Thursday, September 25, 2008

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ လူငယ် ဆေးရုံပို့ရ

အင်းစိန်ထောင်တွင်း ၁၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် ကျန်းမာရေး စိုးရိမ်လာရသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုအောင်ဇော်ဦးကို ထောင်ဆေးရုံသို့ ပို့ဆောင် ကုသထားရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့သား လူငယ်ကို နေအိမ် အကျဉ်းကျ ခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ပေးရန် ထောင်အာဏာပိုင်များအား တောင်းဆိုခဲ့ရာ ကျန်းမာရေး ချို့တဲ့ လာသည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆေးကုသမှု ခံယူနေရသည်။

"ထောင်ဆေးရုံးမှာ တင်လိုက်ရတယ်။ သူ့ကို အစာငတ်ခံ ဆန္ဒပြတဲ့ အတွက် အရင်တပတ်က သူ့ကို သီးသန့်ခွဲထားပြီး အင်းစိန် ခွေးတိုက်မှာ တယောက်ထဲ ထားတယ်။ ဒီနေ့ မနက်မှာ ထောင်ဆေးရုံကို ရောက်သွားတယ်။ သူရဲ့ ကျန်မာရေး အခြေအနေက အားရစရာ မရှိဘူး" ဟု လုပ်ဖော်ကိုင်ဖက် လူငယ်တဦးက ပြောသည်။
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် သူ၏ အမှုတွဲများကို ယမန်နေ့က ရုံးထုတ်ခဲ့သည်။
"ရုံးချိန်းမှာ ရောက်မလာဘူး။ ဆန္ဒပြနေတယ်လို့ သတင်းကြားရတယ်။ ရုံးချိန်းကိုတော့ ထွက်မလာတာ နှစ်ပတ်ရှိပြီ" အဆိုပါအမှုကို ခုခံလျှောက်လှဲပေးနေသည့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
ရွှေဝါရောင်တော်လှန်းရေးတွင် ပါဝင်ခဲ့၍ ကိုအောင်ဇော်ဦး အဖမ်းခံခဲ့ရပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းများသို့ ဆက်သွယ်မှုတို့ဖြင့် အစိုးရက တရားစွဲဆိုထားသည်။
သူနှင့်အမှုတွဲများဖြစ်သည့် ကိုကျော်ဇင်ဝင်း၊ ကိုကျော်ကျော်၊ကိုနေဇာမျိုးဝင်းနှင့် မကြည်ကြည်ဝါ တို့ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။

0 Comments:

blogger templates | Make Money Online