Thursday, June 26, 2008

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ရှေ့နေ (၃) ဦး လာဘ်ထိုးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ



Bangkok Post / ၂၆ ဇွန် ၂၀၀၈

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ရှေ့နေ ဖိချစ် ချွမ်ဘန် အား ဘန်ကောက်အထူး ထောင်သို့ ခေါ်ဆောင်သွားစဉ်


ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နာဝါထရာ၏ ဥပဒေအကျိုးဆောင်အဖွဲ့မှ အရေးပါသော ရှေ့နေ (၃) ဦးအား ဘတ်ငွေ (၂) သန်း လာဘ်ထိုးမှုဖြင့် ထိုင်း တရားရုံးချုပ်က ယမန်နေ့တွင် ထောင်ဒဏ် (၆) လစီ အပြစ်ပေးလိုက်သည်။

ယင်းအဖွဲ့ခေါင်းဆောင် ဖိချစ် ချွန်ဘန်၊ ၎င်း၏ လက် ထောက် ဆူပါစရီ ဆရီစရတ်နှင့် အဖွဲ့ဆက်စပ်ရေးမှူး ထာနာတန်စီရီတို့အား အပြစ်ရှိကြောင်း တရားသူကြီး
(၃) ဦးပါအဖွဲ့က ဆုံးဖြတ်ခြင်းဖြစ်သည်။
အဆိုပါ (၃) ဦးပါ တရားသူကြီးအဖွဲ့ကို တရားရုံးချုပ် ဒု-ဥက္ကဋ္ဌ မွန်ခိုး ထပ်ထီးရန်းက ဦးဆောင်ခြင်း ဖြစ်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်တွင်“တရားရုံးချုပ်က ပြင်းထန်သည့် အပြစ်ပေးမှုကို ချမှတ်ခဲ့ခြင်း ဖြစ်ပြီး တဦးစီကို ထောင်ဒဏ် (၆) လစီ ချမှတ်လိုက်သည်” ဟု ပါရှိသည်။

မစ္စတာတပ်ဆင်နှင့် ဇနီး ပွတ်ဂျမန်တို့ (၂) ဦး ပြည်ပခရီးစဉ်တခုမှ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သတင်းပို့ရန် တရားခံရှေ့နေ မစ္စတာဖိချစ်နှင့် ၎င်း၏အဖွဲ့သည် ယခုလ (၁၀) ရက်နေ့တွင် တရားရုံး ချုပ်သို့ ရောက်ရှိခဲ့ကြကြောင်း အမှုစီရင်သည့် တရားသူကြီး (၃) ဦးက ပြောသည်။

အဆိုပါနေ့၌ပင် မစ္စတာတပ်ဆင်၏ဇနီးနှင့် ဆွေမျိုးတော်စပ်သူ အဖွဲ့ဆက်စပ်ရေးမှူး ထာနာက တရားရုံးချုပ်၏ နိုင်ငံရေး ရာဇ၀တ်မှုဆိုင်ရာဌာနခွဲမှ အရာရှိ ထီတီပွန် ချွမ်ပူးနတ်ကို မုန့်ပုံးအတွင်း ဘတ်ငွေ (၂) သန်းထည့်၍ လာဘ်ငွေအဖြစ်ပေးခဲ့ကြောင်း တရားသူကြီးများက ပြောသည်။

အဆိုပါအမှုအတွက် စုံစမ်းဆစ်ဆေးမှုများပြုလုပ်စဉ် မစ္စတာ ထာနာက ၎င်းအနေဖြင့် အဆိုပါ အရာရှိအား ပုံးမှားပေးခဲ့မိခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပြီး ဖိချစ်နှင့် ဆူပါစရီတို့ကမူ အမှုတွင် ၎င်းတို့ မပါဝင်ကြောင်း ငြင်းဆိုခဲ့သည်။

မစ္စတာထာနာသည် ယမန်နေ့က ပြုလုပ်သော တရားရုံး စီရင်ချက်ချရာသို့ ကျန်းမာရေး အကြောင်း ပြ၍ တက်ရောက်ခြင်းမရှိသော်လည်း တရားရုံးက ၎င်းအတွက် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဖိချစ်နှင့် ဆူပါစရီတို့နှစ်ဦးကိုမူ အာမခံမပေးဘဲ ဘန်ကောက် အထူးထောင်သို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။

0 Comments:

blogger templates | Make Money Online