Saturday, January 31, 2009

ညီညွတ်ရေး စစ်တမ်း

မကြာခင်လေးက မဲဆောက်မှာအခြေစိုက်ထားတဲ့ တပ်ပေါင်းစုအမည်ခံအဖွဲ့တဖွဲ့က အမျိုးသားညီညွတ်ရေး လွှတ်တော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ထုတ်ဖို့ အဆိုပြုချက်ဆိုပြီး ဖြန့်ချီခဲ့တာ တွေ့ရပါတယ်။ မဲဆောက် မှာနေပြီး တနိုင်ငံလုံးအတွက် အမျိုးသားညီညွတ်ရေး လုပ်မယ်လို့ ထူးထွေတည့်အံ့ရာသော် ကြေညာနေပါတယ်။ တနိုင်ငံလုံးအတွက် လုပ်ရအောင် အခြေခံအုတ်မြစ် ဘယ်လောက်ရှိနေသလဲဆိုတာ အရင်ဆုံးဆန်းစစ်ဖို့ လိုနေပါ တယ်။



နောက်တချက်က နိုင်ငံတကာမှာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အစိုးရနဲ့ အတိုက်အခံတွေ အခြေအနေ တခုအောက်မှာ ပူးပေါင်းပြီးဖွဲ့စည်းကြတဲ့ အစိုးရပုံစံဖြစ်တယ်လို့ လေ့လာမှတ်သားမိပါတယ်။ ဒါပေမဲ့ NCUB က တဖက်မှာလည်း တိုက်ပွဲဝင်အစိုးရလို့ ပြောနေတော့ ဘယ်လိုမှနားမလည်နိုင်စရာဖြစ်နေပါတယ်။ ဥပမာပြရရင် လက်ရှိ ဇင်ဘာဘွေနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် စဗန်ဂီရိုင်နဲ့ အာဏာရှင်မူဂါဘီတို့ စေ့စပ်ဆွေးနွေးနေတာ အမျိုးသားညီညွတ်ရေးအစိုးရ တည်ထောင်ဖို့ဖြစ်ပါတယ် (ငါးလကြာပြီဖြစ်ပေမဲ့ မအောင်မြင်သေးပါဘူး)။ အမျိုး သားညီညွတ်ရေးလွှတ်တော် ဆိုတာတော့ နိုင်ငံရေးသိပ္ပံမှာ တခါမှမကြားဖူးပါဘူး။ အခု NCUB က အမျိုးသား ညီညွတ်ရေးအစိုးရ လို့ဆိုတော့ နအဖနဲ့ပူးပေါင်းဖို့ လမ်းစပေါ်နေပြီလား။ စေ့စပ်ဆွေးနွေးပွဲတွေ စလုပ်နေပြီလား။ အတွင်းက CRPP, NLD နဲ့ ၉၀ အမတ်တွေကို ထည့်တွက်စရာမလိုတော့ဘူးလား။ ဒါ့အပြင် နအဖနဲ့ မညီညွတ်ခင် NCUB ထဲမှာရော ဘယ်လောက်များညီညွတ်နေပြီလဲ။ ပြည်ပအခြေစိုက်အတိုက်အခံတွေ အားလုံးအနေနဲ့ကြည့် ရင်ရော ဘယ်လောက်များညီညွတ်နေပြီလဲ။ Power base အခြေခံအုတ်မြစ် ဘယ်လောက်ရှိနေသလဲ။ ဒီမေးခွန်း တွေကို အရင်ဆုံးဖြေဖို့လိုပါတယ်။



အမှန်အတိုင်းပြောရရင် NCUB နဲ့တကွ ပြည်ပမှာရှိတဲ့ တပ်ပေါင်းစုတွေဟာ 'တပ်ပေါင်းပျက်'တွေ ဖြစ်နေတာ ကြာပါပြီ။ အထူးသဖြင့် NCUB ရှိနေလို့ ညီညွတ်မှုတွေ ပြိုကွဲနေတာဖြစ်ပါတယ်။ NCUB ကြောင့်ပဲ ပြည်ပအခြေ စိုက်အဖွဲ့တွေ တဖွဲ့ချင်းစီမှာလည်း အားနည်းသထက်နည်း၊ ယိုယွင်းသထက်ယိုယွင်းနေတာ ဘယ်လိုမှ ဖုံးလို့ ဖိလို့ မရပါဘူး။ NCUB ရဲ့ power base ကျဆင်းနေပြီး NCUB ထဲမပါတဲ့ အမျိုးသမီးတပ်ပေါင်းစုနဲ့ ကျောင်းသား လူငယ်တပ်ပေါင်းစုတွေကတော့ ရှင်သန် လှုပ်ရှားနိုင်တာ၊ အားရှိတာတွေ့ရပါတယ်။ ဒါကြောင့် အမျိုးသား ညီညွတ်ရေးအကြောင်း မစဉ်းစားခင် ပြည်ပရောက်အတိုက်အခံများ ညီညွတ်ရေးကို အရင်ဆုံးဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ မဲဆောက်မှာ ဖရိုဖရဲ ရွဲပြဲနေပြီး တပြည်လုံးကို ငါကယ်မှဖြစ်မယ်လို့ ဟိတ်ဟန်ထုတ်မနေပါနဲ့။ အရင်ဆောင်းပါးတပုဒ်မှာ ပြောခဲ့သလို တိုင်းပြည်အပြင်ဘက်က အတိုက်အခံအင်အားစုတွေဟာ အင်မတန့်ကို လမ်းစဉ်တွေ ပေါ်လစီတွေ မှန်နေရင်တောင်မှ တိုင်းပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံဖို့အတွက် အလွန်ဆုံးအားဖြင့် ၂၅ ရာခိုင်နှုန်းထက် ပိုအရေးမပါ ပါဘူး။



ဒါဖြင့်ရင် တနိုင်ငံလုံးရဲ့ ၂၅ ရာခိုင်နှုန်းသြဇာရှိမယ့် ပြည်ပရောက်အတိုက်အခံများညီညွတ်ရေးကို ဘယ်လို ဖော်ထုတ်ကြမလဲ။ ပြည်ပအခြေစိုက်အင်အားစု တော်တော်များများဟာ NCUB, DAB, NDF, ENC, FDB, WLB, SYCB, NYF ဆိုတဲ့ တပ်ပေါင်းစုပေါင်းစုံထဲမှာ ပါနေကြတယ်။ တချို့အဖွဲ့တွေဆိုရင် တပြိုင်ထဲမှာ တပ်ပေါင်းစု ၂ ဖွဲ့ ၃ ဖွဲ့လောက်ထဲ ပါနေတာတွေ့ရတယ်။ ဘယ်တပ်ပေါင်းစုမှမပါတဲ့ အဖွဲ့တွေလည်း ရှိသေးတယ်။ ဒီတပ်ပေါင်းစုတွေ ထဲမှာ သူများထက်တမူးသာနေတာက NCUB ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အထဲမှာ DAB နဲ့ NDF ဆိုတဲ့ တပ်ပေါင်းစု ၂ ခုအပြင် MPU ကိုပါ လက်ဝေခံလုပ်ထားပြီး NLD-LA ပါတီကိုတော့ အဲဒီတပ်ပေါင်းစုတွေနဲ့ တန်းတူအဆင့် ပေးထားလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် NLD ပါတီဝင်အများစုဖြစ်တဲ့ ၉၀ ခု ရွေးကောက်ခံအမတ်တွေ ကလည်း NLD-LA ပါတီနဲ့ တတန်းတည်းဖြစ်နေပြန်သေးတယ်။



အတိုက်အခံအားလုံးက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်ခံကြပြီး ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံးတန်းတူရေးကို ကျင့်သုံးဖို့ ပြောနေကြပါတယ်။ ဒါပေမဲ့ NCUB ထဲမှာတော့ NLD-LA က တခြားပါတီတွေနဲ့ တန်းတူမဖြစ်ဘဲ ပါတီကြီးဝါဒ အထူးအခွင့်အရေး ကျင့်သုံးခွင့်ရနေပါတယ်။ KNU လို အင်အားထောင်ချီရှိတဲ့ အဖွဲ့အစည်းကြီးတွေဟာ NLD-LA နဲ့ တန်းတူအခွင့်အရေး မရရှာပါဘူး။ ဒီလိုမှားယွင်းမှုကြီးကြောင့် DAB နဲ့ NDF တပ်ပေါင်းစုတွေကလည်း NCUB ရဲ့ အရိပ်ထိုးလွှမ်းမိုးမှုနဲ့ လက်ဝါးကြီးအုပ်မှုအောက်မှာ တစထက်တစ အင်အား ချိနဲ့ မှေးမှိန်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်ကကြည့်လိုက်ရင် NCUB ဟာ အရင်တုံးက (၈၈-၉၀ ကာလက) DAB, NDF တို့ လှုပ်ရှားစွမ်းဆောင်နိုင်ခဲ့သလောက်လည်း မစွမ်းတာတွေ့ရပြန်ပါတယ်။ အဲဒီတပ်ပေါင်းစုတွေထဲမှာ အခုအခါ ပါတီဝင်အင်အား ၁ ယောက် ၂ ယောက်ပဲရှိပြီး ဘာလှုပ်ရှားမှုမှမရှိတဲ့ လူမသိသူမသိအဖွဲ့ သေးသေး မွှားမွှားတွေက အခန့်သားနေရာယူထားတဲ့အတွက် ဖောင်းပွ လျော့လျဲနေတာလည်း တွေ့ရပါတယ်။ တပ်ပေါင်းစု တွေနဲ့ အဖွဲ့ဝင်ပါတီတွေ အခြေအနေယိုယွင်းနေတာကိုပြတဲ့ အချက်တချက်က မြန်မာပြည်ထဲက ထွက်လာတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အားလုံးနီးပါးဟာ နယ်စပ်မှာအခြေချ တိုက်ပွဲဆက်ဝင်တာမလုပ်ဘဲ တတိယနိုင်ငံ တွေဆီကိုသာ ထွက်ကုန်ကြတာ ဖြစ်ပါတယ်။



NCUB စာတမ်းမှာပြောသလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေကိုသွားပြီး လူထုအုပ်ချုပ်ရေး ချဖို့ တရားစီရင်ရေးတွေလုပ်ဖို့ဆိုတာလည်း မစဉ်းစားပါနဲ့။ အသက်သွေးချွေးစွန့်လွှတ်ပြီး တိုက်ယူထားတဲ့ ဘယ်တိုင်းရင်းသားမှ လက်ခံမှာမဟုတ်ပါဘူး။ ပြည်မက ရန်သူ့နယ်မြေမှာ အုပ်ချုပ်ရေးတွေ လျှို့ဝှက်ချမယ်လို့ လည်း ခတ်တည်တည်နဲ့ ပြောမနေပါနဲ့။ အကြောင်းသိတွေက ဘယ်သူမှ မယုံပါဘူး။



NCUB ကို ပါလက်စတိုင်းအမျိုးသားကောင်စီလို အဝေးရောက်ပါလီမန်အဖြစ်ရော နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစု ကြီးအဖြစ်ရော ရည်ရွယ်ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းအမျိုးသားကောင်စီမှာ ပါလက် စတိုင်းတော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ က တဖွဲ့ချင်းစီပါဝင်ပြီး ပါလက်စတိုင်းဒုက္ခသည်တွေနဲ့ ပြည်ပရောက်ပါလက် စတိုင်းအမျိုးသားတွေက ရွေးကောက်တင်မြှောက်တဲ့ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ပါလက်စတိုင်းအမျိုးသား ကောင်စီ PNC ဟာ ဥပဒေပြုပါလီမန်လွှတ်တော်ဖြစ်ပြီး တော်လှန်ရေး ၁၁ ဖွဲ့ရဲ့ တပ်ပေါင်းစုကြီးကတော့ ပါလက် စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ဖြစ်ပါတယ်။



ဒါနဲ့ယှဉ်ကြည့်ရင် NCUB ဟာ ပုံမကျပန်းမကျနဲ့ တပ်ပေါင်းစုလဲမပီပြင် ပါလီမန်အဖြစ်လည်း အဆင့်မမှီတာ တွေ့ရပါတယ်။ ဒါကြောင့် ထိပ်ပေါ်မှာ အပိုဖြစ်နေတဲ့ NCUB ကင်ဆာအကြိတ်ကို အရင်ဆုံးဖြတ်တောက် ဖျက်သိမ်းပစ်ဖို့ အရေးကြီးပါတယ်။ ဒုတိယဆင့်မှာတော့ ကျန်တဲ့တပ်ပေါင်းစုတွေကို ပေါင်းစည်းပစ်ဖို့လိုပါတယ်။ လှုပ်ရှားမှုမရှိတဲ့အဖွဲ့တွေကို ဖျက်သိမ်း သို့မဟုတ် ထုတ်ပယ်ပြီး အဖွဲ့ပေါက်စနလေးတွေကို ပေါင်းစည်းပစ် သို့မဟုတ် NLD-LA ထဲကို ပူးပေါင်းပစ်ရပါမယ်။ မလေးရှား၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန်တို့မှာ ပြည်တွင်း NLD မလုပ်ခဲ့သူတွေ အဲဒီတိုင်းပြည်ရဲ့ NLD-LA အဖြစ် လုပ်ကိုင်လှုပ်ရှားနေကြသလိုပဲ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နယ်စပ်က အဖွဲ့အသေးလေးတွေလည်း NLD-LA ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့ အတော်အတန်ခိုင်မာ အားရှိတဲ့အဖွဲ့တွေထဲ အဖွဲ့လိုက် အလျားလိုက်ပူးပေါင်းပြီး အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေက ပူးပေါင်းခံရ တဲ့အဖွဲ့တွေရဲ့ ခေါင်းဆောင်မှုအဝန်းအဝိုင်းထဲ တွဲဖက်တာဝန်ယူရမှာဖြစ်ပါတယ်။ အောက်ခြေကနေဝင်ရတဲ့ ဒေါင် လိုက်ပူးပေါင်းမှုမျိုးတော့ မဖြစ်သင့်ပါဘူး။



ဒီနည်းနဲ့ ခိုင်မာအားကောင်းတဲ့ အခြေခံအုတ်မြစ်တွေ ရပြီးရင်တော့ ပါလက်စတိုင်းအမျိုးသားကောင်စီထဲ တဖွဲ့ ချင်းနဲ့ ကိုယ်စားလှယ်တဦးချင်းတွေ ပါဝင်ဖွဲ့စည်းသလို ပြည်ပရောက်မြန်မာအတိုက်အခံ တဖွဲ့ချင်းတွေနဲ့ ပြည်ပ ရောက် ၉၀ ရွေးကောက်ခံအမတ်တွေ ပါဝင်တဲ့ အဝေးရောက်လွှတ်တော်ကို တည်ထောင်နိုင်မှာဖြစ်ပါတယ်။ PLO လို ခိုင်မာအားကောင်းတဲ့ တပ်ပေါင်းစုကြီးလည်း ဖြစ်လာမှာဖြစ်ပါတယ်။ CRPP ကိုမထိခိုက်ဖို့အတွက် 'လွှတ်တော်' ဆိုတဲ့နာမည်ကိုတော့ မသုံးသင့်ပါဘူး။ ဒီအဆင့်ရောက်ရင်တော့ အခြေခံခိုင်ခန့်တဲ့ အဝေးရောက် အစိုးရကိုလည်း အလွယ်တကူထူထောင်နိုင်ပါလိမ့်မယ်။ Power base ရှိလာရင် Power base မရှိတဲ့ NCGUB ကို အသာလေးဖယ်ထုတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအဝေးရောက်အစိုးရက ဗမာပြည်လွတ်မြောက်အောင် လုပ်ပေးနိုင်မယ့်အလားအလာကတော့ စောစောကပြောခဲ့သလို အလွန်ဆုံး ၂၅ ရာခိုင်နှုန်းပဲ အကျိုးပြုနိုင်ပါလိမ့် မယ်။



နအဖနဲ့ စေ့စပ်ဆွေးနွေးပွဲမဖြစ်သေးသရွေ့တော့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာကို စဉ်းစားလို့မရသေးပါ ဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံကို အခြေခံနေရတဲ့အတွက် အဝေးရောက်လွှတ်တော်တို့ အဝေးရောက်အစိုးရတို့ ဆိုတာကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့လည်း စိတ်မကူးပါနဲ့။ ကရင်၊ ကရင်နီ၊ ရှမ်းတော်လှန်ရေးအဖွဲ့တွေရဲ့ ဗမာပြည်တွင်းက လွတ်မြောက်နယ်မြေတွေမှာ အခြေစိုက်မယ်လို့လည်း ဖိန့်မနေပါနဲ့။ ၁၉၉၅ မာနယ်ပလော မကျခင်ကာလတွေနဲ့ အခုကာလ ဘာမှမဆိုင်တော့တာ အားလုံးသိနေပါတယ်။ ကျည်လွတ်မြေ တတိယနိုင်ငံ ကနေပြီး ချကြပါလား နှက်ကြပါလား တိုက်ပွဲဝင်အစိုးရလုပ်ကြပါလားလို့လည်း နင်းကန်အော်မနေကြပါနဲ့။ ထိုင်းအစိုးရက ပြဿနာရှာရင် ပတ်စပို့ကိုင်ထားတဲ့ပုဂ္ဂိုလ်ကြီးများအတွက် အကြောင်းမဟုတ်ပေမဲ့ ထိုင်းနိုင်ငံ ထဲက ဘာလက်မှတ်မှမရှိတဲ့ သာမန်တော်လှန်ရေးသမားတွေတင်မက သိန်းနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေပါ ဘဝပျက်သွားနိုင်တယ်၊ ရှိစုမဲ့စုတော်လှန်ရေး မျိုးကန်းသွားနိုင်တယ် ဆိုတာ အားလုံးခေါင်းထဲ ထည့်ထားဖို့လိုပါတယ်။



NCUB ကို မဖျက်သိမ်းသရွေ့ အမျိုးသားညီညွတ်ရေးမပြောနဲ့၊ ပြည်ပရောက်အတိုက်အခံတွေရဲ့ ညီညွတ်ရေး တောင် ရမှာမဟုတ်ပါဘူး။ ရိုက်စားညီညွတ်ရေးလောက်တော့ ရချင်ရနိုင်ပါတယ်။ ခြုံပြောရရင် NCUB က ထုတ်လိုက်တဲ့ နှစ်သစ်ကူးကြေညာချက်ဖြစ်စေ၊ အင်တာနက်ကနေ အကြံပြုချက်တွေ ဆွေးနွေးဖို့ ဖိတ်ခေါ်တယ် ဆိုတဲ့ concept paper ဖြစ်စေ အခြေခံမခိုင်တဲ့အတွက် ဘာမှအကျိုးမရှိဘဲ ကျဆင်းနေတဲ့ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို ပိုဆိုးဝါးသွားစေတာဘဲ အဖတ်တင်ပြီး ဦးဝင်းတင်ပြောတဲ့ သမိုင်းတရားခံလမ်းကြောင်းအတိုင်း မြောင်းထဲကိုသာ ရောက်သွားလိမ့်မယ်ဖြစ်ကြောင်း ဖော်ထုတ်လိုက်ပါရစေ။



ကွန်အာသာ




0 Comments:

blogger templates | Make Money Online