Friday, January 2, 2009

ဆရာနှင့်တကွ လုပ်ဖေါ်ကိုင်ဖက်များ၊ ခေါင်းဆောင်များ ခင်ဗျား

အနှစ်နှစ်ဆယ်ကြာအောင် ဘာတွေမှားနေကြသလဲ ဆောင်းပါးကို ဖတ်ရှုပြီးနောက် နေရာအချို့မှာ အတူလက်တွဲလုပ်ကိုင်နိုင်ဖို့ ဆရာက ဘိတ်ကြားလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆောင်းပါးပါ ဆွေးနွေးချက်ကို အသိအမှတ်ပြုလိုက်ခြင်းရယ်လို့ ယူဆကောင်း ယူဆနိုင်တာမို့ ၀မ်းမြောက်မိပါတယ်။ လုပ်အားဖြည့်ဖို့ အရေးကြီးသလို ပြင်ဖို့လိုအပ်ချက်တွေကို မပြင်လို့ကတော့ ပြာသာပြာတယ် ဖွဲမထွက်ဖြစ်မှာ စိုးရပါတယ်။



ပထမဆုံးအကြိမ်အဖြစ် ၁၉၉၁-၉၂ ခုလောက်က ဘန်ကောက်မှာ ဆရာတစ်ယောက် ယုံကြည်ချက်အတွက် ခြေသလုံးကို အိမ်ပြုပြီး သွားလာနေတုံးက အမှတ်မထင်ဆုံခဲ့ဘူးတယ်။ နောက် ၁၆နှစ်ကျော်လာပြီးနောက် မဲဆောက်က ဒေါက်တာမျိုးဝင်းရဲ့ အသုဘမှာ ဆရာ့ကို ဒုတိယအကြိမ် တွေ့လိုက်ပါတယ်။ တာဝန်တွေကြီးလာ များလာသော်လည်း ဟိတ်ဟန်မများဘဲ ယခင်တုန်းကလိုဘဲ ဖေါ်ဖေါ်ရွေရွေရှိသလို ကနေ့ပြည်တွင်းက သာမန်ပြည်သူတစ်ယောက်လို ခပ်မှိန်မှိန် ခပ်ဖျော့ဖျော့လေးတွေ့လိုက်ရတော့ ကျေနပ်မိသလိုပါဘဲ။



အခုပြန်စာကို ဆရာ့ဆီကိုဘဲ တိုက်ရိုက်ပြန်ကြားဖို့ စတင်ရေးသားခဲ့သော်လည်း နောက်ပြန်ဖတ်ကြည့်တော့ ဆွေးနွေးချက်တွေဟာ အားလုံးနဲ့ သက်ဆိုင်တယ်။ အားလုံးသိထားသင့်တယ်။ လိုအပ်လျင်ပါဝင်ဆွေးနွေးသင့်ကြတယ်လို့ ယူဆမိတဲ့အတွက် အားလုံးကို တပြိုင်တည်း အခုလိုရေးလိုက်မိတာကို ဆရာခွင့်လွှတ်ပါ။



စာရေးရင်းနဲ့ ငယ်ငယ်က ဖတ်ဖူးတဲ့ မှန်တာပြောရင် ရွာပြင်ထွက်ဆိုတဲ့ ပုံပြင်ကလေးကို ပြန်အမှတ်ရမိလိုက်ပါတယ်။ ခရီးသွားယောင်္ကျားတစ်ယောက် ကိစ္စတစ်ခုနဲ့ တစ်ခါမှ မရောက်ဖူးတဲ့ ရွာတစ်ရွာကိုသွားရင်း မောပန်းလာလို့ အဲဒီရွာထိပ်က ဇရပ်မှာ ၀င်နားသတဲ့။ ဇရပ်မှာ အဖွားအိုတစ်ယောက် ညှိုးညှိုးငယ်ငယ်နဲ့ နေထိုင်နေတာတွေ့ရတော့ အဖွားဘာဖြစ်လို့ ရွာထဲမှာမနေဘဲ ဇရပ်မှာ တစ်ယောက်ထဲနေရတာလဲလို့ ခရီးသွားကမေးပါတယ်။ အဖွားအိုက ငါက မှန်တာကိုပြောလို့ ရွာကလက်မခံတာနဲ့ ရွာပြင်ဇရပ်မှာ နေရတာလို့ဖြေသတဲ့။ ဒီရွာက လူများ တယ်ခက်သကိုး၊ ကျုပ်သာဆို အိမ်ဦးတင်ပြီး ကြွေးထားပါတယ်လို့ ခရီးသွားက ညီးညူရင်း အမောပြေတာနဲ့ ရွာထဲဝင်သွားသတဲ့။ ခဏကြာတော့မှ ခရီးသွားယောင်္ကျား မေ့ကျန်ခဲ့တဲ့ အထုပ်တစ်ထုပ်ကို အဖွားအိုကတွေ့တာနဲ့ အထုပ်ကိုင် ရွာထဲဝင်ပြီး ခရီးသွားကို ပြန်ပေးဖို့လိုက်ရှာသတဲ့။ ရှာပုံက ရွာရိုးကိုးကြောင်းပတ်ပြီး အသံပြဲကြီးနဲ့ ကျောက်ပေါက်မာ လက်တစ်နှိုက်နဲ့၊ မျက်စေ့စောင်းစောင်း အသားမဲမဲ ခါးကိုင်းကိုင်းလူတစ်ယောက်များ တွေ့မိကြသလားဟေ့။ သူ့အထုပ်ကျန်ခဲ့တယ်လို့ အော်သတဲ့။ အထုပ်ရှင်ခရီးသွားက ရှက်ရှက်နဲ့ အထုပ်ကို ထွက်ယူရင်း ဒီရွာက လူတွေမို့ ရွာပြင်ထုတ်ရုံထုတ်တယ်။ ကျုပ်သာဆို ဒါးနဲ့ခုတ်တယ်လို့ ပြောလိုက်သတဲ့။ ပြုံးရယ်စရာလေးကို မျှဝေခြင်းဖြစ်ပါတယ်။



ကျနော်ကမှန်ပြီး သူများတွေမှားနေတယ်ဆိုတဲ့သဘော၊ ကျနော်ကမြင်ပြီး သူများတွေမမြင်ဆိုတဲ့သဘောနဲ့ ရေးခြင်းမဟုတ်ပါ။ တော်လှန်ရေးနယ်မြေမှာ နှစ်ပေါင်းများစွာ စွန့်လွှတ်ခြင်းပေါင်းများစွာနဲ့ ဘ၀ကို နှစ်မြုပ်ပေးဆပ်နေဆဲဖြစ်တဲ့ ရဲဘော်ကြီးများ၊ ခေါင်းဆောင်ကြီးများကို လေးစားစွာနဲ့ ကျနော့အမြင်ကလေးကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ မှားရင် ပြင်ပေးပါ။



အနှစ်နှစ်ဆယ်ကြာအောင် ဘာတွေမှားနေကြသလဲဆောင်းပါးရဲ့ အဓိကကြောရိုးက အနှစ်နှစ်ဆယ်ကြာတောင် အလုပ်မဖြစ်သေးရင် ပြင်ကို ပြင်ရဖို့လိုပြီဆိုတဲ့ အဆိုဖြစ်ပါတယ်။



အတိုက်အခံအဖွဲ့အစည်းတွေအနေနဲ့ ဒီအဆိုကို တစ်ကယ်ဘဲ လက်ခံနိုင်သလား။ လက်မခံနိုင်ဘူးလားဆိုတာကို ကိုယ့်ဖါသာကိုယ်စဉ်းစားပြီး ကိုယ့်ကိုကိုယ် အဖြေပေးကြဖို့ ကျနော်တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဘာကောင်မှ မဟုတ်တဲ့ ကျနော့ကို အဖြေပေးဖို့မလိုပါဘူး။ ပြည်သူတွေကလွဲရင် ဘယ်သူ့ကိုမှ အဖြေပေးစရာ မလိုဘူးလို့ဆိုပြီး ညင်းလိုက်ရင်လဲ လောလောဆယ်မှာ အသက်ရှူပေါက် ရကောင်းရနိုင်တာပါဘဲ။



ပြင်စရာ လိုတယ်လို့ မြင်လာရင်တောင် ပြင်ရဲသလားဆိုတာကို ကိုယ့်ကိုကိုယ် ဆက်မေးဖို့လိုအပ်ပါသေးတယ်။ မပြင်ချင်ဘူး၊ မပြင်ရဲဘူးဆိုရင် ကျနော့စာကိုလဲ ဆက်ဖတ်စရာ မလိုတော့ပါဘူး။



ပြင်ဖို့လိုတယ်။ ပြင်ရဲတယ်။ ပြင်ချင်စိတ်လည်းရှိတယ်ဆိုတဲ့နောက်မှာ ဘယ်လိုပြင်မလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။



ဘယ်လိုပြင်ကြမလဲဆိုတဲ့ အင်မတန်အရေးကြီးတဲ့ မေးခွန်းရဲ့အဖြေကို ကျနော်မပေးနိုင်သလို၊ ဘယ်တစ်ဦးကောင်း တစ်ဖွဲ့ကောင်းကမှ တစ်ထိုင်တည်း ပေးနိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး။ ဒီမေးခွန်းရဲ့အဖြေကို နှစ်ပေါင်းများစွာ အတွေ့အကြုံများစွာနဲ့ ထုသားပေသားကျနေတဲ့ အဖွဲ့အစည်းအသီးသီးက လက်ရှိခေါင်းဆောင်များနဲ့ စိတ်စေတနာမှန်သူ အရည်အချင်းရှိသူ တစ်သီးပုဂ္ဂလများရဲ့ ကိုယ်ကျိုးမဖက်သော ပွင့်လင်းရိုးသားပြီး အပြန်အလှန်လေးစားမှုရှိသည့် ဆွေးနွေးတိုင်ပင်မှုကသာ ပေါ်ထွက်လာနိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဖွဲ့အစည်းပြင်ပက ပုဂ္ဂိုလ်များကို ထဲ့သွင်းရခြင်းက ကိုယ့်ချို့ယွင်းချက်ကို ကိုယ်မမြင်တတ်တဲ့၊ မြင်ရင်တောင် ဖေါ့ပြီးမြင်တတ်တဲ့ လူ့သဘာဝကြောင့်အပြင် လူသစ် အားသစ် အမြင်သစ်တွေလဲ လိုအပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။



လက်တွေ့ကျကျ ဘယ်လိုဆွေးနွေးတိုင်ပင်ကြမလဲ။



ဒေါ်လာတွေ အချိန်တွေကုန်ပြီး၊ အချိန်တိုလေးမှာ အလုအယက်ပြောဆိုကြပြီး၊ မိုးလုံးလေလုံးဆုံးဖြတ်ချက်တွေထပ်ချပြီး၊ နောက်တပ်ပေါင်းစုတစ်ခုထပ်ဖွဲ့ပြီး၊ ရာထူးတွေခွဲဝေပြီး၊ ကြေညာချက်တစ်စောင် ကမန်းကတန်းထုတ်ပြီး၊ ထုံးစံအတိုင်း ပွဲပြီးမီးသေလုပ်၊ စတိတ်မင့်တစ်စောင်နဲ့ စုတေဖို့ မဟုတ်သလို အချင်းချင်းကပ်ခွေနိုင်ရေးအတွက် တစ်စင်ထောင်ပြီး စင်ပြိုင်လုပ်ဖို့ မဟုတ်ပါဘူး။



အဆင့် သုံးဆင့်သွားဖို့လိုတယ်လို့ ထင်ပါတယ်။



၁။ ပါတီတွင်းလုပ်ဆောင်မှုက စတင်ရပါမယ်။ ပြင်ချင်သော၊ ပြင်ရဲသော လက်ရှိအဖွဲ့အစည်းအသီးသီးရှိ ခေါင်းဆောင်များက တစ်ကယ်လဲလက်တွေ့ကျပြီး လိုအပ်တဲ့ မူပိုင်းဆိုင်ရာပြင်ဆင်မှုတွေနဲ့ လူပိုင်းဆိုင်ရာ အနည်းဆုံးလိုအပ်ချက်တွေကို မိမိအဖွဲ့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံများကို အခြေခံပြီး မိမိတို့ဘာသာ သဘောတူချမှတ်နိုင်အောင် ပထမအဆင့်အနေနှင့် ဆွေးနွေးညှိနှိုင်းဖေါ်ထုတ်ဖို့လိုပါတယ်။ မူကောင်းပြီး လူမကောင်းလို့မရသလို၊ လူကောင်းပြီး မူမကောင်းလို့လည်း မရပါဘူး။ ပုတီးစိတ်ဖို့၊ သက်သတ်လွတ်စားဖို့၊ ငါးပါးသီလဆောက်တည်ကြဖို့ မတောင်းဆိုပါဘူး။ သို့သော် ကိုယ့်ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်အရ ကိုယ်နေချင်သလိုနေတာ၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူးလို့ထင်မယ်ဆိုရင် လူထုခေါင်းဆောင်၊ ပါတီအဖွဲ့အစည်းခေါင်းဆောင် လုပ်လို့မရဘူး ဆိုတာလောက်ကိုတော့ သိထားသင့်ကြပါတယ်။ ရံပုံငွေဆိုတာ အရေးကြီးပေမဲ့ ငွေရှာကောင်းတဲ့ ကုမ္ပဏီကြီးတစ်ခုက CEOစတိုင်နဲ့လည်း တော်လှန်ရေးကို ဦးဆောင်လို့ မရပါဘူး။ အထက်အောက် အပြန်အလှန်လေးစားမှုရှိတဲ့ စစ်မှန်တဲ့ခေါင်းဆောင်မှုမျိုးကို ငွေနဲ့ကျားကန်လို့ မရတတ်ပါဘူး။ ခေါင်းဆောင်လုပ်သူများရဲ့ ကိုယ်ကျိုးမဖက် အနစ်နာခံမှု၊ အမြော်အမြင်ကြီးမှု၊ စွန့်လွှတ်စွန့်စား သတ္တိပြောင်မြောက်မှုတွေအရသာ စစ်မှန်သောခေါင်းဆောင်မှုကို တည်ဆောက်နိုင်ပါတယ်။



မူတွေနဲ့ပတ်သက်လျင် ဘယ်လိုမူတွေကို အခြေခံရမယ်ဆိုတာ ကျနော်မပြောနိုင်သေးပေနဲ့ ဘယ်လိုအမြင်တွေနဲ့ ချဉ်းကပ်သင့်တယ်ဆိုတာကိုတော့ အကြမ်းဖြင်းပြောနိုင်ပါတယ်။ လိုအပ်ရင် ဖြည့်စွက်နိုင်၊ ပြုပြင်နိုင်ပါတယ်။



ဒီလိုပါ။ လက်တွေ့အကောင်အထည် မဖေါ်နိုင်ဘူးဆိုတာကို သိထားတယ်ဆိုရင်တော့ ဆင်ဖမ်းမယ်။ ကျားဖမ်းမယ်တွေကို ဖယ်ထုတ်လိုက်စေချင်ပါတယ်။ ရန်သူက သွေးရူးသွေးတန်းဖြစ်နေပြီတို့၊ နောက်ဆုံးထွက်သက်ငင်နေပြီတို့၊ ကြောက်ကန်ကန်နေပြီတို့ဟာ အနှစ်နှစ်ဆယ်လဲမက၊ အနှစ်ငါးဆယ်လဲမကဖြစ်နေပြီမို့ မှိုတက်လောက်ပါပြီ။



လက်ရှိအခြေအနေတွေအရ ပြောင်းလဲမှုတွေဖြစ်လာနိုင်မဲ့ အခြေအနေ ၂ရပ်ကို အကြမ်းဖျဉ်း ရေးချကြည့်ချင်ပါသေးတယ်။



ပထမဖြစ်နိုင်ခြေတစ်ခုက အာဏာရှင် ထိပ်တန်းစစ်ခေါင်းဆောင်တွေအားလုံး စုဝေးပြီး နေပြည်တော်မှာ အစည်းအဝေးလုပ်နေတုန်း မြေငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီး အစည်းအဝေးလုပ်နေတဲ့ အဆောက်အဦးကြီးတစ်ခုလုံး မြေမြိုသွားလို့ ဖြစ်ပေါ်လာနိုင်တဲ့ ရုတ်တရက် ပြောင်းလဲမှုကို စောင့်မျှော်ခြင်းဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တစ်ယောက် သို့မဟုတ် တစ်စုက အာဏာသိမ်းလိုက်ပြီး လူထုလက်ထဲကို အာဏာလွှဲပြောင်းလိုက်တာမျိုးကိုလဲ စိတ်ကူးယဉ်နိုင်ကြပါတယ်။



ဒုတိယဖြစ်နိုင်ခြေက အထွေထွေမကြေနပ်ချက်တွေကြောင့် တစ်နိုင်ငံလုံးအုံကြွလာပြီး ရှစ်လေးလုံးနောက်ပိုင်းကလို အခြေမှုန်းမခံရဘဲ လူထုအစိုးရပေါ်ထွန်းလာနိုင်တဲ့အထိ ပြောင်းလဲမှုဖြစ်ပေါ်လာရေးမူဖြစ်ပါတယ်။



ကျနော်တို့သည် နိုင်ငံရေးကို ဆင့်တန်ဆာ ခွေးမျှော်သလို စောင့်မှန်းပြီးလုပ်နေကြတာ မဟုတ်တာကြောင့် ပထမအချက်ကို စဉ်းစားစရာတောင် မလိုဘဲ အလွယ်တကူပယ်ချနိုင်ပါတယ်။



ဒုတိယအချက်ကို အလေးအနက်စဉ်းစားဖို့လိုပါတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြတ်မဲ့ အပြီးသတ်အောင်ပွဲခံနိုင်တဲ့ လူထုအုံကြွမှုကြီးက လက်ရှိခေါင်းဆောင်များရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် နောက်ငါးလမှာ ဖြစ်ပေါ်လာနိုင်သလို နောက်ငါးနှစ်မက နောက်အနှစ်ငါးဆယ်လဲ ထပ်မကြာနိုင်ပါဘူးလို့ ဘယ်သူအာမခံနိုင်ပါသလဲ။ အာမခံတယ်လို့ ပြောရဲတဲ့သူက ပြောလာရင်တောင် ယုံသူတွေကော ရှိနိုင်ပါတော့မလား။ ခြောက်လအတွင်း ပြန်လာမယ်ဆိုပြီး တောခိုရာက အနှစ်နှစ်ဆယ်ဖြစ်သွားသူတွေရှိသလို၊ ပြည်သိမ်းဖို့ နှစ်နှစ်စီမံကိန်း၊ လေးနှစ် စီမံကိန်းပေါင်းမြောက်များစွာနဲ့ ရာစုနှစ်တစ်ဝက်ကျော်ကာလအတွင်း လှုပ်လေ မြုပ်လေဖြစ်နေခဲ့တဲ့ ဗကပအပါအ၀င် အခြားလူမျိုးစုတော်လှန်ရေးအဖွဲ့ပေါင်းစုံကိုလည်း သင်္ခန်းစာယူနိုင်ပါတယ်။



ကျနော်တို့အားလုံး မိမိကိုယ်ကို မထောက်မညှာ မေးခွန်းထုတ်ဖို့ အချိန်တန်ပါပြီ။ ၁၉၈၈ကစမယ်ဆိုရင် အနှစ်နှစ်ဆယ်ကျော် ကြာပြီးနောက်၊ ၁၉၄၈ကစမယ်ဆိုရင် အနှစ်ခြောက်ဆယ်ကျော်ကြာပြီးတဲ့နောက်မှာ၊ နောက်ထပ်အနှစ်နှစ်ဆယ် သို့မဟုတ် အနှစ်ငါးဆယ် ထပ်ကြာကောင်းကြာနိုင်တဲ့ လက်ရှိမူတွေကိုဘဲ မပြောင်းမလဲ ဆက်ကိုင်စွဲထားမယ်ဆိုရင် ကျနော်တို့သည် ပြည်သူကို ချစ်ရာမကျ နှစ်ရာကျမနေဘူးလား။ မျိုးဆက်ပေါင်းများစွာ အခြေမွှခံထားရလို့ တိုင်းပြည်လဲ ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ခန့်ညားလေးစားခံရတဲ့ နိုင်ငံအဖြစ်ကနေ နိုင်ငံတကာမှာ မျက်နှာငယ် နလံမထူ ကျွန်စုတ်တဲ့ သရက်စေ့ဖြစ်နေရသလို ကျုပ်တို့နိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံမှန်သမျှမှာ ကျုပ်တို့ရဲ့သားကောင်းတွေက ကျွန်ခံနေရ၊ ကျုပ်တို့ရဲ့သမီးကောင်းတွေက ပန်းကောင်းအညွန့်ကျိုးခံနေရတာကို ဘယ်လောက်ထပ်မံရှည်ကြာစေအုန်းမှာလဲ။ အမျိုးချစ်လှပါတယ်ဆိုပြီး အမျိုးတုန်းအောင် ဖျက်နေတဲ့ အာဏာရှင်စစ်ဗိုလ်ချုပ်တွေကြောင့် ဖြစ်နေရတယ်ဆိုတာ အားလုံးသိပါတယ်။ သို့သော် ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင် မတိုက်နိုင်တဲ့၊ တိုက်နိုင်တဲ့ နည်းမှန် လမ်းမှန်ကို မရှာနိုင်တဲ့ ကျနော်တို့ လူထုခေါင်းဆောင်ဆိုသူများမှာကော တာဝန်မရှိပေဘူးလား။



စစ်ဦးစီးကောင်းတစ်ဦးရဲ့ မရှိမဖြစ် အရည်အချင်းတစ်ခုက ရန်သူရဲ့အနေအထားကို သိခြင်းဖြစ်ပါတယ်။ အနှစ်နှစ်ဆယ်ကြာပြီးနောက် နအဖ အားနဲလာသလား၊ အားကောင်းလာသလားဆိုတာကို ဖြေကြည့်ပါ။ ရှေ့ဆက်ပြီး ပိုလို့အားကောင်းလာဖို့ ရှိသလား၊ ပိုပြီးအားနဲလာဖို့ ရှိသလားဆိုတာကို ဆက်ဖြေကြည့်ပါ။ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေ၊ ဒေသတွုင်းအခြေအနေတွေကို ပကတိ အရှိအတိုင်းမြင်နိုင်ဖို့ အရေးကြီးပါတယ်။



တစ်ဖန်၊ ကျနော်တို့အားလုံး မိမိကိုယ်ကို မှန်ထဲကြည့်ပြီး အနှစ်နှစ်ဆယ်အတွင်း ငါတို့ အားကောင်းလာသလား။ အားဆုတ်လာသလား ဖြေကြည့်ဖို့လိုပါတယ်။ ရပ်မထားလိုက်ပါနဲ့။ ရှေ့ဆက်ပြီး အားပိုကောင်းလာမလား။ ထန်းညက်လုံး ခွေးလျှက်ဖြစ်မလားဆိုတာလည်း ဆက်ဖြေကြည့်ပါ။ တိမ်သလ္လာ ဖုံးမနေဘူးဆိုရင်တော့ အထင်းသားမြင်နိုင်ကြပါတယ်။



ဒီမူကြီးက ဖန်တရာတေနေပြီ။ အနှစ်နှစ်ဆယ်လည်း သုံးခဲ့ပြီးပြီ။ ဒီမူနဲ့ဆက်သွားလို့ နောက်အနှစ်နှစ်ဆယ်ကြာလဲ အလုပ်ဖြစ်မယ်လို့ မသေချာသေးဘူးဆိုရင် မူသစ်၊ လုပ်နည်းလုပ်ဟန်သစ်ကို ရှာဖို့ မသင့်ပေဘူးလား။ ပါတီအဖွဲ့အစည်း အသီးသီးက ပထမအဆင့်အဖြစ် မိမိရဲ့အတွင်းစည်းမှာ မထောက်မညှာ အဖြေထုတ်ကြဖို့လိုပါပြီ။



၂။ ဒုတိယအဆင့်အဖြစ် အဖွဲ့အစည်းအသီးသီးက တွေ့ရှိချက်တွေကို တပ်ပေါင်းစုမှာ ဆက်လက်ချပြဆွေးနွေးပြီး တစ်ပြိုင်နက်တည်းမှာဘဲ စိတ်စေတနာမှန်သူ၊ အရည်အချင်းရှိသူ တစ်သီးပုဂ္ဂလများနဲ့ email skype gtalkများမှတစ်ဆင့် အကြံညာဏ်များရယူ၍ အကြမ်းထည်ပုံဖေါ်မှုကို လုပ်သင့်ပါတယ်။



၃။ နောက်ဆုံးအဆင့်အနေနဲ့ လိုအပ်သောအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများကို ဖိတ်ကြားပြီး အစည်းအဝေးလုပ်၊ ဆုံးဖြတ်ချက်များချမှတ် အကောင်အထည်ဖေါ်ဖို့ဖြစ်ပါတယ်။



ဒီနေရာမှာ ကျနော်တင်ပြသလို ပြင်ဖို့လိုတယ်ဆိုတာကို မူအရ လက္ခံပေမဲ့ အကောင်အထည်ဖေါ်တဲ့နေရာမှာ ကျနော့နည်းထက် ပိုပြီးလက်တွေ့ကျ ထိရောက်တဲ့နည်းလမ်းများရှိရင်လဲ အသုံးပြုနိုင်ပါတယ်။



ဒါမှမဟုတ်၊ ပြင်စရာမလိုဘူးကွာ။ မပြင်ဘူးကွာဆိုရင်လဲ ရပါတယ်။



ကျနော်တို့ရဲ့ ခေါင်းဆောင်များအားလုံးကို လေးစားပါတယ်။ ဦးနေ၀င်းနဲ့ နှိုင်းတာတော့ မဟုတ်ပါဘူး။ ပြင်သင့်တဲ့အချိန် မပြင်နိုင်သူတွေကို သမိုင်းက မညှာတတ်ပါဘူး။







လေးစားစွာဖြင့်





အောင်တင် ဂျန္န၀ါရီ ၁၊ ၂၀၀၉



မှတ်ချက်။ ။ ကျနော့စာတွေကို မည်သူမဆို ကူးယူဖေါ်ပြနိုင်ပါတယ်။




0 Comments:

blogger templates | Make Money Online