Friday, September 4, 2009

အကောင်း အဆိုး သိကြလားဟေ့



ဗီယက်နမ်နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသသည် တနိုင်ငံလုံး ဆန် အထွက်နှုန်း၏ တဝက် ကျော်ကျော်ကို ထုတ် လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ် နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲ သို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နုန်းးတင်မြေနု မြစ်ဝ ကျွန်းပေါ်ဒေသ ဖြစ် တော့သည်။

သို့သော်လည်း ဗီယက်နမ်လူမျိုးတို့ ခေါင်းခဲစရာ ပူပန်စရာ ဖြစ်လာသည့် ပြဿနာကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ် ရေ မျက်နှာပြင် မြင့်တက် လာနေပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန်နေ သော မြစ်ဝကျွန်းပေါ် တစိတ်တဒေသသည် အမြဲတန်း ပင်လယ်ရေငံ ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။

ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်ပိုင်း ပင်လယ်ရေအောက် ရောက်ရှိပါက ဗီယက်နမ် နိုင်ငံ ၏ ဆန်အထွက်နှုန်းလည်း ကြောက်ခမန်း လိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန်အထွက်နှုန်း၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြထားသည်။

စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ်သားတို့ ဘာ ဆက်လုပ် ကြမည်နည်း။ ပင် လယ်ထဲ၌ ငါးဖမ်းခြင်း အလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက်မွေးမည်လော သို့မဟုတ် မြို့ပြ များ သို့ ပြောင်းရွှေ့ကာ မြို့ပြ အခြေစိုက် အလုပ်သမားများ အဖြစ် အသွင်ပြောင်းမည်လော။ စဉ်းစားစရာပါပေ။ သေချာ သည် တခုကတော့ ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ်ရေအောက်သို့ ရောက်ရတော့မည်။

ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်း တချို့ရေလွှမ်းခံရသည့် အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခုထဲတွင်သာ အပျော်လွန်ပြီး တန့်၍ရပ်၍ နေမည်မဟုတ်။ ဒေသ တခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် နှစ်လက်မခန့် နိမ့်နေသည်ဟု ဆိုကြသည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့အတွင်း နေရာ အတော်များများတွင် ရေကြီးလေ့ရှိသည်။ အကြီးစား ပန့်များကို သုံးကာ ရေများကို စုပ်ထုတ် ပြစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသောအခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံ များဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာ ရှိ၍ ကားဆိပ်များ ကားဂိတ်များ နိတ္ထိတံ ရတော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော် အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန် တွင် ဒုတိယ ဗင်းနစ်မြို့တော် အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။

ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကို ပတ်၍ တမံတုပ်ဖို့သာ ရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက် လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထားနိုင် သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝ လာနေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်း တခုလုံးကို တမံ မတုပ်နိုင်ဘူး ထားဦး။ ဘန်ကောက်မြို့ ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။

တချိန်တည်းတွင်လည်း မြန်မာနိုင်ငံဖက်ကို ပြန်ကြည့်လိုက် ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသ တစိတ် တပိုင်းသည်လည်း ပင်လယ်ရေ လွှမ်းခြင်းကို ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဖက် မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝ ကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေ ယာ ပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့် ဆိုတာ ဆက်၍ပြောပါမည်။

မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံး အသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့ လိုက်ပါက အောက်ပိုင်းသို့ ဆက်လက် စီးဆင်းမည့်ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝ ကျွန်းပေါ် ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။

နားလည် လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ ချောင်းကလေးများ၏ ရေ အနက်သည် ဆယ်ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည် ပိတ်လိုက်သောကြောင့် စီးဆင်းရမည့် ရေ များတန့်ကာ ယခင်ကလို အောက်ဖက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်း များ၏ ရေအနက်သည် ငါးပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ငါးပေနိမ့်သွားသည်။ စီးဆင်းလာရ မည့်ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလ တွင် ပင်လယ်ရေသည် ကမ်းရိုးတန်း တလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင်သုံးလေး ဆယ်ခန့်အထိ တိုး၍ဝင်ရောက် လာနိုင်သည်။ မူလကဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှ စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဖက်သို့ တိုးဝင်ခြင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကို ရေခြင်း ဟန့်တား ကာထားပေးသည်။ ရေချိုနှင့် ရေငံ ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်းမှာလည်း သဘာ ဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေနိမ့်ကျ သွားသောအခါ ပင်လယ်ရေငံများ အထက်ပိုင်း အထိပါ ဒလ ဟော တိုးဝင်လာတော့မည်။

ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသ တခုလုံး ဆားငံရေ များ အောက်သို့ ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝ ကျွန်းပေါ်သားများ အထက်ဖက် မိုင်သုံးလေး ဆယ်သို့ ပြောင်းနေ ရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများ ဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများ အဖြစ် နေထိုင် ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းပိုက်သည်လည်း နှစ်လေးငါးဆယ် အတွင်း ကွယ်ပျောက် ရတော့မည်။ နောင်အနှစ် လေးငါးဆယ် အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍ တင်သွင်းရတော့မည်။ အာဖရိက တိုက်တွင် မိုး ခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံမှာတော့ စပါးခင်းများတွင် ရေငံဖုံး သောကြောင့် အငတ်ဘေးကြီးကို ရင်ဆိုင် တွေ့ကြလိမ့်ဦးမည်။

ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဒေသ တဝိုက်တွင် ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက် လာခဲ့သည့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံ ဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ခြောက်ဆယ်ထက် မနည်း၊ လူဦးရေ သောင်းဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်း တော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေ ထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေ ဆုံးရှုံးမှုတင် မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။

ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်း တလျှောက် မြစ်ဝ ကျွန်းပေါ် အထိ နေထိုင် ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီ မြစ်ကြီးသည် မြစိမ်းရောင် အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေ သည့် အခြေအနေမှ ချောင်းသာသာ မြောင်းသာသာ အဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။

တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာဘဲ ဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျှင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည် မဟုတ် ပြောမည် မဟုတ်။

အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြ ဝေဖန် သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်း အချို့က ထောက်ပြ ကြသော်လည်း မြန်မာနိုင်ငံ အတွင်းမှာ ရှိနေသည့် မည်သည့် အဖွဲ့အစည်း များကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများ ထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရ သောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့ အစည်းများကို နားလည် ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ် သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာ စစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်း တို့က ဆိုထားသည် မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ် အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံ တကာ ကွန်ဖရင့်တွေ မှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာ လည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။

တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာ ထိုင်ခုံက ဆင်းမပေးချင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည် တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာ နောက်သားတို့ အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့ မှာတော့ တတိယလှိုင်း သမားတို့ မပြောရဲရှာပါ။ အာဏာ အပြောင်း အလဲကို အသာထား သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက် ကြီးမားသော ကိစ္စများ အပြောင်းအလဲများကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည် ဆိုတာက သံသယဖြစ်စရာပါ။

လူမိုက်များ၊ လူကောင်းယောင် ဆောင်နေသူများ၊ အစွန်း မရောက်သူဟု ကြေငြာနေသူများ ထိုသူတွေ အားလုံးသည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာ ဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခု တည်းနှင့်ပင် ကွက်ကွက် ကွင်းကွင်း မြင်လိုက်ရ တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)

အဆုံးသို့

ကိုယ့်ကွင်းကိုယ် ပိုင်ပါ့မလား



လတ်တလော ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်အစိုးရနှင့် ကိုးကန့် တပ်တို့၏ တိုက်ပွဲများကြောင့် လူပေါင်း သောင်းဂဏန်း တရုတ်ပြည် ဖက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။ ထိုဖြစ်စဉ် အပေါ်တွင် မတူကွဲပြားသော သုံးသပ်ချက်များ ကောက်ချက်များလည်း ပေါ်ထွက်လာခဲ့သည်။

၁။ ကိုးကန့်အဖွဲ့သည်လည်း တရုတ်နွယ်ဖွားများ ဖြစ်သောကြောင့် တရုတ် အစိုးရမှ မြန်မာ စစ်အစိုးရအား ထိုကိစ္စ များနှင့် ပတ်သက်၍ ရှေ့၌ဖိအား ပေးမည်လော။

၂။ ထိုတိုက်ပွဲများကြောင့် တရုတ် အစိုးရနှင့် နယ်စပ်ဒေသတွင် တစုံတရာ နိုင်ငံရေး တင်းမာမှု ဖြစ်နိုင်သည်ကို သိသော်လည်း (နအဖ) စစ်အစိုးရဖက်မှ တမင်လုပ်ခြင်း ဖြစ်သလော။

၃။ ကိုးကန့်တပ်များသည် နယ်ခြားစောင့် တပ်အဖြစ် အသွင် ပြောင်းမည်ကို လက်မခံသော်လည်း အင်အား နည်းမှန်းသိ၍ ဂရုစိုက်စရာ မလိုဟု သဘောထားသောကြောင့် နအဖက ပြောင်ပြောင် တင်းတင်း ဝင်တိုက်ခြင်းလော။

၎။ ကိုးကန့်အဖွဲ့သည် ကချင်၊ ဝ၊ စသော တပ်များနှင့် စစ်ရေး မဟာမိတ် ဖွဲ့ထားသည်။ ထို့ကြောင့် တဖွဲ့ဖွဲ့ကို စစ် အစိုးရက တိုက်လာသည် ရှိသော် အချင်းချင်း အပြန်အလှန် ကူညီရန် သဘောတူထား ကြသည်။ အမှန်တကယ် တိုက်ပွဲ ဖြစ်ပါက တဦးနှင့်တဦး တကယ်ကူညီ မကူညီကို စမ်းသပ်လို၍ ကိုးကန့်ကို အရင်တိုက်၍ သွေးတိုးစမ်းခြင်း ဖြစ်သလော။ လက်တွေ့ တွင်လည်း ကိုးကန့်တပ်များ အတိုက်ခံရသော အခါ ကချင်တပ်များ ဝ တပ်များဖက်မှ အလုံး အရင်းဖြင့် ကူညီခြင်း မရှိသည်ကို၊ သေနတ်ပေါက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

၅။ ကိုးကန့်အဖွဲ့ကို တိုက်ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲကို အချိန် ဆွဲလို၍ ကြိုတင်မီးမွှေး ထားခြင်းလော။ မကြာသေးမီ ကာလ ကလည်း ဘင်္ဂလားဒက်ရှ်ကို ပင်လယ်ပြင် နယ်နမိတ်နှင့် စပ်လျှဉ်း၍ (နအဖ) မှ ရန်စထား တာလည်း ရှိခဲ့သည်။ ပြည်တွင်းရန် ပြည်ပရန်များကြောင့် ရွေးကောက်ပွဲကို အချိန်ဆွဲလိုသည့် သဘောဟု တဖက်တွင်လည်း ဆိုမည်ဆိုက ဆိုနိုင်သေးသည်။
နောက်ထပ် တမျိုးလှည့်၍ စဉ်းစားမည်ဆိုပါက နအဖ စစ်အစိုးရသည် ကိုးကန့်ကို အခုလို ပြောင်ပြောင် တင်းတင်း ဝင်ရောက် တိုက်ခိုက်ခြင်းမှာ ပီကင်း၏ တိတ်တဆိတ် မီးစိမ်းပြမှု မပါဘဲ ဝင်တိုက် ရဲပါ့မည်လား ဟူသည့် အချက်ဖြစ်သည်။

ကိုးကန့်အဖွဲ့အတွင်း ခေါင်းဆောင်အချင်းချင်း စီးပွားရေးပြိုင်ဆိုင် မှုကြောင့် ခေါင်းဆောင်များ အတွင်း သပ်ရှို၍ ဖြို ခွဲမည်။ နအဖ လိုလားသူ ခေါင်ဆောင်များ တက်လာပါက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးမှာ ပို၍ လွယ်ကူ သွားမည်လည်း ဖြစ်သည်။ သပ်ရှိုဖြိုခွဲ၍ မရပါက နအဖဖက်နှင့် ပူးပေါင်းသူကို ပြောင် အကူအညီပေး၍ တဖက်ကို တိုက်ချလိုက်ရန်သာ ဖြစ်သည်။ ဤသို့ စီစဉ် စဉ်းစားမှုကိုလည်း နအဖက တရုတ်အစိုးရကို ကြိုတင် အသိပေး ထားနိုင်သည်။ နှစ်နိုင်ငံအစိုးရ လက်ဝါးခြင်း ရိုက်သည်ကို မည်သူ သိနိုင်မည်နည်း။ ကချင်နှင့် ဝတပ်များ သည်လည်း တရုတ်ဖက်မှ ခေါင်းခါ ပြနေသောကြောင့် ကိုးကန့်ဖက်မှ ဝင်မတိုက်ဘဲ ရပ်ကြည့် နေခြင်းလည်း ဖြစ်နိုင်သည်။ သေချာတာ တခုကတော့ တရုတ်နယ်စပ်တွင် ကပ်၍ ဖောင်းဖောင်း မည်အောင် ပြည်တွင်းစစ် ဖြစ်မှာကို တရုတ်က ယခုကာလတွင် လိုလားလိမ့်မည် မဟုတ်။

ဤကိစ္စများ၌ မေးစရာ ဖြစ်လာသည်က တရုတ် အစိုးရက မြန်မာ ဗိုလ်ချုပ်များနှင့် ဘာကြောင့် လက်ဝါးရိုက်ဖို့ လိုသနည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ အတိုဆုံး အဖြေကတော့ နှစ်နိုင်ငံ၏ အကျိုးစီးပွါးဟု ဖြေနိုင်သည်။

၁။ ရခိုင်ပြည်နယ်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့နှင့် တရုတ်သို့ ပိုက်လိုင်း သွယ်၍ ရောင်းချခြင်း။

၂။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ် ဝယ်ယူနေသည့် ရေနံစိမ်းများကို အချိန် အကုန်ခံ ငွေအကုန်ခံ၍ မလက္ကာ ရေလက်ကြားကို ဖြတ်ခါ တရုတ်ပြည် အထိ တင်ပို့နေရသည်။ ထိုရေနံစိမ်းများကို ရခိုင်ပြည်နယ်မှ တဆင့် ပိုက်သွယ်၍ တရုတ်ပြည်ကို တိုက်ရိုက်ပို့မည့် အစီ အစဉ်လည်း ရှိနေသည်။

၃။ ဧရာဝတီမြစ်ဆုံကို ဆည်ပိတ်၍ လျှပ်စစ်ဓာတ်အား ထုတ်ခါ တရုတ်ပြည်သို့ ရောင်းချရန်လည်း ရှိနေသေးသည်။

၎။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဖက်က ရသော အကျိုး အမြတ်သည် ကြီးမားသည်။ မြန်မာဖက်က တင်ပို့နေသည်မှာ ကုန်ချော မဟုတ်။ သဘာဝရင်းမြစ် ကုန်ကြမ်းများသာ ဖြစ်သည်။ တရုတ်ဖက်က အရည်အသွေး နိမ့်သော ကုန်ချောများကို မြန်မာတို့ဖက်မှ ပြန်လည် ဝယ်ယူနေရသည်။

၅။ တရုတ်နှင့် အိန္ဒိယ၏ စီးပွားရေး တိုးတက်လာနှုန်းကို အနောက် ကမ္ဘာကပါ သတိနှင့် စောင့်ကြည့် နေရသည့် ကာလ ဖြစ်သည်။

နောင်လာမည့် ဆယ်စုနှစ်များအတွင်း အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာ နိုင်ငံသည် အချက်အခြာ ပို၍ ကျလာမည်။ ထို့ကြောင့် အခုကတည်းက တရုတ်ကုမ္ပဏီ မျိုးစုံ မြန်မာပြည်တွင် ခြေကုတ် ယူထားနေသည်။ အနောက်တိုင်း စီးပွားရေး သမားများက ထိုအချက်ကို မရှု့စိမ့် မနာလို ဖြစ်နေကြသည်။ သူတို့လည်း မြန်မာပြည်ကို ဝင်လိုနေသည်။ သို့သော် အနောက်ကမ္ဘာ၏ စီးပွါးရေး ပိတ်ဆို့မှု ဆိုသော အချက်ကြောင့် ဂွကျနေရသည်။

ပြန်ကောက်ရသော ကိုးကန့်ကိစ္စကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှင်း။ တရုတ်ဖက်က လူကြားကောင်းအောင် အနည်း အကျဉ်း လောက် ဝေဖန် တာမျိုး တိုက်တွန်း တာမျိုး လောက်တော့ရှိမည်။ ကိုးကန့် ကိစ္စသည် စစ်အစိုးရ အတွက် တရုတ်က ကျိတ်၍ သဘော တူထားသော ပထမခြေလှမ်း ဖြစ်နိုင်သည်။ ကျန်သည့် အပစ်ရပ်တွေလည်း တဖြေးဖြေးနှင့် တရုတ် ဖိအားကို သဘောပေါက်လာ ရတော့မည်။

ဗကပပြိုကွဲစဉ်အခါက တရုတ်အစိုးရသည် ဗကပဖက်ကို ဘာမှ အကူအညီ မပေးတော့ပါ။ ဗကပဖက်မှ ဗကပ ယူနီဖောင်း ဝတ်၍ ဝင်တိုက် ပေးတာမျိုးလည်း အရင်ကလို မလုပ်တော့ပါ။ အကျိုးစီးပွားဖြစ်စဉ်က ခေတ်နှင့်အတူ ရွေ့လျား သွားခဲ့ခြင်းကြောင့်ပင်။ ဗကပ ခေါင်းဆောင်များ ကိုတော့ ယခင်နိုင်ငံရေး ဆက်ဆံမှုအရ တရုတ်နိုင်ငံ ထဲတွင် နေထိုင်ခွင့် ပေးလိုက်သည်။ ထို့ထက်ပိုသော အကူအညီ တရုတ်ဆီက မရတော့ပါ။ ထို့ကြောင့် ကိုးကန့် တို့သည်လည်း အလားတူ ဖြစ်စဉ်ကို ရင်ဆိုင် ရတော့မည် လောဟု စဉ်းစားမိခြင်း ဖြစ်သည်။

ကချင်ခေါင်းဆောင်များနှင့် ဝခေါင်းဆောင်များကို တချိန်က တရုတ်မှ ပြောခဲ့ သည်က ကိုယ့်တိုင်းပြည် အတွင်းမှာ ဖြစ်နေတဲ့ ပြဿနာ အထုတ်စုပ်ကို နိုင်ငံတကာမှာ လယ်ပြီး ဖွင့်ပြ မနေကြပါတော့နှင့်။ ကိုယ့်အချင်းချင်း ကြိတ်၍ ဖြေရှင်းခြင်းကသာ ပို၍ အကျိုးရှိသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ သဘောကတော့ အထုတ်စုပ်ကို လယ်၍ဖွင့်ပြ နေပါက တရုတ်ဖက်မှ ဘာမှ အကူအညီ မပေးနိုင်တော့ဟု ဖိအားပေးခြင်းသာ ဖြစ်သည်။ ထိုအချိန်မှစ၍ လက်နက်ကိုင် တော်လှန်ရေးများ ထိုဒေသများတွင် နိဋ္ဌိတံ ခဲ့ရသည်။

အကျိုးစီးပွါးအရ တရုတ်အစိုးရသည် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမှာပဲ ဖြစ်သည်။ မြန်မာ စစ်အစိုးရနှင့် ပလဲနံပ မသင့်သည့် အုပ်စုများ အတွက် ရှေ့ရှောက် ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။ လူကြားကောင်းအောင် ဝတ္တရားအရ ပြောတာလောက်ပဲ ရှိတော့မည်။ တဖြည်းဖြည်းခြင်း နွမ်းလျသွားသည့် ပန်းပင်ကို ခုတ်မပစ် သော်လည်း ရေလောင်းခြင်း ပေါင်းသင်ခြင်း မြေသြဇာကျွေးခြင်း မရှိတော့ဘဲ ထိုင်ကြည့်နေသည့် သဘောသို့ ရောက်ရှိလာတော့မည်။

တဖက်တွင်လည်း မြန်မာစစ်အစိုးရသည် အမေရိကန်တို့နှင့် အဆင် ပြေချင်သည်ဟု တွက်ဆချက်များ ပေါ်ပေါက် လာသည်။ တရုတ်တွေ ဖက်မှလည်း သူတို့ကို မထိခိုက်ပါက အမေရိကန် အစိုးရနှင့် မြန်မာ စစ်အစိုးရတို့ အဆင် ပြေသည်ကို ဘာမှထူး၍ ဝေဖန် ပြောဆိုမည် မဟုတ်။ ထူးလာနိုင်သည် တခုကတော့ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နှင့် အမေရိကန်တို့ ကစားမည့် ဘော်လုံးကွင်း ဖြစ်သွား မှာကတော့ မြန်မာနိုင်ငံသားတို့ အဖို့ စိုးရိမ်ဖွယ် ဖြစ်သည်။

စစ်အေးတိုက်ပွဲ ကာလများအတွင်းက အမေရိကန် အုပ်စုနှင့် ဆိုဗီယက် အုပ်စုတို့ အကြား မြေဇာပင် ဖြစ်ခဲ့ရသော နိုင်ငံငယ်များ မနည်းလှ။ ထိုနိုင်ငံငယ် များတွင် ဘယ်သူ အစိုးရ ဖြစ်ဖြစ် သူတို့စိတ်မဝင်စား။ စိတ်ဝင်စားသည်က ထိုအစိုးရများသည် ကိုယ့်လူဖြစ်ရင် ပြီးစတမ်း။ အာဏာရှင် မကလို့ မည်သူပဲ အုပ်ချုပ်အုပ်ချုပ် ဒါကို နိုင်ငံကြီး များက ဂရုမစိုက်ပါ။ ထိုစစ်အေး တိုက်ပွဲကြီး ကာလအတွင်း အမေရိကန်လူ ဆိုဗီယက်လူ ဆိုသည့် အုပ်စုများ လည်း ထိုနိုင်ငံငယ်များတွင် ပေါ်လာခဲ့ ဘူးသည်။ လူထုအတွက် နားနှင့် မျက်စေ့ဟု ဆိုနိုင်သည့် စာပေနှင့် မီဒီယာ လောကတွင်လည်း အုပ်စု ကွဲခဲ့ကြသည်ကို မမေ့သင့်။

ယနေ့ကာလကတော့ အရင်းရှင်နှင့် ကွန်မြူနစ် အားပြိုင်သော စစ်အေး တိုက်ပွဲခေတ် မဟုတ်တော့။ သို့သော် ဓန အတွက်တော့ နိုင်ငံကြီးတိုင်း ပြိုင်နေကြသည်မှာ လက်တွေ့ဖြစ်သည်။ မြန်မာဆိုသော ကွင်းအသစ်တွင် အမေရိ ကန်နှင့် တရုတ်တို့ ချစ်ကြည်ရေးပွဲ ကန်လိုက်၊ မိတ်ဆွေဖြစ် ကန်လိုက်၊ ကြေးပါသော်လည်း ကြေးမပါဟန် ကန်ကြမည့် ဘောပွဲတွေလည်း နောင်မှာ တွေ့ကောင်းတွေ့လာ နိုင်သည်။ ကွင်းပိုင်ရှင် ပြည်သူတွေကတော့ ဘယ်လောက် အကျိုးရှိမည် ဆိုတာ မပြောတတ်သေး။ ကွင်းကို ပွဲစားလုပ်နေသည့် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စီးပွား ဖက်များကတော့ အသေအချာ အကျိုးရှိမှာ အမှန်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်က သူတို့အကျိုးစီးပွားအတွက်လည်း ဤဒေသကြီး အတွင်း ဝေစုခွဲ နိုင်သေးသည်။ မြန်မာ နိုင်ငံကို တရုတ် လှုပ်ရှားရာ နယ်ဟု သတ်မှတ်၍ မြောက်ကိုရီးယား ကိုတော့ အမေရိကန် အရေးအရာ ပိုင်သော နယ်အဖြစ် ခွဲဝေ၍ လုပ်ကောင်း လုပ်နိုင်သည်။ သူတို့အချင်းချင်း လက်ကျိတ်ထိုးတာ မည်သူအတိ အကျ စွပ်စွဲ နိုင်မည်နည်း။

ညူကလီးယားသံများဖြင့် လှိုင်နေသော မြောက်ကိုရီးယားကို အမေရိကန် တို့ ပိုမို စွက်ဖက်ခြင်း အားဖြင့် တဖက် တွင် တရုတ် အစိုးရအား မြန်မာနှင့် တိဗက် ကိစ္စများတွင် စေလိုရာ စေနိုင်သည်ဟု နားလည်မှုများ ယူကောင်း ယူထား လာနိုင်သေးသည်။ ထို့အပြင် နောက်တခုကတော့ မြန်မာ့နိုင်ငံရေး လောကတွင်လည်း တရုတ်ထောက်ခံ သူ အမေရိကန် ထောက်ခံ သူ အုပ်စု များ ဟိုမှသည်မှ အရှိုအရှို ပေါ်လာဦးမည်ကို တွေ့နေရသည်။

သူတကာ လာကစားသော ကွင်းအဖြစ် မခံလိုပါက နည်းရှိပါသည်။ ကိုယ့်အချင်းချင်း ကျေကျေ လည်လည် စကား ပြော၍ တိုင်းပြည်ကို ပြန်လည် ထူထောင်ခြင်းသာ ဖြစ်သည်။ ကိုယ့်တဦးတည်း ကိုယ့်အုပ်စု တခုတည်း ကောင်းစားဖို့သာ ရည်မှန်းထားပါက တဖက်ဖက်ကို အသေကပ် ရတာ ဓမ္မတာဖြစ်သည်။ တဖက်ဖက်ကို ခြေစုံချ၍ အားကိုးပြီ ဆိုကတည်းက ခိုင်းဖတ် ဘဝသာ ရောက်ရမှာ မလွဲပါ။

ကိုယ့်ကွင်းကို ကိုယ်ပိုင်ဖို့ ကြိုးစားတာသာ မှန်ကန်သော အမျိုးသား နိုင်ငံရေး ဖြစ်သည်။ ကိုယ်မကန်ရဘဲ အသင်း တကာ အသင်း ဝင်ချင်တိုင်း ဝင်၍ ကန်သော ကွင်းမဖြစ်ဖို့ နားလည်ရန် အချိန်တန်ပေပြီ။

ဇော်မင်း (လူ့ဘောင်သစ်)


အဆုံးသို့

http://vimutti.blogspot.com/

0 Comments:

blogger templates | Make Money Online