Monday, June 1, 2009

ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာခဲ့ကြသူများထဲမှ (၁၀၁) ဦးကို အမေရိကန်သံရုံးမှ အထူးအစီအစဉ်တရပ်အဖြစ် အမေရိကန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင်ပေးမည်

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာခဲ့ကြသူများထဲမှ (၁၀၁) ဦးကို အမေရိကန်သံရုံးမှ အထူးအစီအစဉ်တရပ်အဖြစ် အမေရိကန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင်ပေးမည်ဟု သံရုံးတာဝန်ခံတဦးက ပြောသည်။

တတိယနိုင်ငံသို့ ထွက်ခွာရန် ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိပြီးသူများထဲမှ ကျန်ရှိသူ (၁၀၁) ဦးကို ယနေ့နေ့လယ် က မဲဆောက်မြို့ရှိ ၀ပ်ဘိုးလဖား ဘုန်းတော်ကြီးကျောင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ IOM၊ UNHCR၊ JRS နှင့် ထိုင်းပြည်ထဲရေးဌာနမှ တာဝန်ရှိသူအချို့ လာရောက်တွေ့ဆုံခဲ့ပြီး အမေရိကန်သံရုံးမှ တာဝန်ခံအရာရှိက ၎င်းတို့အား အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဟု ပြောသည်။



၎င်းအရာရှိက “ခင်ဗျားတို့ကို အထူးအစီအစဉ်တရပ်အနေနဲ့ အမေရိကန်နိုင်ငံက လက်ခံပြီး အမြန်ဆုံး ပို့ဆောင်ပေး မှာ ဖြစ်တယ်။ ဒါကြောင့် အခုသွားရမယ့်လူတွေအနေနဲ့ မဲဆောက်မှာ ဆန္ဒပြပွဲတွေမလုပ်ဖို့ ပြောချင်တယ်။ ဆန္ဒပြပွဲ တွေမှာ ပါဝင်မယ်ဆိုရင်တော့ အခုရရှိမယ့် အခွင့်အရေးတွေ ပယ်ဖျက်ခံရမယ်။ ခင်ဗျားတို့ ကို ဆန္ဒပြဖို့၊ မပြဖို့တော့ မပြောလိုပါဘူး” ဟု ပြောသည်။

အမေရိကန်သို့ ထွက်ခွာခွင့်ရရှိသူများထဲမှ ဒေါက်တာ ခင်မာထွေးက သံရုံးတာဝန်ခံအား “အခုလူတွေ အကုန်လုံးသွား ရမှာလား၊ မသွားရမယ့်လူတွေကော ရှိနိုင်ပါသလား” ဟု မေးမြန်းရာ သံရုံးတာဝန်ခံက အကုန်သွားရမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ ဒုက္ခသည် စခန်းသို့ ၀င်ရောက်ရမည့်ကိစ္စနှင့် ပတ်သက်၍ မ၀င်ရောက်လိုသူများအနေဖြင့် ယခုအစီ အစဉ်မှ ပယ်ဖျက်ခြင်းခံရမည်ဟု သံရုံးတာဝန်ခံက ပြောသည်။

အဆိုပါ (၁၀၁) ဦးမှာ ယခုအပတ်အတွင်း မဲဆောက်မြို့ရှိ ဒုက္ခသည်များအတွက် အဆင့်ဆင့်လုပ်ဆောင်ခြင်း ဌာနတွင် သွားရောက်နေထိုင်ရမည်ဖြစ်ပြီး ၎င်းဌာနမှတဆင့် မယ်လဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မယ်လဒုက္ခသည်စခန်းမှတဆင့် ဇူလိုင်လ (၁၀) ရက်နေ့ မတိုင်ခင် အမေရိကန်နိုင်ငံသို့ ထွက်ခွာရမည်ဖြစ်သည်ဟု UNHCR မှ ပေးသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မယ်လဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်စဉ်ကာလအတွင်း ၎င်းတို့၏ စားဝတ်နေရေး ကိစ္စများကို ထိုင်းအစိုးရ မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး နအဖ၏လိုက်လံနှိမ်နှင်းမှုကြောင့် လူ (၂၀၀) ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာပြီး သံဃာတော် အပါး (၃၀) နှင့် ကဗျာဆရာ အောင်ဝေးအပါအ၀င် လူ (၈၀) ခန့်မှာ တတိယနိုင်ငံများသို့ ရောက်ရှိသွားပြီး ယခုထွက်ခွာရမည့် (၁၀၁) ဦးမှာ အထူးအစီအစဉ်အဖြစ် အမေရိကန်သို့ ထွက်ခွာရမည်ဖြစ်သည်။
http://www.khitpyaing.org

0 Comments:

blogger templates | Make Money Online