကူအတုတွေ အဆမတန် များပြားလာတာကြောင့် ပြည်သူလူထုက ကျပ်ငွေ စက္ကူအပေါ် အယုံအကြည်မရှိတော့ဘဲ အက်ဖ်အီးစီကို တပြိုင်တည်း ဝယ်ယူစုဆောင်းကြရာကနေ ဖြစ်ရတာလဲ အရေးပါတဲ့အချက်တ ချက် အနေနဲ့ ပါဝင်နေတယ်ဆိုတာကတော့ သံသယဖြစ်စရာ မရှိကြောင်း တင်ပြလိုက်ရပါတယ်။





0 Comments:

blogger templates | Make Money Online