Wednesday, September 2, 2009

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (MSMA)၊ ဥက္ကဋ္ဌဆရာတော် အရှင်သြဘာသ၏ စက်တင်ဘာနှစ်ပတ်လည်၊ တိုက်တွန်းနှိုးဆော်လွှာ


01/09/2009
Photobucket
သံဃာတော်အရှင်သူမြတ်တို့ဘုရား
ယနေ့ဟာဖြင့် အရှင်ဘုရားတို့ သိပြီး ဖြစ်တဲ့အတိုင်း ရွှေဝါရောင်တော်လှန်ရေး (၂)နှစ်ပြည့်မြောက်သောနေ့ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ သံဃာတော်တွေဟာ တိုင်းပြည်ကောင်းစားရေး၊ ပြည်သူပြည်သားများ ချမ်းသာရေးအတွက် ၂၀၀၇၊ စက်တင်ဘာလမှာ မြတ်ဗုဒ္ဓရဲ့ပရိတ်တရားတော်များကို ရွတ်ဖတ်ခဲ့ကြပါတယ်။ ဒီလို အေးချမ်းစွာ၊ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ပြုခဲ့ကြပေမယ့် စစ်အာဏာရှင်များဟာ ဗုဒ္ဓဘာသာဝင် မပီသစွာ၊ အာဏာရှင်ပီသစွာ နှိပ်ကွပ်ဖြေရှင်းခဲ့ကြပါတယ်။

သံဃာတော်များဟာလဲ သွေးမြေကျခဲ့ရပါတယ်။ အာဏာရှင်တွေဟာ ရက်စက်ကြမ်းကြုတ်စွာ ဖြေရှင်းနှိပ်ကွပ်ရုံနဲ့ အားမရနိုင်သေးဘဲ သံဃာတော်များကို ဖမ်းဆီးနှိပ်စက်ခဲ့ကြပါတယ်။ ကျောင်းတိုက်တွေကို ၀င်စီးပြီး သူခိုးဓားပြများကို ဖမ်းဆီးသလို ဖမ်းဆီးခဲ့ကြပါတယ်။ ယနေ့အထိ ဖမ်းဆီးနေဆဲဖြစ်သလို ထောင်တွင်းမှာလဲ သံဃာတော်အများအပြား ဥပဒေမဲ့ ဖမ်းဆီးခံထားကြရပါတယ်။ ဒီအခြေအနေတွေဟာ တပည့်တော်တို့ သံဃာတော်များအနေဖြင့် လက်ခံနိုင်စရာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ တပည့်တော်တို့ဟာ န.အ.ဖ အာဏာရှင်တွေကို လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ ဒီနေ့ ဒီနေရာမှာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

သံဃာတော်အရှင်သူမြတ်များဘုရား
ယနေ့ ဒီအချိန်အထိ တပည့်တော်တို့ သံဃာထုတစ်ရပ်လုံးက စုပေါင်းဆောင်ရွက်ခဲ့တဲ့ ပတ္တနိကုဇ္ဖန၊ သပိတ်မှောက်ကံဆောင်ခြင်းဟာ မပြီးဆုံးသေးပါဘူး။ မြန်မာ့မြေမှာ အာဏာရှင်တွေ ဆက်လက်အုပ်စိုးနေသရွေ့ ပြီးဆုံးလိမ့်မှာ မဟုတ်ပါဘူး။ အရှင်ဘုရားတို့ သိပြီးဖြစ်တဲ့အတိုင်း အာဏာရှင်တွေဟာ အာဏာရှင်ပီပီ တိုင်းပြည် ချောက်ထဲကျစေမယ့် နည်းလမ်းများကို စိုက်လိုက်မတ်မတ် သုံးစွဲနေခဲ့ကြပါတယ်။ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံ့သားကောင်းရတနာတွေဟာ အာဏာရှင်တွေရဲ့ လက်ထဲမှာ အကျဉ်းကျခံနေကြရပါတယ်။ ဒီအခြေအနေတွေကို တပည့်တော်တို့ သံဃာတော်များအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ ယူဆပါတယ်။ ယခင်ကလဲ အာဏာရှင်စနစ် ကျဆုံးပြီး သင့်တော်ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်ခဲ့ကြသလို ရှေ့ဆက်လက်ပြီးလဲ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

သံဃာတော်အရှင်သူမြတ်တို့ဘုရား
ဒီအာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို ပြန်ကြည့်ခဲ့မယ်ဆိုရင် မတရားမှုများ၊ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သောလုပ်ရပ်များ၊ လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်းများကိုသာ တွေ့ရမှာဖြစ်ပါတယ်။ တိုင်းပြည်ကောင်းရာကောင်းကြောင်းထက် အာဏာတည်မြဲရေးကိုသာ စိုက်လိုက်မတ်မတ် လုပ်ဆောင်နေကြတာကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ကြပါတယ်။ ဒီလို အကျင့်ပျက်ခြစားမှုတွေနဲ့ တပည့်တော်တို့ရဲ့ ကျေးဇူးရှင်ဒကာ၊ ဒကာမ ပြည်သူ၊ ပြည်သားများဟာ ဆင်းရဲကျပ်တည်းစွာ အသက်မွေးနေကြရပါတယ်။ ပညာသင်ရမယ့်ကလေးတွေဟာ ပညာသင်ကြားခွင့်မရကြပါဘူး။ စီးပွားရေး သို့မဟုတ် စားဝတ်နေရေး အဆင်မပြေကြသလို တစ်ဖက်မှာလဲ တိုင်းပြည်ရဲ့ပညာရေးဟာလဲ ခြွတ်ခြုံကျလို့ နေပါတယ်။ ဒီပုံစံနဲ့သာ ရှေ့ဆက်သွားနေရင် တပည့်တော်တို့နိုင်ငံဟာ ဒုက္ခတွင်းထဲကနေ ဘယ်လိုမှ ရုန်းထွက်နိုင်မှာမဟုတ်တော့ပါဘူး။
တစ်ဖက်မှာလည်း အာဏာကိုသာ ရှေ့တန်းတင်ကိုးကွယ်နေတဲ့ စစ်အာဏာရှင်တွေဟာ တပည့်တော်တို့ ဗုဒ္ဓသာသနာကိုတောင် စော်ကားနေပါတယ်။ ဒါကိုလဲ အရှင်ဘုရားတို့၊ တပည့်တော်တို့ အပါအ၀င် တစ်ကမ္ဘာလုံးက သိရှိပြီး ဖြစ်ပါတယ်။

သံဃာတော်အရှင်သူမြတ်တို့ဘုရား
ဒီလိုအခြေအနေတွေ ကြုံတွေ့နေရတဲ့ တပည့်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးကို ညီညာစွာ လက်တွဲမဖြုတ်ဘဲ ဆက်လက် ကူညီကြပါစို့ဘုရား။ ပန်းတိုင်နဲ့ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ အမှန်တရားလမ်းကြောင်းပေါ်မှာ ရပ်တည်ခြင်းအားဖြင့် လူသားဆန်မှုကို ပြသင့်တယ်လို့ တပည့်တော် လေးနက်စွာ ခံယူထားပါတယ်။ သို့ဖြစ်ပါ၍ တပည့်တော်တို့အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အားထုတ်ကြသူများအား အားပေးချီးမြောက်ခြင်းအားဖြင့်လည်းကောင်း၊ တပည့်တော်တို့ကိုယ်တိုင် တိုင်းပြည်အတွက် သင့်တော်ရာ ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့်လည်းကောင်း ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ တိုင်းတွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အရှင်သြဘာသ(ဥက္ကဋ္ဌ)
သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(MSMA)
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ

http://www.wanna23.blogspot.com/


0 Comments:

blogger templates | Make Money Online