Tuesday, June 9, 2009

တော်လှန်ရေးသမားစစ်စစ်

ခေတ်အဆက်ဆက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ တော်လှန်ရေးသမားဆိုတာ ရှိစမြဲပါ၊ဗမာ့သမိုင်းအဆက်ဆက် မှာလည်း ထို့အတူပါပဲ။တော်လှန်ရေးသမားဆိုတာ ဘယ်လိုလူတွေလဲ၊ဘာအတွက်လဲ၊ဘာကိုတော်လှန်နေကြတာလဲ?ဆိုတာကို ခေတ်သစ်ဗမာ့နိုင်ငံရေးသမိုင်းသစ် ရေးခြစ်ကြမည့် ဗမာနိုင်ငံသူ နိုင်ငံသားတိုင်းသိထားရမည့်အခြေခံ အချက်ဖြစ်လေတော့ တော်လှန်ရေးသမားဆိုတာ ဘယ်လိုလူတွေလဲဆိုတာကို သေချာစီစစ်ရပေမည်။

တော်လှန်ရေးသမားဆိုတာ တော်တဲ့သူ၊အသိဉာဏ်ရှိတဲ့သူ၊အမှန်တရားကိုမြတ်နိုးသူ ဖွေရှာသူ လိုလားသူများသာဖြစ်သည်။ သည်လိုလူများကသာလျှင် အမှန်ကိုမြင်ဖို့ သိဖို့ အမိုက်အမှောင်အဖုံးကိုလှန်လိုကြပေသည်၊ ညံ့ဖျင်းသူ အသိဉာဏ်မရှိသူတို့သည် ကိုယ့်အသားနာမှ၊အစာလုခံရမှ ပြန်လှန်သောအဟိတ်တိရိစ္ဆာန်တို့ကဲ့သို့ ကိုယ်တိုင် ခံရမှ၊ဝေစုမတည့်မှ ပြန်လှန်သော လက်နက်အားကိုးလူ့တိရိစ္ဆာန်မျိုးမှာ ဘယ်သောအခါမှ အသိဉာဏ်နဲ့သစ္စာတရား အတွက် တော်လှန်မည့် တော်လှန်ရေးသမားမရှိရိုးပါ။
သတ္တလောကကြီးတခုလုံးမှာဆင်းရဲနေမှန်းလည်းမသိ၊ဘာ့ကြောင့်ဆင်းရဲတာလဲဆိုတာကိုမသိ၊ဆင်းရဲခြင်းချုပ်မှု၊ ဆင်းရဲခြင်းချုပ်ငြိမ်းစေတဲ့လမ်းစဉ်ဆိုတဲ့ သစ္စာလေးရပ်ကို ရှာဖွေခဲ့သူ (သစ္စဂဝေသီ) သိဒ္ဓတ္ထမင်းသားသည် ခြောက်နှစ် ကြာဖွေရှာပြီးနောက်ဆုံး လောကမှာတကယ်ရှိတဲ့ မဖောက်မပြန်မှန်ကန်တဲ့(ပရမတ္ထ) သစ္စာလေးရပ်ကိုမသိသမျှ ဒီနေရာကမထတော့ဘူးဆိုပြီး ခိုင်မာတဲ့အဓိဋ္ဌာန်ပြုကာ ကျင့်ကြံတော့ သူသိပြီးလို့ အခြားသတ္တ၀ါတွေကို ဟောပြောလိုက်ရင် မြက် သစ်ရွက် တိုက်နံရံတွေနဲ့ဖုံးအုပ်ကွယ်နေတာတွေ ဖယ်ရှားဖောက်ထွင်းပြလိုက်သလို မှောက်ပြီးအမှောင်ချထားတဲအိုးကို ဆွဲလှန်ပြလိုက်သလို အမှောင်လောကကို ဖွင့်လှစ် လိုက်မှာကိုမလိုလားတဲ့ မာရ်နတ်က လက်နက်အားကိုးနည်း အယုတ်တမာနည်းမျိုးစုံသုံးကာ တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးမှာ ရှေးကဖြစ်ပျက်(နေ)ခဲ့သမျှကိုအကြောင်းနဲ့အတူ သိတဲ့(ပုဗ္ဗေနိဝါသ)ဉာဏ်၊လောလောဆယ်မှာကို သတ္တ၀ါတွေဖြစ်နေပျက်နေတာကိုသိတဲ့(စုတူပပါတ)(ဒိဗ္ဗစက္ခု)ဉာဏ် အမှန်တရားတွေကို ဖုံးအုပ်ထားတဲ့ မသိမှု(အဝိဇ္ဇာ)(မောဟ) တပ်မက်မှု(လောဘ) အမြင်မှားယွင်းမှု(ဒိဋ္ဌိ)တို့ ကုန်ရာကုန် ကြောင်းကိုသိသော(အာသဝေက္ခယ)ဉာဏ်တို့ကို ရကာ အရာရာကိုအောင်မြင်သူ(အနန္တဇိန)ဖြစ်လာခဲ့သူ သိဒ္ဓတ္ထသည် ဤလောက၏ ပထမဆုံးသော တော်လှန်ရေးသမားဖြစ်သည်။ သူ၏အဆုံးအမ(သာသနာ)ကိုယုံကြည်၍ ကျင့်ကြံလိုက်နာလာသူတွေ အများ အပြားဖြစ်လာခဲ့လေရကား နောက်ပိုင်းမှာ သာသနာ့ဝန်ထမ်း ရဟန်းအဖြစ်ခံယူလိုသူတွေကို သူ့ကျွန်မခံတော်လှန်သူအစစ် ဖြစ်ပါ ၏လော(ဘုဇ္ဇိေဿာ သိ) ဟုမေးစီစစ်ပြီးမှရဟန်းပြုခွင့်ပေးခဲ့ရကား ရဟန်းတော်များသည် ပထမဆုံးသော တော်လှန်ရေး မျိုးဆက်ဖြစ်လေသည်။
အနန္တဇိန၏ ပထမဆုံးသော တိုက်တွန်းစကားမှာ အရပ်တကာ လှည့်လည်ကြ(စာရိကံ စရထ)၊ဓမ္မကို မြင်စေကြ (ညွှန်ပြကြ၊ဟောကြ)(ဓမ္မံ ဒေသေထ)ဟူ၍ဖြစ်သည်။ ဓမ္မဟူသည် အကြောင်း/အကျိုးသဘော(ဓမ္မော သဘာဝေ)၊အသိဉာဏ်(ပညာ)၊အမှန်တရား(သစ္စ)စသည်တို့ဖြစ်၍ ထိုဓမ္မကို အများပြည်သူတို့ကို မြင်စေ(ပြ)ရန်မှာ တော်လှန်ရေး မျိုးဆက်တို့၏ အဓိကတာဝန်ဖြစ်သည်။
ဗမာပြည်မှာ ဓမ္မအလင်းရောက်လျှင် အဓမ္မအမှောင်ပျောက်မည်မို့ အမှန်တရားကို ခါးခါးသီးသီးမုန်းတီးကြောက်ရွံ့ကာ မတရားရယူထားသည့် စည်းစိမ်ဥစ္စာ အာဏာတို့၌ တွယ်တာတပ်မက်ပြီး ဓမ္မကိုအဓမ္မ၊အဓမ္မကိုဓမ္မဟု အမြင်မှား မိစ္ဆာဒိဋ္ဌိ များနှင့် အလောဘ၊အဒေါသ၊အမောဟအကြောင်းမပါ အဟိတ်တိရစ္ဆာန်အဆင့်သာရှိကြသူတို့က ဦးချို၊ခွါ၊အစွယ်၊အဆိတ်တို့ကိုအားကိုးသော အဟိတ်တိရစ္ဆာန် သဘာဝအတိုင်း လက်နက်အားကိုး၍ အမှန်တရားကို ဖုံးကွယ်ထားဖို့ နည်းမျိုးစုံဖြင့် လုပ်နေကြသည်
ထို့ကြောင့် အနန္တဇိနဖြစ်သော ဗုဒ္ဓ၏ ဓမ္မသဘာဝ ဆင်းရဲနေခြင်း၊ဘာ့ကြောင့်ဆင်းရဲတာလဲ ဆိုတဲ့ဆင်းရဲခြင်းအကြောင်း၊ဆင်းရဲခြင်းချုပ်မှု၊ ဆင်းရဲခြင်းချုပ်ငြိမ်းစေတဲ့လမ်းစဉ်ဆိုတဲ့ သစ္စာလေးရပ်ကိုသိ၍ နားလည်၍ အမှန်တရားကို ဖုံးထားမှုဟူသမျှကို တွန်းလှန်မည့်သူ ဗုဒ္ဓသာဝက(ဗုဒ္ဓဘာသာ)မှန်သမျှနှင့် ဗုဒ္ဓသာဝက(ဗုဒ္ဓဘာသာ)မဟုတ်သော်လည်း လောက သဘာဝဓမ္မ လောကသစ္စာတရားကို နားလည်၍ ယင်းတို့ကို ဖုံးထားမှုမှန်သမျှကို တော်လှန်မည့် အသိဉာဏ်နှင့်အမှန်တရားကိုမြတ်နိုးသူ နိုင်ငံသားတိုင်း တော်လှန်ရေးသမားများဖြစ်
ကြသည်မို့ (ပုရေ ဒိဗ္ဗတိ အဓမ္မော) မသူတော်တို့ရဲ့ အဓမ္မမှုများ မထွန်းကား(အမြစ်မတွယ်)မီ၊အမြစ်တွယ်ခဲ့ပါက မိမိတို့ သားစဉ် မြေးဆက် မိစ္ဆာဒိဋ္ဌိ လက်နက်အားကိုး အဟိတ်တိရိစ္ဆာန်မျိုးဖြစ်မည့်အရေးကို တွေးကာ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပါရမီဖြည့်ကာ မာရ်နတ်ရန်ကိုတော်လှန်ပြီးမှ ဖော်ထုတ်ခဲ့ရသည့် သစ္စာတရား မပျောက်သွားရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် တော်လှန်ကြရန် ဗုဒ္ဓမြတ်စွာသာသနာအရေးမို့ အသိပေး နှိုးဆော်လိုက်ရပါသည်။


ဓမ္မဃောသက

0 Comments:

blogger templates | Make Money Online