Monday, September 15, 2008

သံဃာ့တပ်ပေါင်းစုနှင့် ရွှေဝါရောင်တော်လှန်ရေး

ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု) | မတ် ၁၃၊ ၂၀၀၈

မြန်မာ့နိုင်ငံရေး၏ နောက်ခံသမိုင်းကြောင်းကို ပြန်ကြည့်သောအခါ ရဟန်းသံဃာတော်များအနေဖြင့် နိုင်ငံရေးနှင့် ဆက်နွယ် ပတ်သက်နေကြောင်း တွေ့ရှိရပါသည်။ နိုင်ငံရေးကို ကိုယ်တိုင်ပါဝင်လုပ်ကိုင်တာ မဟုတ်ပေမယ့် နိုင်ငံ အုပ်ချုပ်သည့် ဘုရင်များ၊ အစိုးရ အဖွဲ့အစည်းများကို ညွှန်ကြားဆုံးမခဲ့ပါသည်။ စစ်မဖြစ်အောင် သံတမန် တာဝန်ကို ထမ်းဆောင်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးပါသည်။
ပုဂံ အနော်ရထာ ခေတ်မှသည် မင်းတုန်းနှင့် သီပေါမင်း ခေတ်အထိလည်း မင်းတွေကိုဆုံးမပေးသည်။ နန်းဦး ဆရာတော် များအဖြစ် သာသနာတော်နှင့် ပြည်သူ၊ ပြည်သားများ အကျိုးကို ထမ်းဆောင်ခဲ့ကြပါသည်။
၁၈၈၆ ခု အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘ၀ရောက်ခဲ့ရသော်လည်း အမျိုးသားရေးတာဝန်တရပ်အနေဖြင့် သံဃာ တော်များ ဆက်လက် ထမ်းဆောင်ခဲ့ကြပါသည်။ ထင်ရှားသည့် သာဓကများမှာ ဆရာတော် ဦးဥတ္တမသည် ပြည်ပနိုင်ငံ အသီးသီးသို့ သွားရောက်ပြီးသည့်နောက် မြန်မာပြည်သူများ နိုင်ငံရေး အသိပညာ နိုးကြားတက်ကြွလာအောင် ဟော ပြော လှုံ့ဆော်ခဲ့ ပါသည်။ ထိုဟောပြောမူကြောင့် ကိုအောင်ဆန်း လို မျိုးချစ်လူငယ်များ ပေါ်ပေါက်ခဲ့ပါသည်။ ဆရာတော် ဦးဝိစာရ၏ အစာငတ်ခံ ဆန္ဒပြတိုက်ပွဲကလည်း မြန်မာ ပြည်သူများကို နိုင်ငံရေး အသိနိုးထစေပြီး `မမေ့ကြပါနဲ့´ ဆိုသည့် နောက်ဆုံး စကားနဲ့ `လွတ်လပ်ရေး`ကို ရအောင် ယူဆောင်ကြဖို့ ညွန်ကြားပြသခဲ့ပါသည်။

၁၉၄၈ ခု လွတ်လပ်ရေးရပြီးသည့်နောက် ဒီမိုကရေစီခေတ်ရောက်သောအခါ အဖွဲ့အစည်းများစွာ ပေါ်ထွက်လာခဲ့ရာ ရဟန်းပျို သမဂ္ဂကို ဖွဲ့စည်းခဲ့ကြပြီး ပြည်သူများ၏ အခက်အခဲများအားအစိုးရ သိရှိရန် ဖေါ်ထုတ်ပြသနိုင်ခဲ့ပါသည်။
၁၉၆၂ ခု တော်လှန်ရေးကောင်စီ အစိုးရ ဦးနေ၀င်း လက်ထက်တွင် သမဂ္ဂ အဖွဲ့အစည်းများ ဖျက်သိမ်း၍ ဥပဒေထွက် ပေါ်လာသောကြောင့် ၁၉၆၄ ခုတွင် ရဟန်းပျိုသမဂ္ဂအဖွဲ့ ဖျက်သိမ်းခံခဲ့ရသည်။ သို့သော် အဖွဲ့အစည်း တရားဝင် ဖွဲ့ စည်းခွင့်မရသော်လည်း ၁၉၇၄၊ ၇၅၊ ၇၆ ခု ဦးသန့်အရေးတော်ပုံ၊ အလုပ်သမား အရေးအခင်းမှိုင်း ရာပြည့် စသော နိုင်ငံရေး လုပ်ရှားမှု မှန်သမျှတို့တွင် ရဟန်းသံဃာများ ရှေးတန်းမှ ပါဝင်ခဲ့ကြပါသည်။
၁၉၈၈ ခု အရေးတော်ပုံကာလ အုပ်ချုပ်ရေး ယန္တရားပျက်နေသည့်အချိန် ရဟန်းသံဃာတော်များ၏ ကာကွယ် စောင့်ရှောက်ပေးမှုတို့ကြောင့် ပြည်သူအသက်ပေါင်းများစွာ ချမ်းသာရာ ရရှိခဲ့ကြပါသည်။ စက်တင်ဘာ (၁၈) ရက် တွင် စစ်အစိုးရ အာဏာသိမ်းပြီးသည့်နောက်ပိုင်း အထက်ဗမာပြည် ရဟန်းပျိုသမဂ္ဂ(မန္တလေး)နှင့် အောက် ဗမာပြည် ရဟန်းပျို သမဂ္ဂ (ရန်ကုန်) တို့ကို ပြန်လည်ဖွဲ့စည်းပြီး ပြည်သူ၊ ပြည်သား၊ ကျောင်းသားများနှင့် အတူ စစ်အာဏာရှင်ကို တွန်းလှန် ခဲ့ကြပါသည်။
၁၉၉၀ ခု ရှစ်လေးလုံး နှစ်နှစ်ပြည့်နေ့တွင် မန္တလေးမြို့ NLD ပါတီဝင်များ၊ ကျောင်းသားလူငယ်များ၊ ပြည်သူလူထုနှင့်အတူ ပူပေါင်းကာ မန္တလေးမြို့ပေါ်ရှိ သံဃာတော်များအား ဈေးချိုနှင့် ၂၆ (B) လမ်းတလျှောက် အရုဏ်ဆွမ်းလောင်း လှူခဲ့ပါ သည်။ ယင်းဆွမ်းလောင်းပွဲကို န.၀.တ အာဏာပိုင်များက ကန့်ကွက်တားမြစ်သဖြင့် အဓိကရုဏ်းဖြစ်ဖွား ခဲ့ကြပါသည်။
ထို အဓိကရုဏ်းတွင် သံဃာတော်များစွာ အရိုက်ခံရခြင်း၊ ဒဏ်ရာများ ရရှိခြင်း၊ လာဘ်မရအောင် တားမြစ်ခံရခြင်း စသည့် အကြောင်းရင်းများကြောင့် ဦးရာဇဓမ္မာဘိဝံသ၊ ဦးကောဝိဒါဘိဝံသ တို့၏ ဦးဆောင်မှုကို ခံယူကာ အထက် မြန်မာပြည် ရဟန်းပျိုသမဂ္ဂ အနေဖြင့် ၁၉၉၀ ခု စက်တင်ဘာလတွင် မန္တလေးမြို့တောင်ပြင်နှင့် အနောက်ပြင်တို့မှာ သုံးနေရာခွဲပြီး န.၀.တ စစ်အစိုးရကို ပထမအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ခဲ့ကြပါသည်။
မန္တလေးမြို့ရှိ သံဃာတော်များ ပြုလုပ်ပြီးဖြစ်သည့် သပိတ်မှောက်ကံကို ၀ိနည်းတော်လာဒေသနာတော် နှင့်အညီ ဆန္ဒပေး ထောက်ခံသည့် အနေဖြင့် ရန်ကုန်မြို့ပေါ်ရှိ စာသင်တိုက်ကြီးများစွာက ဆရာတော်များ၏ဦးဆောင်မှုကို ခံယူကာ အောက် မြန်မာပြည် ရဟန်းပျိုသမဂ္ဂအဖွဲ့ကလည်း ၃.၁၀.၁၉၉၀ ခု၊ ၁၃၅၂ သီတင်းကျွတ်လပြည့်နေ့တွင် ငါးထပ်ကြီး ဘုရားရင်ပြင် ပေါ်မှာ န၀တ စစ်တပ်ကို သပိတ်မှောက် ကံဆောင်ပြီး ရွှေတိဂုံဘုရားသို့ ဦးတိုက်သစ္စာပြု ခဲ့ကြပါသည်။
န၀တ စစ်တပ်သည် သံဃာတော်များ၏ ကံဆောင်မှုကို ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ကာ ဦးအံ့မောင် (ညွန်ချုပ် - သာသနာရေး ဦးစီးဌာန) ၏ အကြံပေးချက်ဖြင့် ထိုကျောင်းထိုင် ဆရာတော်ကြီးများ၊ ရဟန်းပျိုသမဂ္ဂ အဖွဲ့ဝင် သံဃာ တော်များ၊ စာသင်သား သံဃာတော်များကို အဓမ္မဖမ်းဆီးချုပ်နှောင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သဖြင့် ဦးအာစာရ (သရက်တောကျောင်း၊ သရက်ထောင်)၊ ဦးဇောတိက (ရွှေဘုန်း ပွင့်ကျောင်း ၊ အင်းစိန်ထောင်)တို့လို ပျံလွန် တော်မူသည့် သံဃာတော်များစွာ ရှိခဲ့ပါသည်။ တချို့မှာ ရဲဘက်စခန်းများသို့လိုက်ပါသွားရသဖြင့် ပျံလွန်သည့် စာရင်း များ ပြုစုရန် ခက်ခဲလျှက်ရှိပါသည်။
န၀တ သို့ ပထမ အကြိမ်သပိတ်မှောက်ကံသည် နှစ်တွေကြာညောင်းပြီး ရဟန်းသံဃာတော်များ ထောင်ချခံလိုက်ရသဖြင့် ကံဖျက်ပြီဟု ထင်ဖွယ်ရာ ရှိသော်လည်း ရဟန်းတော်များ၏ သာသနာ့ အန္တရာယ် ကာကွယ်ရေး စိတ်ဓာတ်မှာ တိုးတက်လာ နေကြောင်းကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးက သက်သေပြလျှက် ရှိပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးဆိုသည့် အမည်မဖြစ်ပေါ်မီ ရဟန်းတော်များ ဖွဲ့စည်းထားသည့် အဖွဲ့ခွဲ တွေ အမြောက်အမြား ရှိပြီးဖြစ်ပါသည်။ ယင်းအဖွဲ့များစွာထဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချုပ်သည် ရန်ကုန် ရဟန်း ၅ ပါး ၊ မန္တလေးရဟန်း တပါးကို အခြေခံပြီး ဗဟိုအလုပ်အမူဆောင်အဖွဲ့ကို စတင် ဖွဲ့စည်းထားပါသည်။ ထို့အတူ ပဲခူး၊ ပြည်၊ မကွေး၊ ပခုက္ကူ၊ မော်လမြိုင်နှင့် ရခိုင်ဒေသတို့တွင်လည်း သက်ဆိုင်ရာ မြို့နယ်များအလိုက် အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့ပါသည်။ ဦးဂမ္ဘီရနှင့် တခြား ၆ ပါး ဖွဲ့စည်းထားသော ရန်ကုန်တိုင်း ရဟန်းပျိုသမဂ္ဂအဖွဲ့လည်း သီးခြားရှိပါသည်။ ရန်ကုန်မြို့ပေါ်ရှိ သံဃာတော်များကိုအခြေခံပြီး ဖွဲ့စည်းထားခြင်း ဖြစ်ပါ သည်။
အထက်မြန်မာပြည်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ကို မန္တလေးမြို့ပေါ်ရှိသံဃာတော်များကို အခြေခံပြီး ဖွဲ့စည်းထားပါသည်။ အဓိကအားဖြင့် စာကြည့်တိုက် စာဖတ်အသင်း ၊ စာပေ ဆွေးနွေးပွဲပုံစံမျိုး ရပ်တည် ထားကြပါသည်။
ကျောင်းသားသမဂ္ဂလို အဖွဲ့တွေ ဆက်တိုက်ပေါ်ထွက်လာသလို ရဟန်းသမဂ္ဂတွေလည်း ပေါ်ထွက်လာခဲ့ကြပါသည်။ အဖွဲ့အားလုံးရဲ့ အဓိက ရည်မှန်းချက်မှာ စစ်အစိုးရ ဆန့်ကျင်ရေးသာ ဖြစ်သည်။ ထို့ ကြောင့် ရဟန်းပျိုသမဂ္ဂ ကိုယ်စား လှယ်များသည် အဖွဲ့အချင်းချင်းတွေ့ဆုံညှိနှိုင်းကာ တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်း၊ အပြန်အလှန် ကူညီချင်း များကို ဆောင်ရွက်ကြရာတွင် နအဖ အစိုးရရိပ်မိပုံ ပေါ်လာသဖြင့် လူသစ်ရဟန်းများကို စေလွှတ်ပြီး ဆွေးနွေးညှိနှိုင်းရ သည်များလည်း ရှိပါသည်။ တခါတရံ ချိန်းဆိုထားပြီးမှ ဖျက်လိုက်ရသည်များလည်း ရှိပါသည်။
၂၀၀၅ ခု နှစ်စပိုင်းလောက်ကစပြီး အာဏာရှင်အား လူထုလူပ်ရှားမှုဖြင့်တိုက်ထုတ်ရမည်ကို သိရှိလာခဲ့ပြီး အချိန်ကျရောက် ပါက အဆင်သင့်ဖြစ်နေရန် မိမိတို့အဖွဲ့အသီးသီးကို အင်အားတိုးချဲ့ရန်နှင့် ကြိုတင်ပြင်ဆင်ထားကြရန် အဖွဲ့ အားလုံး သဘောတူညီမှု ရရှိခဲ့ပါသည်။
၂၀၀၇ ခု ဩဂုတ်လ ၁၅ ရက်နေ့တွင် နအဖစစ်အစိုးရက စက်သုံးဆီဈေးနှုန်းတိုးမြှင့်လိုက်သောအခါ ပြည်သူများ စားဝတ်နေ ရေး အလွန်ခက်ခဲသွားကြပါသည်။ ယင်းအခက်အခဲကို အကြောင်းပြုပြီး လူထုဆန္ဒဖော်ထုတ်ပွဲတွေ၊ ဆန္ဒပြပွဲတွေ ဖြစ်ပေါ် လာသော်လည်း ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့၊ စွမ်းအားရှင်များ၏ ဖမ်းဆီးရိုက်နှက် ဖိနှိပ်မှုများကြောင့် ခရီးရောက်သင့်သလောက် မရောက်ဘဲ ရှိနေပါသည်။
ယင်းအခြေအနေများကြောင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် သံဃာတော်များ အနေဖြင့်လည်း ယခင် ကြိုတင် ဖွဲ့စည်းထားပြီးဖြစ်သော ရဟန်းပျိုသမဂ္ဂများကို အတူတူပူးပေါင်းကာ ကြီးမားသည့်အဖွဲ့အစည်းကြီးတခု ဖွဲ့စည်းရန် ၉. ၉. ၂၀၀၇ တွင် မန္တလေးမြို့ ဘုန်းတော်ကြီးကျောင်းတကျောင်း၌ဆုံတွေ့ရန် ကြံစည်ခဲ့ပါသည်။ ရှစ်ရက်နေ့ မန္တလေး မြို့ကို အရောက်သွားရမည်ဖြစ်သဖြင့် လမ်းခရီးတွင်ကိစ္စရှိသူများက လေးရက်နေ့ကတည်းက ကြိုတင်ထွက်ခွာကြ ပါ သည်။
စက်တင်ဘာ ၅ ရက်နေ့မှာ အခြေအနေက လုံးဝပြောင်းလဲသွားခဲ့ပါသည်။ ပခုက္ကူမြို့တွင် ရဟန်း သံဃာတော်များ မေတ္တာပို့ ပရိတ်ရွတ်ဆိုကြသည်ကို အာဏာပိုင်များက ကြိုးကွင်းပစ် ဖမ်းဆီးကြောင်း၊ ရိုက်နှက်ခံရကြောင်း၊ ဖုန်းဆက် လာပါသည်။ ညပိုင်းသတင်းတွေမှာလည်း ဆက်တိုက်ပါလာပါသည်။ ခြောက် ရက်နေ့မှာ ကားတွေမီးရှို့ကြောင်း သိရ ပါသည်။
ပခုက္ကူသံဃာများအပေါ် ပြုမှုသည့်လူမဆန်လုပ်ရပ်အား ရဟန်းသံဃာတော်များအနေဖြင့် တုံ့ပြန်ရမည်ကို အားလုံး နားလည်ပြီး ဖြစ်လေသည်။ ကိုးရက်နေ့ စည်းဝေးပွဲလုပ်ရန် သွားကြသောအခါ နေရာပေးမည့်သူက မပေးရဲ ဖြစ်နေသဖြင့် နောက်တနေရာထပ်ရွှေ့ရာ အဆင်ပြေခဲ့ပါသည်။
ရဟန်းတော်များ စတင်ညှိနှိုင်းသောအခါ ပခုက္ကူကိစ္စကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ရန် သဘောတူကြပါသည်။ ထို့နောက် သပိတ်စတင်မည့်ရက် သတ်မှတ်ကြပါသည်။ တောင်းဆိုသင့်သည့် အချက်အလက်များနှင့် ပါဝင် နိုင်သော အချက်အလက်များကို ညှိနှိုင်းကြရပါသည်။
တောင်းဆိုချက် (၄) ချက်မှာ
(၁) ပခုက္ကူသံဃာတော်များကို (၁၇) ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထား တောင်းပန်ရန်၊
(၂) စက်သုံးဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးရန်၊
(၃) ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်။
(၄) အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် တို့ ဖြစ်ပါသည်။
အဖွဲ့အစည်းအမည်ကို“မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး” ဟု အမည်ပေးပြီး မလိုက်လျောပါက ၁၈ ရက်နေ့မှစတင်ကာ သပိတ်မှောက်မည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ကြပါသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့တွင် ပါဝင်သော အဖွဲ့များမှာ-
(၁) မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချုပ်
(၂) မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီ အဖွဲ့ချုပ်
(၃) ရန်ကုန်တိုင်း ရဟန်းပျိုသမဂ္ဂ
(၄) သံဃာ့ဓူတ သမဂ္ဂ တို့ ဖြစ်ပါသည်။
ပါဝင်သော ပုဂ္ဂိုလ်များမှာ-
(၁) ဦးပါကဠ
(၂) ဦးမေဓာဝီ
(၃) ဦးခေမိန္ဒ
(၄) ဦးဩဘာသ
(၅) ဦးတေဇ
(၆) ဦးဂမ္ဘီရတို့ ဖြစ်ကြပါသည်။
သံဃာ့တပ်ပေါင်းစု ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ရာတွင် ကွန်ပျူတာမရှိသောကြောင့် ဖွဲ့စည်းခြင်းနှင့် ကြေညာချက်များကို လက်ရေးနှင့်ရေးပြီး ဓာတ်ပုံရိုက်ကာ ကင်မရာမှတဆင့် အီးမေးလ်ဖြင့် မီဒီယာသို့ ပို့ခဲ့ရပါသည်။
သံဃာတော်များ ဆွမ်းစားသည့်အခါ အင်ဖက်ထဲတွင် အသားဟင်း၊ ငါးပိချက်၊ အစိမ်းကြော်၊ ငရုတ်စိမ်း၊ ကြက်သွန် များရောထည့်ထားသည့် ဖက်ထုပ်ထမင်းကို သုံးဆောင်ဘုဉ်းပေးကြရပါသည်။ သံဃာတော်များ၏ ဝေယျာဝစ္စကို လုပ်ကိုင် ကူညီပေးသူ ဒကာ တဦးကလည်း သူ၏တာဝန်ကို အထူးကျေပွန်စွာ ဆောင်ရွက်ခဲ့ပါသည်။
၁၈.၉.၂၀၀၇ ရက်နေ့တွင် နအဖ စစ်အစိုးရကို ရဟန်းသံဃာတော်များက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ဒုတိယအကြိမ် သပိတ်မှောက်ကံဆောင်ကာ ရွှေဝါရောင်တော်လှန်ရေးစတင်လိုက်သဖြင့် မြန်မာ့အရေးကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့ နိုင်ငံအသီးသီး က သိရှိနားလည်ခွင့် ရရှိခဲ့ပါသည်။
ယင်းသို့ ကမ္ဘာက သိရှိသွားသည့်အခါ တချို့က နာမည်ခံယူလိုကြသော်လည်း အမှန်မှာ ပြည်သူတို့၏ ရင်တွင်း ခံစား ချက်ကို အရှိအတိုင်း သိရှိနားလည်ကာ ရဟန်းရှင်လူပြည်သူများ ဟန်ချက်ညီညီ လုပ်ဆောင် ခြင်းကြောင့်သာလျှင် ဖြစ်ပါသည်။

0 Comments:

blogger templates | Make Money Online