Thursday, January 15, 2009

ကဒေါင်းကြီး ခွပ်တော့မည်လော

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်၏ မင်္ဂလာ နှစ်သစ်ကူး ရက်ထူးရက်မြတ်မှာ နှစ် နှစ်ဆယ်သက်တန်းရှိ မြန်မာအတိုက်အခံ နိုင်ငံရေးလောက၌ သတင်းထူး၊ သတင်းဦးကြီးတခုကို ကြားလိုက်ရပါတော့သည်။ သတင်းကတော့ ကဒေါင်းကြီး၏ တွန်သံဖြစ်ပါသည်။ ကဒေါင်းတံဆိပ်ခတ်နှိပ်ထားသော “ အင်စီယူးဘီ ” ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားသားကောင်စီသည် ကမ္ဘာက တရားဝင် အသိအမှတ်ပြုထားသော မြန်မာစစ်အစိုးရနှင့် ယှဉ်ပြိုင်၍ စင်ပြိုင်အစိုးရတခု ထပ်မံဖွဲ့စည်းရန် စီစဉ်လျှက်ရှိပါကြောင်း၊ ၂၀၀၉ ခုနှစ်ထဲတွင် အကောင်အထည်ပေါ်လာမည် ဖြစ်ကြောင်း။

ဒီတင်းကို ကြားရတဲ့လူထုကြီးအတွက်ကတော့ ရယ်ရမလို၊ ငိုရမလိုနှင့် “ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား အင်စီယူးဘီ ” ဟု မေးခွန်းတွေထုတ်နေကြပါပြီ။ န.အ.ဖ စစ်အစိုးရကို ဝိုင်းဝန်းတိုက်ခိုက်နေကြတဲ့ အတိုက်အခံ အင်အားစုဆိုသည်များထဲတွင် စင်ပြိုင်အစိုးရ တခုနှင့် မနိုင်လို့ စင်ပြိုင်အစိုးရနှစ်ခု ဖွဲ့ပြီးတိုက်တဲ့ တိုက်ကွက်ကြီးလို့ ပြောသူပြော၊ ဂျက်ကီချမ်းကြီး အသက်ကြီးသွားပြီ အခုမှ တကယ်ချ မယ့် ဂျက်လီ ကွ ဟုဆိုသူဆိုနှင့် မြန်မာလူထုကြီး အကြား တီးတိုးဝေဖန်သုံးသပ်သံများ ပွက်လောညံနေကြသည်။ မြန်မာ့အရေးလေ့လာ သုံးသပ်သူများ၊ ပုရောဟတ်ကြီးမျာသည်လည်း ဘာတွေဘယ်လိုဖြစ်ကုန်ပြီလဲဟု ဝေဝါးလျှက် နှုတ်ကျွံ၊ စကားကျွံ မဖြစ်စေရန် ပါးရည်နပ်ရည်နှင့် စောင့်ကြည့်အကဲခတ်လျှက်ရှိကြ၏။ ပရိတ်သတ်ကြီးက ထိုနိုင်ငံရေး ပုရောဟိတ်ကြီးများ ဘယ်လိုသုံးသပ်မလဲဆိုတာကို ငံလင့်လျှက်ရှိနေသည်။

အင်စီယူးဘီသည် ဒေါက်တိုင်ကြီးလေးခုနှင့် ထောက်ကန်ဖွဲ့စည်းထားသော အဖွဲ့ချုပ်ကြီးဖြစ်သည်ဟု အတိုက်အခံ လူကြီးသူမများ၏ ပြောစကားကိုတော့ ကြားဘူးပါသည်။ ထို ဒေါက်ကြီးလေးဒေါက်ထဲတွင် “ အင်စီဂျီယူးဘီ ” ခေါ် ဦးစိန်ဝင်းအစိုးရအဖွဲ့လည်း ဒေါက်တခု အဖြစ်ပါဝင်ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် အင်စီယူးဘီနှင့် အင်စီဂျီယူးဘီတို့သည် အနှစ် နှစ်ဆယ်နီးပါး စိတ်တူကိုယ်တူ ဖြစ်ခဲ့ကြပါသည်။ ပရီပိုဇယ်ကိုလည်း ရယူသုံးစွဲနေနိုင်ကြတဲ့ အဖွဲ့ကြီးတွေလည်း ဖြစ်ပါသည်။ အင်စီဂျီယူးဘီမှ လူကြီးများသည်လည်း အင်စီယူးဘီမှ တာဝန်ရှိ ရာထူးကြီးများကို ထမ်းဆောင်နေကြသူများလည်း ဖြစ်ပါသည်။

သို့သော် ယခုမှထပြီး အင်စီဂျီယူးဘီ အစိုးရကြီးရှိပါလျှက် အင်စီယူးဘီ အစိုးရတခုထပ်မံဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေငြာချက် ကတော့ အတော့်ကို ထူးဆန်းသော သတင်းတခုပင် ဖြစ်နေပါသည်။ မည်သို့ဆိုစေ အဖွဲ့အစည်းကြီးတခု၏ စည်းမျဉ်းစည်းကမ်း ဥပဒေသများအတိုင်း မကိုက်ညီသော လုပ်ရပ်ဖြစ်နေတာကတော့ အမှန်ပင်ဖြစ်သည်။ အင်စီယူးဘီဘက်မှ ဦးမြင့်သိဏ်းက သူတို့အသစ်ဖွဲ့စည်းမည့် အစိုးရသည် အစိုးရ၏ အင်္ဂါရပ်များနှင့် ကိုက်ညီအောင် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် အင်အားစုများလည်း ပါဝင်နေပါကြောင်း၊ မတိုးမတက် အလုပ်မဖြစ်တဲ့ လမ်းဟောင်းကြီးကို စွန့်ပစ်ပြီး လမ်းသစ်၊ မူသစ်နှင့် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ အစိုးရဟောင်း ဝန်ကြီးချုပ်ဦးစိန်ဝင်းကတော့ သူတို့အင်စီဂျီယူးဘီ အဖွဲ့သည် သူတို့ မူနှင့် သူတို့သွားနေကြောင်း ပြည်တွင်းက စီအာပီပီနှင့် အင်အယ်ဒီတို့ရဲ့ အောက်ကပဲ လိုက်ပါဆောင်ရွက်နေပါကြောင်း ပြောကြပါသည်။

ဦးစိန်ဝင်းအစိုးရသည် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှ အရေးယူရေး “ အစ်ရှုး ” ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ရောက်အောင်ဆောင်ရွက်နိုင်သည်ဟု ဂုဏ်ယူဝင်ကြွားပြောလေ့ရှိသည်။ ဒီထက်တိုးမတက်တာကတော့ လူတိုင်းအသိပင်။ ရုံးအုပ်ကြီးက သူ့ရုံးခန်းကို သန့်ရှင်းရေး လုပ်နိုင်တယ်ဟု ဂုဏ်ယူနေဟန်ရှိသည်။ လူဦးရေ လေးငါးရောက်နှင့် ထာဝရ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများဟုလည်း သတ်မှတ်ဆုတ်ကိုင်ထားကြပါသည်။ မြန်မာပြည်ကို ဘယ်လိုဒီမိုကရေစီမျိုးနှင့် တည်ဆောက်မည်ဆိုတာကို ရေရေရာရာမရှိပါ။ အရှေ့ကို မျှော်သလိုလိုနှင့် အလုပ်မဖြစ်သည့် ကုလသမဂ္ဂလမ်းကြောင်းကို လုပ်ပြနေကြပါသည်။ မြန်မာ့အရေး ကမ္ဘာ့ကသိရေးအတွက် နိုင်ငံတကာကို လှည့်ဖန်များပြီ ရှက်တတ်သူက ရှက်နေပုံလည်း ပေါ်ပါသည်။ အင်စီယူးဘီ အထွေထွေအတွင်းရေးမှူးဖြစ်သော ဦးမောင်မောင် စီစဉ်သည့် န.အ.ဖကို ကမ္ဘာ့စစ်ခုံရုံးတင်ရေးပြကွက်ကို ဦးစိန်ဝင်းက လက်မခံ၊ လတ်မှတ်မထိုးသဖြင့်လည်း ထင်ရှားတဲ့ အက်ကြောင်းကို လူထုက မြင်ခဲ့ရပါသည်။ ဘယ်လမ်းကိုမှန်းမသိ၊ ကိုယ့်လမ်းကိုယ် လျှောက်နေသော ဦးစိန်ဝင်းအစိုးရကတော့ အလုပ်မဖြစ်တာ အမှန်ပင်ဖြစ်နေပါသည်။

ဟော အခု အင်စီယူးဘီ အစိုးရသစ်ကတော့ တကယ်အလုပ်ဖြစ်မှာလား။ ဖက်ဒရယ်ပြည်ထောင်စု မူတွေ၊ ဥပဒေတွေကို နယ်စပ်မှာ အကြိမ်ကြိမ်သင်တန်းတွေပေး လေ့ကျင့်ခဲ့သည်များကိုလည်း ကြားဘူးခဲ့ပါသည်။ အခြေခံဥပဒေတွေလည်းရေးဆွဲပြီးနေကြောင်းလည်း ကြားခဲ့ပြန်ပါသည်။ ပြည်တွင်းရေးမှို့ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်ရေး လမ်းစဉ်သာ အင်စီယူးဘီ၏ အဓိက လမ်းစဉ်ဖြစ်ကြောင်းလည်း သိခဲ့ရပါသည်။ ဒါကြောင့် ယခု အင်စီယူးဘီ အစိုးရသည် ယခင် အင်စီယူးဘီအဖွဲ့၏ အခြေခံမူဝါဒတွေနှင့် အတူတူပဲလား၊ ဒါမှမဟုတ် ဘယ်လိုပြောင်းလဲမှုတွေ ရှိပါသလဲဆိုတာ မေးခွန်းထုတ်ရပါတော့မည်။ သေချာတာ တခုကတော့ လက်နက်ကိုင်တိုက်ပွဲ ဝင်မည်တဲ့။

လက်နက်ကိုင်တိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်ကို အသုံးပြုရသည့် ပဋိပက္ခတိုင်းကို အကြမ်းဖက်ဟု မဆိုနိုင်သလို လက်နက်ကိုင်တရားသော စစ်ပွဲများသည်လည်း ယနေ့ကမ္ဘာကြီးမှာ လိုအပ်လျှက်ပင် ရှိနေပါသေးသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲမှာ ရေပန်းစားလာတဲ့ အကြမ်းမဖက်ရေး လက်နက်မဲ့ လူထုအားနှင့် တိုက်သည့် တိုက်ပွဲပုံသဏ္ဍန်သည် အောင်မြင်မှုမရနိုင်ပဲ ပြည့်စုံလုံလောက်မှု မရှိကြောင်း သိလာကြပါသည်။ အကြမ်းမဖက်တိုက်ပွဲပုံစံသည် ပစ်ပယ်ရမည်တော့ မဟုတ်ပါ။ နည်းဗျူဟာတခုအရ အစဉ်အမြဲ ရှိနေသင့်ပါသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ခေတ်ပေါ်နိုင်ငံရေးသမား အချို့ ကလည်း ပြောကြပြန်ပါသည်။ မြန်မာပြည်မှာ လွပ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်တိုက်ပွဲတွေ တော်လှန်ရေးတွေ ဆင်နွဲလာတာ အောင်မြင်မှု မရှိခဲ့ပါဘူးတဲ့။ မှန်ပါသည်။ မအောင်မြင်ခဲ့ပါ။ သို့သော် လက်နက်ကိုင်လမ်းစဉ်ကြောင့် မအောင်မြင်ရတာ မဟုတ်ပါ။ ရည်မှန်းချက်နဲ့ မဟာဗျူဟာ အမှားကြောင့် ကမ္ဘာ့ဒီမိုကရေစီ အင်အားစုကြီးက လက်မခံလို့ မအောင်မြင်တာပဲ ဖြစ်ပါသည်လို့ ဆိုကြသူတွေလည်း ရှိပါသည်။ ထို့ကြောင့် နှစ်ပေါင်း လေးဆယ့်ခြောက်နှစ်လောက် စိုးမိုးအုပ်ချုပ်လာခဲ့သော မြန်မာစစ်အာဏာရှင်အစိုးရကို ယနေ့ အင်စီယူးဘီ အစိုးရသစ်က ဘယ်လိုပုံစံနဲ့ တိုက်ပွဲဝင်ကြမှာလဲ။ ဒါ လူထုက သိချင်နေတဲ့ အရေးကြီးတဲ့ အဖြေတရပ်ပင် ဖြစ်ပါသည်။

အင်စီယူးဘီ အစိုးရသစ်အနေဖြင့် ယခင်က နှစ်ပေါင်းလေးဆယ်ကျော်တော်လှန်ပုန်ကန်မှုတွေသည် ဘာကြောင့် မအောင်မမြင်ဖြစ်ခဲ့သည်ဆိုတာကို သုံးသပ်ဖို့လိုပါသည်။ ဒီနေရာမှာ တော်လှန်းရေးသည် အောင်မြင်နေပါသည်၊ အောင်ပွဲသည် လက်တကမ်းအလိုမှာ ရှိသည်၊ ရန်သူသည် ချောက်ထဲကျရန် လက်တလုံးသာ လိုပါတော့သည်၊ အမြဲအောင်မြင်တိုးတက်နေပါသည်ဟု လူထုကို ဝါဒဖြန့်လေ့ ရှိသော ခေါင်းမာဂိုဏ်းနှင့် ကမ္ဘာ့လူလိမ်တို့ရဲ့ စကားတွေကိုတော့ နားမယောင်ဖို့လိုသလို အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း သုံးသပ်ကြဖို့ ခံယူကြဖို့ အရေးကြီးလှပါသည်။

နိုင်ငံရေးလမ်းစဉ်နှင့် မူဝါဒများအပေါ် ခံယူချက် မတူညီကြဘဲ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုသည့် လုပ်ဟန်သည် ဘုံဦးတည်ချက် တခုရဲ့အောက်မှာ လုပ်ဟန်ကွဲပြားသော၊ နည်းဗျူဟာ ကွဲပြားသော အခြေအနေအတွက် ဖြစ်နိုင်ပါသည်။ သို့သော် ဘုံဦးတည်ချက် မတူညီသူများအတွက် ထပ်ပေါင်းစုသဏ္ဍန်ဖြင့် စုစည်းတိုက်ပွဲဝင်မှုသည် အန္တရယ်ကြီးပြီး ကျဆုံးမှုဖြင့်ရင်ဆိုင်ရလေ့ရှိပါသည်။ လူများစုပါဝင်သော အဖွဲ့က ရေများရေနိုင်၊ မီးများမီးနိုင် ဆိုသလို အဆုံးသတ်မှာ အချင်းချင်း အနိုင်ယူလေ့ရှိသော လုပ်ဟန်လည်း ဖြစ်ပါသည်။ အလွန်သတိရှိဖို့ လိုပါသည်။ ဒါကြောင့် အကောင်းဆုံးကတော့ ဘုံဦးတည်ချက်နှင့် မဟာဗျူဟာ တူညီရန်ညှိနှိုင်းပြီး တူညီကြမှသာ ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ယခု အင်စီယူးဘီ အစိုးရသစ်သည် ပြည်တွင်းက အကြမ်းမဖက်တိုက်ပွဲဝင်နေသည့် အင်အယ်ဒီ၊ စီအာပီပီတို့နှင့် ၎င်းတို့၏ မူဘောင်အောက်မှ ပြည်ပတွင်တိုက်ပွဲဝင်နေသော ဦးစိန်ဝင်းအစိုးရနှင့် လမ်းခွဲထွက်လိုက်သည်မှာလည်း ရှင်းပါသည်။ ပြည်သူလူထု ကတော့ အလုပ်မဖြစ်သော အဖွဲ့ဟောင်းထက် အဖွဲ့သစ်ပေါ်ပေါက်လာသည်ကို စိတ်ဝင်စားကြပါသည်။ သို့ပေမင့် ယခင်အဖွဲ့များကဲ့သို့ “ ရှူး ” မသွားစေရန် ဆုတောင်းနေပါကြောင်း။ ။



ဦးဖိုးသာအောင် (နော်ဝေ)


0 Comments:

blogger templates | Make Money Online