Wednesday, September 2, 2009

ရွှေဝါရောင်နှင့် သာသနာ့ တက္ကသိုလ်


01/09/2009
Photobucket
စွမ်းအားရှင်အတွင်း၌ ရှိသော အနန္တ စကြ၀ဠာ အနန္တ သတ္တ၀ါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မိုးရေ တွေထဲက ထွက်လာတဲ့ ညီညာ ငြိမ်းချမ်းတဲ့အသံ၊ အသံကြားရာ လှမ်းကြည့်လိုက်တော့ အသားရောင် ၀ါဝါ၀င်းဝင်း သင်္ကန်းရောင် ညိုညိုသန်း နှစ်ပါးတတွဲဆီ မေတ္တာပို့ရင်း လမ်းလျှောက် ကြွချီ လာတဲ့ သံဃာတော်တွေ။
မယ်လမု ဘုရားဝင်းထဲမှာ ၀တ်ပြုဆုတောင်းအပြီး ပြန်ထွက်လာကြတဲ့ သံဃာတော်တွေကို ကျွန်တော် လဘက်ရည်ဆိုင်ထိုင်ရင်း လှမ်းမြင်လိုက်ရတယ်။ ကျွန်တော့်မှာ လဘက်ရည် ကုန်အောင် မသောက်နိုင်တော့ပြီ။


မိုးရေတွေ စိုစိုရွှဲနေတဲ့ သာသနာ့အလံကိုင်ပြီး အတန်းလိုက် ကြွချီလာပုံမှာ ကြည်ညိုဖွယ် အံ့သြဖွယ် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ရင်ထဲမှာလည်း ကမ္ဘာတစ်ခြမ်း ငြိမ်းချမ်းသွားသလို။

အသံနေ အသံထားမှန်မှန် ညီညီညာညာ ငြိမ်းငြိမ်းချမ်းချမ်း ရွတ်ဆိုလာတဲ့ မေတ္တာပို့သံကြောင့်လား။ ဘာ့ကြောင့်လဲ မပြောတက်ပေ။ လဘက်ရည်ဖိုးတောင် ရှင်းခဲ့သလား မရှင်းခဲ့သလား မမှတ်မိ။ သံဃာတော်တွေ ဦးဆောင်ချီတက်လာတဲ့ဘက်ကို ကျွန်တော် အပြေးကလေးနှောပြီး လိုက်ခဲ့မိသည်။
ကြံ့ဖွတ်အတွင်း၌ရှိသော အနန္တ စကြ၀ဠာ အနန္တ သတ္တ၀ါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
သံဃာတော်များ နံဘေးသို့ ရောက်ရောက်ခြင်း မေတ္တာပို့လိုက်တဲ့အသံကြောင့် ကျွန်တော့်မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ကြံ့ဖွတ် ကောင်းမကောင်း ကျွန်တော် သိနေသည်။ ကျွန်တော့်အိမ်က ကြံ့ဖွတ်ရုံးနှင့် နီးလေသည်။ အနားရောက်တော့မှ သံဃာတော်တွေရဲ့ မျက်နှာတော်တွေကို အသေအချာ ဖူးတွေ့ရလေသည်။ သံဃာတော်များမှာ မိုးဒဏ်ကြောင့် နှုတ်ခမ်းများ ပြာနှမ်းနေပေသည်။ တဆက်ဆက် တုံနေသော သံဃာများကိုလည်း ဖူတွေ့ရပေသည်။ ဘေးမှ လူအုပ်ကြီးကလည်း အများသား။ လူငယ်အတော်များများမှာ ဦးချ ရှိခိုးပြီး သံဃာတော်များဘေးမှ အကာအကွယ်ပေးပြီးလိုက်ခဲ့ကြသည်။ လူကြီးများမှာ မျက်ရည်ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ သံဃာတော်တွေကို ဦးတင်နေကြသည်။
အကျဉ်းထောင်တွင်း၌ရှိသော အနန္တ စကြ၀ဠာ အနန္တ သတ္တ၀ါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
ထိုကဲ့သို့ မေတ္တာပို့နေစဉ် နံဘေးတွင် သံဃာတော်တွေ အသွားအလာ လွယ်ကူစေရန် စောင့်ရှောက်ပေးနေသော သံဃာတစ်ပါးကို ကျွန်တော်မေးကြည့်လိုက်ပါသည်။ အရှင်ဘုရားတို့ ဘယ်ကျောင်းကပါလဲဘုရား။ သံဃာတော်က ပြုံးလျှက်ပဲ။ ဦးဇင်းတို့ ကမ္ဘာအေး နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကပါ တဲ့။ အရှင်ဘုရားတို့ တက္ကသိုလ်က နိုင်ငံတော်ကျောင်းပဲ-------။
မေးခွန်းမေးရန် ရွံ့နေသော ကျွန်တော့်ကို မစောင့်တော့ဘဲ သံဃာတော်လေးကပဲ၊ ဟုတ်တယ် ဒကာလေးရေ၊ သာသနာတော်အတွက် တိုင်းပြည်ချမ်းသာရေးအတွက်ပေါ့။ သံဃာတော်တွေ ညီညွတ်တယ် ပြည်သူတွေဘက်က ရှိတယ်ဆိုတာ ဦးဇင်းတို့ ပြလိုက်တာပဲ။ ဒီနေ့ဆိုရင် ဦးဇင်းတို့ အစိုးရက ကပ်တဲ့ဆွမ်းကို မစားဘဲ ကျောင်းတိုက်ကနေ ဆန္ဒပြ ထွက်ခဲ့ကြတာပဲ။ ဘယ်သူကောင်းတယ် ဘယ်သူမကောင်းဘူး ရှင်းနေတာပဲ။ သာသနာတော်ကိုစော်ကားတဲ့ စစ်အစိုးရ ပြုတ်ကျမှ ဦးဇင်းတို့ ပြည်သူချမ်းသာမယ် ဟု မိန့်ခဲ့ပါသည်။
ထို့နောက် သံဃာတော်များသည် ကမ္ဘာအေး စေတီတော်ပေါ်သို့ ချီတက်ခဲ့ကြသည်။ စေတီ ပရ၀ုဏ်ပေါ်တွင် တန်းစီထိုင်ကြသည်။ သံဃာတော်တစ်ပါးက တပည့်တော်တို့ဟာ သံဃာ့အဖွဲ့အစည်းနဲ့ တသဘောတည်းရှိပါတယ်။ ဒီနေ့တွင်သာမက နောက်နေ့ နောက်နေ့တွေမှာပါ ဆက်လက်ပြီး သပိတ်မှောက် ကံဆောင်ကြမှာပါ။ အခု တပည့်တော်တို့တွေရဲ့ သာသနာတော်ဟာ မင်းဆိုး မင်းညစ်တွေရဲ့ လက်အောက်မှာ အဖျက်အစီး အစော်ကားခံနေရပါပြီ။ တိုင်းပြည်လည်းပဲ ဆင်းရဲ မွဲတေပြီး ဒုက္ခ ရောက်နေကြပါပြီ။ ဒါ့ကြောင့် ပြည်သူ လူထုတွေ ချမ်းသာစေရန် ရည်ရွယ်၍ မေတ္တာသုတ် ပရိတ်တရားတော်၊ ဒေါ်အောင်စန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ ဆင်းရဲတွင်းမှ လွတ်ကင်းစေရန်အတွက် မောရသုတ်ပရိတ်တရားတော်တို့ကို ရွတ်ဖတ်ကြပါကုန်စို့ အရှင်မြတ်တို့ဘုရား။
ထို့နောက် သံဃာတော်များသည် တညီတညွတ်တည်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ကြသည်။ ပရိတ်တရားတော်များ ရွတ်ဖတ်ပြီးနောက် နောက်ထပ် သံဃာတော်တစ်ပါးက တပည့်တော်တို့ မဟန ဆရာတော်ကြီးတွေ သီတင်းသုံးတဲ့ မဟာနာယက ကျောင်းတော်ဘက်ကို ဆက်လက် ချီတက် ကြပါကုန်စို့ဘုရားလို့ ဆိုပြီး ပြီး ပြီးချင်းပဲ..........
မဟနအတွင်း၌ရှိသော အနန္တ စကြ၀ဠာ အနန္တ သတ္တ၀ါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
လို့ ဆိုကာ သံဃာ့တန်းကြီးသည် မဟာနာယက ကျောင်းဆောင်ဘက်သို့ ချီတက်ကြပါတယ်။ မိုးက ခဏဆိုသလို စဲသွားပြီးမှ ဗြုန်းဆို သဲကြီး မဲကြီး ရွာချလိုက်ပြန်သည်။ မိုးရေတွေ ရွှဲရွှဲဆိုနေတဲ့ သံဃာတော်တွေရဲ့ ကျောပြင်ကို ငေးရင်း ကျွန်တော် စဉ်းစားနေမိသည်။
ငါတို့ ခေါင်းဆောင်လူကြီးတွေ ညံ့ဖျင်းလို့ ငါတို့ တိုင်းပြည် ဆင်းရဲနေတာပဲ ။ သံဃာ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်တဲ့ မဟနဆရာတော်တွေကလည်း ပြည်သူ့မျက်နှာ သာသနာ့မျက်နှာ မထောက်တဲ့ အစိုးရ လက်ကိုင်တုတ်ကြီးတွေ ဖြစ်ချင်းမက ဖြစ်နေပါရော့လား။ လို့ တွေးနေတုံး သံဃာတော်တွေဟာ မဟာနာယက ကျောင်းဆောင်ဘက်ကို မျက်နှာမူ ဒူးထောက် လက်အုပ်ချီကာ သံဃာတန်း သုံးတန်း တန်း၍ မေတ္တာသုတ် မောရသုတ်တို့ကို စတင် ရွတ်ဖတ်ပါတော့သည်။
အကယ်၍ ဗုဒ္ဓဘုရားသာ သက်တော်ထင်ရှား ရှိနေစဉ် သံဃာထုနဲ့ ပြည်သူ လူထုဘက်က ရှိနေမှာ သေချာတယ်။ အခုတော့ လောဘ ဒေါသ မောဟ ပိန်းပိတ်နေတဲ့ သာသနာ့ ခေါင်းဆောင်ကြီးတွေ တုတ်တုတ်မျှ မလှုပ်ကြပေ။ သံဃာတော်တွေသည် မိုးဒဏ်ကြောင့် ခိုက်ခိုက် တုန်နေ ကြသော်လည်း ဇွဲကောင်းလှပေသည်။
တဆက်ထည်း ပရိတ်တရားတော်များ ရွတ်ဖတ်ပြီသောအခါ မဟနဆရာတော်ဘုရားများကို စာတစ်ဆောင် ဆက်ကပ်ကြလေသည်။ သို့သော် ဆရာတော်ကြီးများသည် လူငယ် သံဃာတော်များရဲ့ စာကို လက်ခံဖို့ ကြောက်ရွံ့နေကြသည်။ ထို့နောက် ကျောင်းထဲမှာ ဦးစံသင်းလှိုင် ထွက်လာကာ သံဃာတော်များကို တက္ကသိုလ်အတွင်းသို့ ပြန်ဝင်ရန် လျှောက်ထားလေသည်။ သံဃာတော်များကလည်း ပြတ်သားလှပေသည်။
ဒီစာကို မဟန ဆရာတော်များ လက်မခံလျှင် မပြန်ဟု ရဲ့ဝံ့စွာ ပြောဆိုလိုက်လေသည်။ ထို့နောက် တာဝန်ရှိသူလို့ ယူဆရတဲ့ လူတစ်ယောက်လက်သို့အပ်ပြီး သံဃာတော်များသည် ညီညာစွာတန်းစီ၍ သာသနာ့ တက္ကသိုလ်တွင်းသို့ ပြန်ကြွတော်မူလေသည်။ ကျွန်တော့်မှာ သံဃာတော်များ ပြုလုပ်သော အရေးတော်ပုံ အောင်မြင်ပါစေလို့ ဆုတောင်းလျှက်-----------။

D.ကောင်းကင်။

http://www.wanna23.blogspot.com/

0 Comments:

blogger templates | Make Money Online