Wednesday, September 2, 2009

စက်တင်ဘာသံစဉ်


01/09/2009
Photobucket
အမှန်တရားကို နေရာမှန်ပြန်ရောက်ဖို့
စိမ်ပြေးတမ်းကစားနေတဲ့
အစာအာဟာရတွေ ရပ်တန့်ဖို့
ထင်ရှားတဲ့ ရပ်တည်မှုနဲ့
ပြည်သူ့ရှေ့ထွက်ခဲ့ပြီ။

ကမ္ဘာငြိမ်းချမ်းရေး တေးသွားကို
သံပြိုင်သီဆိုဟစ်ကြွေးရင်း
တအုန်းအုန်း ရွာချနေတဲ့ မိုးရေစက်တွေတောင်
သံဃာတော်တွေရဲ့ ဆန္ဒကို မရွှဲစိုခဲ့ဘူး။



သံဃာတော်တွေ ဦးဆောင်မှုအောက်မှာ
သူတို့လမ်း သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့
မျိုးဆက်သစ်လူငယ်တွေ
နှစ်ရှည်လှောင်ပိတ်ခံဆန္ဒတွေ
ဖွင့်ဟထုတ်ဖော်ချင်တဲ့ ပြည်သူတွေ
ငြိမ်းချမ်းရေး တေးသွားနဲ့အတူ
လမ်းတွေ လျှောက်ခဲ့ပြီ။

မကောင်းမှုဒုစရိုက်ကို ရေဆာသလိုဆာတဲ့
လူမိုက်တစ်စုဟာ
သက်ကြားအို ကျားငစဉ်းလဲရဲ့
နည်းပေးလမ်းညွှန်မှု
အလွဲသုံးစားအမိန့်တွေနဲ့
သူတော်ကောင်းတွေ ကံသုံးပါး ဆေးကြောတဲ့နေ့မှာ
ငြိမ်းချမ်းရေး သံစဉ်ကို
ရက်ရက်စက်စက်
ဖြိုခွင်းခဲ့တယ်။

အဲဒီ သံစဉ်တွေ
အခုထိ....
ပြည်သူတွေရဲ့ သွေးကြောထဲမှာ
စီးဆင်းဆဲ။
အငွေ့အသက်တွေ
ကမ္ဘာအနှံ့
ပြန့်နှံ့ဆဲ။

ထုဆစ်
(MSMA)

http://www.wanna23.blogspot.com/

0 Comments:

blogger templates | Make Money Online