Saturday, January 10, 2009

နိုင်ငံရေး အကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ

ဇာနည်ဝင်း

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=581:2009-01-09-11-49-02&catid=1:news&Itemid=2

နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။

၂၀၀၇ စက်တင်ဘာလ ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိန်းသိမ်း ခံရသည့် တက္ကသိုလ် ကျောင်းသား ကိုကျော်ဇောသည် မကြာသေးမီက ရန်ကုန်တိုင်း တွံတေးမြို့နယ် ရွှေသူဌေး ရဲဘက်စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

“ကျော်ဇောကို အင်းစိန်ကနေ ရွှေသူဌေးကို ပို့လိုက်ပြီ၊ သူက ဥပဒေ၊ ဒုတိယနှစ် တက်နေတာ။ အသက်က ၁၉ နှစ်ပဲ ရှိသေးတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောပြသည်။

အခြား တဦးမှာ မကြာသေးမီက ထောင်ဒဏ် ၉ နှစ် ချခံထားရသော ကိုဇော်နိုင်ထွေး (ခေါ်) ကိုကက်နက် ဖြစ်ပြီး ယခုအခါ တောင်ငူ မြို့နယ် လေးမိုင် ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု သိရသည်။ ကိုဇော်နိုင်ထွေးသည် နိုင်ငံရေးမှုဖြင့် အကျဉ်း ကျနေသော ၎င်း၏ အကိုဖြစ်သူ ကိုကျော်ကျော်ထွေးနှင့် စာပေးစာယူ လုပ်ရန်အတွက် ထောင်ဝန်ထမ်း ၃ ဦးကို လာဘ်ထိုး ခဲ့သည်ဟု စွပ်စွဲခံရပြီး ထောင်ချခံခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောင့်ရေး အသင်းမှ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ရဲဘက်စခန်းသို့ ပို့ဆောင် ခံရသူများ၏ အသက် အန္တရာယ်အတွက် စိုးရိမ်မိသည်ဟု ဆိုသည်။

“ရဲဘက် စခန်းတွေ ဆိုတာက ကျန်းမာရေး စောင့်ရှောက်မှုရော၊ နှိပ်စက် ညှဉ်းပန်းမှုရော အရမ်း အခြေအနေဆိုးတဲ့ အနေအထား မျိုးတွေရှိတယ်။ ရဲဘက် စခန်းတွေကို ပို့တယ် ဆိုတာက ထောင်ထဲ မှာထက် စာရင် သေဖို့အတွက် ပိုနီးသွားတဲ့ အနေအထား မျိုးတွေ ဖြစ်တော့ အတော် စိုးရိမ်စရာ ကောင်းတယ်” ဟု ကိုဘိုကြည်က သုံးသပ်ပြသည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာ့ ဆန္ဒပြပွဲ နောက်ပိုင်း ဖမ်းဆီးခံရ သူများအနက် ရဲဘက်စခန်း အသီးသီးသို့ ပို့ဆောင် ခံရသူပေါင်း အနည်းဆုံး အမျိုးသား ၁၆ ဦး၊ သံဃာ ၁ ပါး ရှိကြောင်း AAPP အသင်း၏ မှတ်တမ်းများအရ သိရှိရသည်။

အာဏာပိုင်များက အကျဉ်းသားများကို အခြားထောင်များ၊ ရဲဘက် စခန်းများ၊ ရှေ့တန်း စစ်မြေပြင်များသို့ ပို့ဆောင်သည့် အခါ သက်ဆိုင်ရာ မိသားစုသို့ အကြောင်းကြားလေ့ မရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ လင်တန် ရဲဘက်စခန်းမှ ထွက်ပြေး လွတ်မြောက် လာသော ရဟန်းတော် ဦးပညာသီရိက ရဲဘက်စခန်းတွင် ၁ ပတ်လျှင် ၆ ရက် အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်ခဲ့ရကြောင်း၊ အစား အသောက် အနေအထိုင် ဆင်းရဲမှု၊ နှိပ်စက် ညှဉ်းပန်းမှု များကြောင့် အသေ အပျောက်များ ရှိကြောင်း သတင်းဌာန များသို့ မိန့်ကြားခဲ့သည်။

ယခင်ကလည်း နိုင်ငံရေး အကျဉ်းသားများ ရဲဘက် စခန်းသို့ ပို့ဆောင် ခံရဖူးသည်။ ၁၉၉၆ ခုနှစ်က မန္တလေးမြှို့မှ ဦးထွေး၊ ဦးအောင်၊ နာမည်ကျော် လူရွှင်တော်များ ဖြစ်ကြသော ဦးပါပါလေး၊ ဦးလူဇော် တို့သည် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား လေဆိပ် ဆောက်လုပ်ရေး၊ ဆွမ်ပရာဘွမ် လမ်းဖောက်လုပ်ရေး ရဲဘက်စခန်း တို့တွင် အလုပ်ကြမ်း လုပ်ခဲ့ရသည်။ ၎င်းတို့ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်၍ အငြိမ့်ကပြပြီး ရက်ပိုင်းအတွင်း ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

၁၉၉၇ တွင်လည်း တောင်ငူမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြို့နယ် အဆင့် ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။ ခေါင်းဆောင် ၁၇ ဦး နှင့် အဖွဲ့ဝင် ၁ ဦးသည် ရှေ့တန်း စစ်မြေပြင်တွင် အထမ်းသမား (ပေါ်တာ) များအဖြစ် ခိုင်းစေခံခဲ့ ရသည်။ ၎င်းတို့ထဲမှ အနည်းဆုံး တဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ ဦးစောထွန်းနွယ် (အသက် ၇၅ နှစ်ခန့်) ဖြစ်ကြောင်း အဖွဲ့ချုပ်က စစ်အစိုးရကို အကြောင်းကြား ကန့်ကွက်ခဲ့သည်။

စစ်အစိုးရက တစုံတရာ တုန့်ပြန်ခြင်းမရှိခဲ့ပေ။ ။


0 Comments:

blogger templates | Make Money Online