Monday, June 30, 2008

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ ဆန္ဒပြ




၃၀ ဇွန် ၂၀၀၈

မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။

ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။

ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။

မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ
မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။ ။

0 Comments:

blogger templates | Make Money Online