Wednesday, September 24, 2008

ဦးဝင်းတင်အား အန်အယ်လ်ဒီက ပါတီတာဝန် ဆက်ပေးမည် အန်အယ်လ်ဒီကထုတ်ပယ်ထားသူများပါ ပြန်ခေါ်ရန် ဦးဝင်းတင်တိုက်တွန်း

ယမန်နေ့ကအကျဉ်းထောင်မှပြန်လွတ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်သတင်းစာဆရာကြီးဦးဝင်းတင်အား၎င်း၏ မူလတာဝန်ကိုဆက်လက်ထမ်းဆောင်သွားရန်တာဝန် ပေးသွားမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီကပြောသည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးလွင်က“ဒါကရှိပါတယ်။တာဝန်ပေးစရာရှိတယ်။သူ့တာဝန်သူဆက်ပြီး တော့ထမ်းဆောင်နိုင်ဖို့ အန်ကယ်တို့မျှော်လင့်တယ်။သူကလည်းသူလုပ်မယ်လို့ပြောတယ်။ဒါရှင်းနေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီပါတီကပြန်လည်လက်ခံမည်ဆိုသည့်သဘောထားကိုဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ဦးဝင်းတင်ကပြောကြားသည်။

၎င်းက “ကျနော်တယောက်တည်းဘယ်တာဝန်ဘာညာဒါကအရေးမကြီးမပါဘူး။ဒီသဘောထားကအားလုံးကို ကမ်းလှမ်းမယ်။ကျနော်တို့ရဲဘော်ဟောင်းတွေကိုစုစည်းနိုင်သမျှစုစည်းမယ်ဆိုတဲ့သဘောထားရှိရင်အ ကောင်းဆုံးပဲ။ဒါကြောင့်မို့လို့ကျနော်ဒီသဘောထားကိုကြိုဆိုပါတယ်လို့ပြောချင်တယ်”ဟုခေတ်ပြိုင်သို့ ပြောသည်။

သို့သော်စစ်အစိုးရ၏ညွှန်ကြားချက်ဖြင့်၁၉၉၀ခုကတည်းကဦးဝင်းတင်ကိုဒေါ်အောင်ဆန်းစုကြည်၊ ဦးကြည်မောင်နှင့်ဦးတင်ဦးတို့နှင့်အတူပါတီမှထုတ်ထားပြီးဖြစ်၍လက်တွေ့အန်အယ်လ်ဒီပါတီထဲပြန်ဝင် ရောက်လုပ်ကိုင်ခွင့်ရမည်မရမည်ဆိုသည်မှာရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပါတီဝင်ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေစစ်မှန်သည့်ဒီမိုကရေစီထွန်းကားရေး၊အန်အယ်လ်ဒီပါတီ စုစည်းရေးနှင့်အန်အယ်လ်ဒီကိုဝန်းရံရေးတို့အတွက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေါ်မြင့်မြင့်ခင်၊မောင်ဝံသ၊မောင်စူးစမ်း(ဦးချမ်းအေး)စသည့်ပုဂ္ဂိုလ်များအားလုံးကိုလည်း အန်အယ်လ်ဒီပါတီအနေဖြင့်စုစည်းနိုင်သမျှကျယ်ကျယ်ပြန့်ပြန့်စုစည်းကာဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်းဦးဝင်းတင်ကဆက်လက်အကြံပြုပြောကြားသည်။

သတင်းစာဆရာကြီးဦးဝင်းတင်ကိုစစ်အစိုးရကအင်းစိန်ထောင်တွင်း၌(၁၉)နှစ်ကျော်ထိန်းသိမ်းထားခဲ့ပြီးမှ ယမန်နေ့ကအကျဉ်းသား(၉,၀၀၀)ကျော်ကိုပြန်လွှတ်ပေးရာတွင်အခြားနိုင်ငံရေးအကျဉ်းသားအချို့နှင့်အတူ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

0 Comments:

blogger templates | Make Money Online