Monday, June 9, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ပေါ်ပေါက်လာသည့် သမိုင်း

၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး တွင် အဓိက ဦးဆောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ကို ၉.၉.၂၀၀၇ နေ့နံက် ၉း၄၅ နာရီအချိန် မန္တလေးမြို့၌ အောက်ဖော်ပြပါ သံဃာ့ကိုယ်စားလှယ်များ၊ အဖွဲ့အစည်း များဖြင့် ညှိနှိုင်းတိုင်ပင်၍ ခိုင်မာစွာဖွဲ့စည်းခဲ့သည်။

(၁) ဦးပါကဋ(ခ)ဦးပညာဇောတ၊ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်

(၂) ဦးမေဓာဝီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်

(၃) ဦးခေမိန္ဒ(ခ)ဦးကေသရ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့သာမဂ္ဂီအဖွဲ့ချုပ်

(၄) ဦးသြဘာသ၊ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်

(၅) ဦးတေဇ၊ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်

(၆) ဦးဂမ္ဘီရ(ခ)ဦးစန္ဒောဘာသ၊ ရန်ကုန်တိုင်းရဟန်းပျိုသမဂ္ဂ နှင့်

သံဃာ့ဒူတအဖွဲ့၊ ပြည်နယ်နှင့်တိုင်း အသီးသီးရှိ သံဃာ့သမဂ္ဂအဖွဲ့အားလုံးတို့မှ သံဃာထုတရပ် လုံး၏ ဆန္ဒကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံ၏ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ဆိုင်သော ကိစ္စရပ်များကို မေတ္တာတရားဖြင့် အကောင်ထည်ဖော် ဆောင်ရွက် သွားနိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး အဖြစ် ပူးပေါင်းဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။

မြန်မာပြည်သူများသည် (၁၉၉၀)ပြည့်နှစ် မေလ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အာမခံ ချက်ပေးမည့် နိုင်ငံတော်သစ်ကြီးကို တစ်နေ့တစ်နေ့ ရလာလိမ့်နိုးနှင့် မျှော်လင့် နေကြသော် လည်း “ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျားကိုပြန်ပါ့မယ်…”လို့ ကတိပေး ခဲ့သော စစ်အာဏာရှင်ဟာ အာဏာတည်မြဲရေးအတွက် ကြံ့ဖွံ့ စွမ်းအားရှင် လူရမ်းကားများကို ငွေပေးစည်းရုံးကာ တနေ့ထက်တနေ့ ပြည်သူကို ရန်သူသဖွယ် ရက်ရက်စက်စက် ညှင်းပမ်း သတ်ဖြတ် ရိုင်းစိုင်း ယုတ်မာလျှက် ရှိပါသည်။ ပြည်သူများသည် မ.ဆ.လ လက်ထက်မှစ၍ ယခုတိုင်အောင် စစ်အာဏာရှင် စနစ်ဆိုးရဲ့ အောက်မှာ အကြောက်တရားများ၊ ဖိနှိပ် ချုပ်ချယ်မှုများဖြင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားနေရပါသည်။ နေ့ဆိုလည်း ကောင်းကောင်း မနေရဲ ညဆိုလည်း ကောင်းကောင်း မအိပ်ရဲ ခွေးဟောင်ရင် ခေါင်းထောင်ကြည့်နေရပြီး ကိုယ့်အိမ် ဘယ်အချိန် တံခါးလာခေါက် လိမ့်မလဲဆိုတဲ့ သံသယအတွေးများဖြင့် ပြည်သူတွေဘ၀ဟာ လုံခြုံမှု ကင်းမဲ့လျှက်ရှိပါသည်။ လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဖော်ပိုင်ခွင့်မရှိ မထင်ရင်မထင်သလို စည်းစနစ်မရှိသော ပါးစပ်ဥပဒေများ၊ စွပ်စွဲချက်များ၊ တားမြစ်ကန့်သတ်မှုများဖြင့် နေ့စဉ် ရင်ဆိုင် နေကြရပါသည်။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား ဆိုသည့် မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်လာများ မကျင့်သုံး မလိုက်နာကြတော့ဘဲ ငွေများတရားနိုင်၊ အာဏာကြား တရားမှိုင်ဆိုသည့် ကိုယ်ကျင့်တရားပျက်မှု လာဘ်စားမှုများဖြင့် ကိုးကွယ်လျှက်ရှိသော ဗုဒ္ဓ၏ လူမှုရေး တရားများလည်း ပျက်သုန်း ပျောက်ကွယ်လျှက်ရှိပါသည်။ မြန်မာတနိုင်ငံလုံးကို စစ်အာဏာဖြင့် ထိန်းချုပ်ကန့်သတ်ထားပြီး အကျဉ်းထောင်ဟု မပြောရုံတမယ် နိုင်ငံသားများဟာ အကျယ်ချုပ် ကျခံနေရသော ရာဇ၀တ် အကျဉ်းသားများသဖွယ် ပြုကျင့်ခံနေကြရပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ် ထုတ်ပြသကြသည့် ကျောင်းသားပြည်သူများကို န.အ.ဖ. ၏ အာဏာပိုင် အဖွဲ့အစည်းအားလုံးမှ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲမှုများ ဖမ်းဆီးချုပ်နှောင်မှုများ အဓမ္မရိုက်နှက်မှုများကို ယုတ်မာရက်စက် ရိုင်းစိုင်းစွာ ပြုလုပ်လျှက်ရှိပါသည်။

န.အ.ဖ စစ်အာဏာရှင် အစိုးရသည် ပြည်သူ့ ဘဏ္ဍာများဖြင့် ယတြာသဘောမျိုး ဘုရားတည် ကျောင်းဆောက် ဘာသာရေးကို ခုတုံးလုပ်ကာ လူအများ ယုံကြည်မှုရစေရန် ရုပ်မြင်သံကြား သတင်စာများမှ ဟန်ပြသက်သက် ထုတ်လွှင့်ပြသလျှက်ရှိပါသည်။ သို့သော် သံဃမဟာနာယက ဆရာတော်ကြီးများကို နည်းအမျိုးမျိုးဖြင့် ချဥ့်ကပ် မရသည့်အဆုံး အာဏာသုံး အကျပ်ကိုင်ပြီး ညွှန်ကြားလွှာများ အတင်းထုတ်ခိုင်းကာ ရဲများ၊ စစ်သားများနှင့် အစိုးရ ကျော ထောက်နောက်ခံပြုထားသည့် ကြံ့ဖွံ့ စွမ်းအားရှင် လူရမ်းကားများအား အခွင့်အာဏာ ငွေကြေး မက်လုံးများ အပြည်ဝပေးကာ အနာဂတ်ဘာသာရေးခေါင်းဆောင် ရှင်ငယ် ရဟန်းငယ်များကို မမှန်မကန် တရားခံဖြစ်အောင် လုပ်ကြံထားသော ယုတ်မာသည့် စွပ်စွဲချက်များ အသုံးပြု၍ လူသားချင်း စာနာမှု့ ကင်းမဲ့စွာ သွေးထွက်သံယို နှိမ်နင်း ဖမ်းဆီးမှုများ ရက်ရက် စက်စက် သတ်ဖြတ်မှုများ ဥပဒေမဲ့ ပြုလုပ်ခိုင်းလျှက်ရှိပါသည်။ န.အ.ဖ စစ်အာဏာရှင် စနစ်ဆိုး ဆက်လက် တည်မြဲနေမည်ဆိုလျှင် သံဃာနှင့် သာသနာကို စော်ကားပုတ်ခတ် တိုက်ခိုက်နေသော ယုတ်မာရိုင်းစိုင်းသည့် ကိစ္စရပ်များသည် မြန်မာပြည်တွင် ထေရ၀ါရ ဗုဒ္ဓဘာသာ ပျက်စီးပျောက် ကွယ်မည့် အန္တရာယ်ဟု သံဃာငယ်များ အတူတူ ခံစားနားလည်ခဲ့ကြသည်။ စစ်အစိုးရ၏ လူမဆန်ရက်စက်သည့် လုပ်ရပ်များကို မနှစ်မြို့ရွံ့ရှာစွာဖြင့် စိတ်မချမ်းသာ ဖြစ်နေကြရပါသည်။ ဒါပြင် န.အ.ဖ စစ်အစိုးရ လက်ထက် မြန်မာနိုင်ငံ၏ “တစစ ဆိုးရွား ယိုယွင်း လာနေသော လူမှုရေး စီးပွားရေး ဘာသာရေး အမျိုးသားရေး စသည့်အခြေအနေ”များကို သိရှိနားလည်ထားမှု မြန်မာ ပြည်သူများ နိစ္စဓူဝ ခံစားနေရသော ဒုက္ခဝေဒနာများကို မျက်ကွယ်ပြု၍ မရမှုတို့ကြောင့် လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးကြသူများ၊ မေတ္တာတရား ရှေ့ထားသော ရဟန်းသံဃာတော်များဟာ မခံမရပ်နိုင်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂအဖွဲ့၊ သောတုဇနဘိက္ခုအဖွဲ့၊ မြန်မာနိုင်ငံ လုံးဆိုင်ရာသံဃာ့သမဂ္ဂီအဖွဲ့၊ သံဃာ့ဒူတအဖွဲ့၊ ရန်ကုန်တိုင်းရဟန်းပျိုသမဂ္ဂအဖွဲ့ စသည်ဖြင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှာ သံဃာ့အဖွဲ့အစည်းငယ်တွေ ပေါ်ပေါက်လာခဲ့ပါသည်။ သံဃာ့အဖွဲ့ငယ် တော်တော်များများဟာ ဟိုးအရင်ကတည်းက သိပ်သည်းကျစ်လစ်စွာ ဖွဲ့စည်း ခဲ့ကြပြီး အမျိုးသားရေး လက်ကမ်းစာစောင်များ၊ ဘာသာရေး ဖိနှိပ်မှုများကြောင့် ထုတ်ပြန်သော ကြေငြာချက်များ၊ အမျိုးဘာသာသာသနာနှင့် သက်ဆိုင်သည့် ဂျာနယ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြပြီး ဦးဆောင်လှုံ့ဆော်ခဲ့ ကြပါသည်။ တချိန်ချိန်မှာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲပြီး မြန်မာပြည်သူတွေရဲ့ အကျိုးကို ရဟန်းတွေဟာ ကိုယ်တတ်နိုင်တာ လုပ်ရမယ်ဆိုတဲ့ အိုင်ဒီယာတွေ ရှိထားခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် မော်ကွန်းတင် ရလောက်အောင် လူမှုရေး စီးပွာရေး ပညာရေး ကျမ္မာရေးစသည့် အထွေထွေ ယိုယွင်းပျက်စီးနေမှုများဖြင့် ပြည်သူများဟာ တနေ့ထက်တနေ့ ငတ်တလှည့် ပျက်တလှည့် ရုန်းကန်လှုပ်ရှား နေကြရပါသည်။ ကြောက်ကြောက် လန့်လန့်ဖြင့် ဆင်းရဲကြပ်တည်းစွာ နေထိုင်သွားလာ ကြရပါသည်။ ဒါပြင် အထွေထွေလူသုံးကုန် ဈေးနှုန်းများ တိုးတက်လာမှု၊ စက်သုံးဆီဈေးနှုန်းများ အဆမတန် တိုးမြှင့် လာမှုများကြောင့် ပြည်သူများရင်ထဲမှာ မခံမရပ်နိုင် ဖြစ်နေကြပြီး အာဏာရှင်အစိုးရကို ဆန့်ကျင် သော ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်လာခဲ့ကြပါသည်။ အထူးသဖြင့် ပခုက္ကူ သံဃာတော်များ၏ မေတ္တာသုတ် ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်၍ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ကြရာတွင် အာဏာပိုင် အဖွဲ့အစည်းများ၏ လက်အောက်ခံ ကြံ့ဖွံ့ စွမ်းအားရှင် အဖွဲ့များမှ ကြိုးကွင်းပြစ်ဖမ်းဆီးခြင်း၊ ဓါတ်တိုင်တွင် ကြိုးနဲ့တုတ် ခြေထောက်ဖြင့် ကန်ခြင်း စသည့် လုပ်ရပ်များနှင့်အတူ သံဃာတစ်ပါး အသက်သေဆုံးသည် အထိ ပြင်ထန်စွာ ရိုက်နှက်ပုတ် ခတ်ခဲ့ကြသည်။ ထို့ကြောင့် သံဃာတော်များအားလုံးမှ စစ်အစိုးရ၏ လူမဆန်ရက်စက်သည့် လုပ်ရပ်များကို မနှစ်မြို့ရွံရှာစွာ ယခု အရေးခင်းသည် မြန်မာပြည် ထေရ၀ါရဗုဒ္ဓဘာသာ သာသနာ့ အရေးဖြစ်သည်၊ မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော်များ၏ အရေးဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြပြီး နဂိုရှိပြီးသား သံဃာ့အဖွဲ့အစည်းငယ်တွေ စုပေါင်းဖွဲ့စည်းကာ အမျိုးဘာသာ သာသနာ့ အန္တရာယ်ကို ကာကွယ်ရန် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကို အောက်ပါ ကြေညာချက်နှင့်အတူ ရည်ရွယ်ချက် သဘောထား ဆုံးဖြတ်ချက်များဖြင့် အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် စစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့အား ထောက်ခံသူများထံမှ ဆွမ်းကွမ်းလှူဖွယ်များကို လက်မခံရန် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ကြရန် တိုင်းပြည်အ၀ှမ်းရှိ ဗုဒ္ဓဘာသာဝင် သံဃာတော် များကို အကြံပြု ဆော်သြခဲ့ပါ သည်။ ။

0 Comments:

blogger templates | Make Money Online