Monday, February 2, 2009

သာသနာတော်ကို ဂုဏ်တင်နေတာလား၊ ဂုဏ်ချနေတာလား

လင်းဦး(စိတ်ပညာ) |

ကျွန်တော် "ဘာသာရေးနှင့်ပတ်သက်၍" ဆောင်းပါးများကို မတင်ခဲ့တာ ကြာပါပြီ။ ဒီနေ့တော့ တင်လိုက်ပါတယ်။ ဝေဖန်ပိုင်းခြား တတ်ကြပါစေ။

ယခုအခါ မြန်မာပြည်တွင် သာသနာ့ဘောင်ဝင်ပါက နတ်ပြကြသည်ကို တွေ့ရပါသည်။ အကုန်လုံး လိုလိုပင် နတ်မပြရင် သာသနာ့ဘောင်ထဲ မရောက်၊ မ၀င်ရဟု မှတ်ထင်နေကြ၍ ဤဆောင်းပါးကို အားလုံးနှင့် အတိုက်အခံလုပ်ကာ ရေးသားလိုက်ရပါသည်။ တကယ်တမ်း စမ်းစစ်ကြည့်ပါလျှင် ရှင်ပြုလျှင် နတ်ပြကြရမည်ဟု ဘုရားရှင်က လမ်းညွှန်ဟောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရပါ၏။ အဋ္ဌကထာ ဋီကာများတွင်လည်း ပြဆိုထားခြင်း မရှိပါ။ နတ်ဝါဒီများမှ အစပြုလုပ်ကာမှ အစဉ်အလာဖြစ်သွားခြင်းပင် ဖြစ်သည်။ ဘုရားရှင်လက်ထက်တွင် မပြုလုပ်ခဲ့သော နတ်ပြခြင်းအလေ့ကို ပုဂံခေတ်တွင် စတင်ပြုလုပ်သည်ကို တွေ့ရှိရ၏။ ထိုပုဂံခေတ် နတ်ဝါဒီများက စတန့်ထွင်ခြင်းသာပင် ဖြစ်ပေသည်။

ရှင်ပြုခြင်း အစသည် သားတော်ရာဟုလာမှ စတင်ခဲ့ခြင်းဖြစ်၏။ သို့သော် သားတော်ရာဟုလာ ရှင်ပြုစဉ်ကလည်း ဘယ်နတ်ကိုမှ မပြပါ။ အရှင်သာရိပုတ္တရာ ရဟန္တာမထေရ်မြတ်ကြီးရဲ့ညီအငယ်ဆုံး ရေ၀တ ရှင်ပြုစဉ်ကလည်း ဘယ်နတ်ကိုမှ မပြခဲ့သည်ကို တွေ့ရပြန်သည်။ ရှင်ပြုရာတွင် နတ်ပြရန်လိုအပ်သည်ဟု ဘုရားရှင်က ဟောကြားတော် မူခဲ့ပါသလား၊ ဘုရားရှင်လက်ထက်တွင် နတ်မပြဘဲ ရှင်အဖြစ် ရောက်ခဲ့သူချည်းပင် ဖြစ်သည်။ ထိုခေတ်က ဗုဒ္ဓဘာသာဝင်တွေလည်း ဤသို့ နတ်ပြခြင်းကို မပြုလုပ်ပါ။

မည်သို့သော နတ်ကို ပြသနည်းဟု မေးကြည့် စမ်းစစ်ကြည့်ပါက အမျိုးမျိုး ဖြစ်နေသည်။ မြန်မာပြည်အနှံ့ နတ်ပြသူတွေ အများကြီးဖြစ်သည် ။ ထိုနတ်တို့က ကိုယ်ပွား မိတ္တူတွေ ပွားထားတာလား။ ဒါမှမဟုတ် နတ်ကလုံးတွေလား။ တစ်ချို့က မိဆိုင် ဖဆိုင်နတ်ကို ပြသည်၊ အချို့က နယ်တော်ရှင်၊ အချို့က ရွာတော်ရှင်၊ အချို့က မိရိုးဖလာနတ်များကို ပြသည်ဟု အမျိုးမျိုး ဖြစ်နေသည်။ ဘာသာရေးစာပေ အတော်အတန် လေ့လာဖူးသူတွေကတော့ သာသနာတော်စောင့်နတ်၊ သမ္မာဒေ၀နတ်တွေကို ပြသခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည်။ အယူအဆ အမျိုးမျိုးဖြစ်နေသည်ကို တွေ့ရှိရသည်။

အချို့သော လူကြီးများသည် နတ်မပြရင် ကိုရင် မ၀တ်ကောင်းဘူး၊ နတ်ကိုင်တတ်သည်ဟု ဆိုကြသည်။ မည်သို့သော နတ်တွေက ကိုင်ကြသနည်း၊ ရွာတော်ရှင်၊ နယ်တော်ရှင်၊ မိရိုးဖလာနတ်တို့သည် သာသာနာတော်သို့သတ်သွင်းသည်ကို နှောက်ယှက်ချင်တိုင်း နှောက်ယှက်လို့ ရပါ၏လော။ ရှင်ပြုခြင်းသည် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြစ်သည်။ ကုသိုလ်တွင် စွမ်းရည်ရှိသည်။ တစ်နည်းအားဖြင့် ဓမ္မရေးရာ လုပ်ခြင်း ဖြစ်သည်။ ဓမ္မလုပ်ငန်းကို ယုံယုံကြည်ကြည်ပြုလုပ်လျှင် ကုသိုလ်က စောင့်ရှောက်ပါလိမ့်မည်။ သာသနာရေး ....သာသနာရေးဆိုပြီး လုပ်နေတာတွေက ဘုရားရှင်နှင့် တပည့်သာဝကကြီးများ ဆောင်ရွက်တော် မမူခဲ့တာတွေကို အဘယ်ကြောင့် လုပ်နေကြပါသနည်း။ ရှင်လောင်းကို နတ်ပြတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ လုပ်နည်း လုပ်ဟန်ပါဆိုပြီး ပြောနေတဲ့သူတွေဟာ ထေရ၀ါဒ ဗုဒ္ဓဓမ္မကို ကကြီးခခွေးလောက်တောင် မသိတဲ့ လူတွေပင် ဖြစ်သည်။ တကယ်ဆိုလျှင် ဗုဒ္ဓဘုရားရှင်လက်ထက်တော်က အစဉ်အလာကို ထောက်ချင့်ပြီး ရှင်လောင်းကို နတ်မပြတာကိုမှ ဗုဒ္ဓဘာသာလို့ ဆိုသင့်ပါသည်။ စာမတတ် ပေမတတ်၊ စာမဖတ် ပေမဖတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြောနေခဲ့ကြတဲ့ သူတွေရဲ့စကားကို တဆင့်စကား တဆင့်မကမ်းကြဖို့ လိုပါသည်။ စာမတတ် ပေမတတ်၊ စာမဖတ် ပေမဖတ်တွေက ရှင်လောင်းကို နတ်ပြတာဟာ ဗုဒ္ဓဘာသာလို့ ပြောနေကြသော်လည်း စာတတ် ပေတတ်၊ စာဖတ် ပေဖတ်တဲ့ ဗုဒ္ဓစာပေပညာရှင် ဓမ္မစရိယ ဦးအေးနိုင်မှ ဤသို့ ကောက်ချက်ချခဲ့ ပါသည်။ နတ်စင်သွားပြသည့် အယူအစသည် နတ်ကိုးကွယ်မှု တစ်ဖက်စွန်းရောက်သည့် ရှေးလူကြီးများ တီထွင်သည့် ဓလေ့ပင်ဖြစ်ပါကြောင်း၊ လောကုတ္တရာရေးကို လုပ်တဲ့နေရာမှာ ဒီနတ်စင်ပြတဲ့ လောကီရေး အပိုအလုပ်တွေကို လုံးဝမလုပ်သင့်ပါကြောင်း ကောက်ချက်ချခဲ့သည်။

ကျေးဇူးရှင် ဓမ္မဒူတအရှင်ပညာဇောတ ဆရာတော်ကြီးမှလည်း ဤသို့ မိန့်ကြားခဲ့ပါသည်။ " ရှင်လောင်း နတ်ပြတဲ့ ဓလေ့ထုံးစံနဲ့ ပတ်သက်ပြီး၊ ရှင်လောင်းနှင့်နတ် ဘယ်သူမြတ်၍ ဘယ်သူက ဘယ်သူ့ကို လာပြီး ဖူးရမှာလဲ၊ သတိပြုကြပါ။ ဗုဒ္ဓဘုရားလောင်း တောထွက်တဲ့အခါ လူမသိဘဲ နတ်တွေက သိ၍ အကူအညီပေးတာကို အထူးသတိပြုကြီး ရှု့ကြည့်ပါ။ နတ်ပြခြင်းသည် ဗုဒ္ဓသာသနာ အစဉ်အလာ မဟုတ်ပါ။ နတ်သမားတွေက ရှင်လောင်းကို နတ်အောက်ဆွဲသွင်းခြင်းမျှသာပါ။ သာသနာတော် ဆုတ်ယုတ်ခြင်း အလုပ်လို့ မှတ်ပါ။ ရှင်လောင်းကို ဘယ်တော့မှ နတ်မပြပါနဲ့" ဟု ဆုံးမ သြ၀ါဒ မိန့်ကြားခဲ့ပါသည်။

သို့ပါ၍ ရှင်လောင်းကို နတ်အောက် ဆွဲသွင်းနေခြင်းဟာ သာသနာတော်ကို ဂုဏ်တင်နေတာလား၊ ဂုဏ်ချနေတာလား ဟူသည် အသိဥာဏ်ရှိသူတိုင်း စဉ်းစားဝေဖန် ဆုံးဖြတ်သင့်ကြပေသည်။

လင်းဦး(စိတ်ပညာ)


0 Comments:

blogger templates | Make Money Online