Wednesday, June 4, 2008

အမေရိကန်စစ်သင်္ဘောများ မြန်မာ့ရေပိုင်နက်အနီးမှ ပြန်လည်ထွက်ခွာမည်


http://khitpyaing.org/news
မြစ်ဝကျွန်းပေါ်ဒေသရှိ လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရန် စောင့် ဆိုင်းနေသည့် အမေရိကန် စစ်သင်္ဘောများကို မြန်မာစစ်အစိုးရက ခွင့်မပြုသဖြင့် မြန်မာနိုင်ငံ ရေပိုင်နက်အနီးမှ ပြန်လည်ထွက်ခွာမည်ဟု အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီးက ယနေ့ပြောသည်။

မြန်မာပြည်သူများအတွက် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရန် အမေရိကန် စစ်သင်္ဘော၊ ရဟတ်ယာဉ်နှင့် လေယာဉ်များကို ၀င်ခွင့်ပေးရန် လွန်ခဲ့သည့် သီတင်း (၃) ပတ်ကျော် အတွင်း မြန်မာအစိုးရထံ (၁၅) ကြိမ်ခန့် တောင်းခံခဲ့သော်လည်း အကြိမ်တိုင်း ငြင်းဆန်ခံခဲ့ရသဖြင့် ထွက်ခွာရန်အချိန်တန်ပြီဖြစ်သည်ဟု ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်တပ်အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး Timothy Keating က အမေရိကန်သံရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောခြင်းဖြစ်သည်။

အမေရိကန်ရေတပ်မှ USS Essex စစ်သင်္ဘောများ မနက်ဖြန်တွင် ထွက်ခွာမည်ဖြစ်ပြီ့း  ၀န်ချိန် အများအပြားတင်ဆောင်နိုင်သည့် ရဟတ်ယာဉ်များကိုမူ ကယ်ဆယ်ရေးလုပ်ငန်းတွင် အကူအညီ ပေးရန် ထိုင်းနိုင်ငံ၌ ထားခဲ့ဦးမည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး Timothy Keating က “ကျနော် ၀မ်းနည်းတာရော၊ စိတ်ပျက်တာရော (၂) မျိုးစလုံး ခံစားရပါတယ်။ ကျနော်တို့ဟာ ရာနဲ့ ထောင်နဲ့ချီတဲ့လူတွေ ဒုက္ခခံစားနေရတာကို သက်သာရာ ရအောင် ကူညီနိုင်တဲ့အနေအထား ရှိပါတယ်။ ပြီးတော့ နောက်ထပ် အသက်ဆုံးရှုံးရမှုတွေ လျော့နည်းသွားအောင် အကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရဲ့ မငဲ့ညှာမှုကြောင့် ကူညီခွင့်မရခဲ့ပါဘူး” ဟု ပြောသည်။

အမေရိကန်စစ်သင်္ဘော (၄) စီးသည် ပြီးခဲ့သည့် မေ (၁၃) ရက်ကတည်းက မြန်မာရေပိုင်နက် အနီး၌ လေဘေးဒုက္ခသည်များကို ကူညီရန် အသင့်စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သင်္ဘောများပေါ် တွင် ရဟတ်ယာဉ် (၁၄) စီး၊ မရိန်းတပ်သား (၁,၀၀၀)၊ ရေနှင့် ရေသန့်စင် ကိရိယာများအပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည်။

အမေရိကန် စစ်သင်္ဘောများကို မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုသော်လည်း လေကြောင်းမှ ပေးပို့သည့် အမေရိကန်၏ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်များကိုမူ လက်ခံခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်စစ်သင်္ဘောတစီးလည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပေးသဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂသို့ လွှဲပြောင်းပေးအပ်ခဲ့ရသည်။

မုန်တိုင်းဘေးကယ်ဆယ်ရေးအတွက် နိုင်ငံခြားမှ စစ်ရေးအကူအညီကို မြန်မာအစိုးရက ငြင်းပယ် ခြင်းသည် ကျူးကျော်ခံရမည်ကို စိုးရိမ်၍ဖြစ်ကြောင်း ဘန်ကောက်မြို့သို့ အလည်အပတ် ရောက်ရှိ နေသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် စမတ်စွန် ထရာဝေ့ခ်ျက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ။

0 Comments:

blogger templates | Make Money Online