မုန်တိုင်းဒဏ်ခံခဲ့ရသည့် တောကျောင်းရွာမှ ကလေးများ (ဓာတ်ပုံ - ဧရာဝတီ)
ကိုလေးနားမှာ ကလေးတွေဝိုင်းနေကြသည်။ အရွယ်အားဖြင့် ၄ နှစ်၊ ၅ နှစ်မှ ၁၀ နှစ်၊ ၁၁ နှစ်ခန့် ကလေး အယောက် ၂၀ ခန့်ရှိမည်။ သူ့ဆီမှာ ရန်ကုန်က ဝယ်လာသည့် ပလတ်စတစ် ဘောလုံးလေးတွေ တော်တော်များများ ပါလာသည်။ သို့သော် လည်း တယောက်တလုံး ဝေပေးရလောက်အောင်တော့ မလောက်ငလှ။
“ကဲ ပင်နယ်တီကန်ကြမယ်။ ဝင်အောင်ကန်နိုင်တဲ့သူကို ဘောလုံး တလုံး ဆုချမယ်” ဟု ကိုလေးက ပြောလိုက်ရာ ကလေး များ ဝမ်းသာအားရ ထခုန်ကြသည်။ ပင်နယ်တီကန်ပြီး ပြောထားသည့်အတိုင်း ကိုလေးက ဆုချလိုက်သည်။ ထို့နောက် ကစားနည်း နောက်တမျိုး ပြောင်းပြန်သည်။ ဒီတခါတော့ သူတို့ ပစ္စည်း ရှာဖွေတမ်းကစားဖြစ်သည်။
“ပုရွက်ဆိတ် အနီတကောင် ရှာပေးပါ။ အရင်ရှာနိုင်တဲ့သူ ဘောလုံးရမယ်” ဟု ကိုလေးက ပြောလိုက်ရာ ကလေးများ ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။
ကွမ်းခြံကုန်း မြို့နယ်ထဲက တောကျောင်းဆိုသော ရွာကလေးမှာ ကိုလေးတို့အဖွဲ့ ရောက်ရှိနေကြခြင်း ဖြစ်၏။ ကိုလေးတို့ အဖွဲ့ထဲမှာ ဆရာဝန် ၃ ဦးနှင့် ကူညီပေးမည့်သူက သူအပါအဝင် ၅ ဦး စုစုပေါင်း ၈ ဦး ပါဝင်သည်။ ကိုလေးက ကားနှင့် လူစိုက်သည်။ ကိုလေး၏ မူရင်းအလုပ်က ဧည့်လမ်းညွှန်။ ခုတော့ သူငယ်ချင်း ဆရာဝန်များက နာဂစ် မုန်တိုင်း ဒဏ်ခံခဲ့ ရသည့် ဒေသများတွင် အခမဲ့လိုက်လံ ဆေးကုသပေးချင်သည် ဆိုသဖြင့် သူ့ကားကို သူကိုယ်တိုင်မောင်းကာ လိုက်ပို့ ခဲ့ခြင်းဖြစ်သည်။
“ခုအချိန်က တကယ်ဆို စပိန်တွေ၊ အီတလီတွေ အလာများတဲ့ အချိန်ပေါ့။ ကျနော်နဲ့ ကြိုချိတ်ထားပြီးသား ဧည့်သည်တွေ ဘယ်သူမှ မလာဖြစ်တော့ဘူး။ အလုပ်လည်း အားနေတဲ့ အတူတူ သူငယ်ချင်းတွေကို ကူညီရင်း လုပ်အားအလှူ ပါဝင်တာပါ” ဟု ကိုလေးက ကျမကိုပြောပြသည်။
တောကျောင်း ရွာကလေးက မူလတန်းကျောင်းကလေးမှာ သူ့သူငယ်ချင်း ဆရာဝန်များက လူနာများကို ကြည့်ရှုပေးနေစဉ် သူက ကလေးထိန်းပေးနေခြင်းဖြစ်သည်။
“ကလေးလေးတွေက မှိုင်နေကြတာဗျ။ တချို့ကြောင်တောင်တောင်လေးတွေ ဖြစ်နေတာ။ ကျနော်နဲ့ ကစားရင်း သူတို့ တော်တော် ပျော်သွားကြတယ်။ တဘက်တလမ်းက သူတို့ စိတ်ဒဏ်ရာတွေကို ဝိုင်းကုစားပေးတာပေါ့ဗျာ” ဟု ကိုလေးက ဆက်ပြောသည်။
ကိုလေးတို့အဖွဲ့တွင် ပါဝင်သော လူငယ်ဆရာဝန်လေးတဦးက မုန်တိုင်းဒဏ်ခံရသော ဒေသများမှ ကလေးများတချို့မှာ စိတ်ဓာတ်များ ကြမ်းတမ်းနေပြီး တချို့မှာ မှိုင်တွေနေ သည်ကို တွေ့ရသည်ဟုဆိုသည်။ ပုံမှန်စိတ်အခြေအနေ ရှိသည့် ကလေးများကို မတွေ့ရ သလောက်ဖြစ်ကြောင်း ပြောပြသည်။
“ကိုလေးက ခုလိုကလေးတွေနဲ့ နေပေးတာလည်း တော်တော်ထိရောက်တယ်ဗျ။ သူတို့လေးတွေကို စိတ်ပိုင်းဆိုင်ရာ ဝိုင်းကုပေးနေသလိုပဲ။ ပထမတခေါက် ကျနော်တို့ သွားတုန်းကဆို ကလေးတွေက တော်တော် ဆိုးသလိုဖြစ်နေတာ။ ဆေးကောင်းကောင်း ကုလို့ မရခဲ့ဘူး” ဟု သူကဆက်ပြောသည်။
အဲဒီရွာမှာ လူနာတွေကြည့်၍ လိုအပ်သည့် ဆေးဝါးများပေးခဲ့ပြီးတော့ နောက်တရွာသို့ ကူးခဲ့ကြသည်။ သူတို့ ဖျာပုံဘက်က ရွာများကို သွားဖြစ်သည်တဲ့။
ဂွေးချောင်းဆိုသည့်ရွာမှာ အရင်က အိမ်ခြေ ၁၂၀ ရှိသည်။ မုန်တိုင်းကြောင့် လူ ၁၀၇ ဦး သေဆုံးခဲ့သည်။ သူတို့အဖွဲ့က ရွာတရွာရောက်သည်နှင့် စပီကာနှင့်အော်သည်။ တနေရာ တွင်စုရပ်လုပ်ကာ ဆေးကုပေးရန်ဖြစ်သည်။ လာနိုင်သည့်သူ များက ရောက်လာကြသည်။ မလာနို်င်သူများကို ကိုလေးက လိုက်လံခေါ်ဆောင်ပေးသည်။
“ဂွေးချောင်းမှာ မုန်တိုင်းဖြစ်စက လူ ၉၀ ကျော် သေတယ်။ နောက်ပိုင်း ရောဂါနဲ့ ထပ်သေ ကြတာနဲ့ ၁၀၇ ယောက် ဖြစ်သွားတာ” ဟု ကိုလေးကပြောသည်။
အများစုမှာ နမိုးနီးယားခေါ် အဆုတ်ပွဝေဒနာ ခံစားနေရပြီး ထိခိုက်ဒဏ်ရာများကြောင့် မေးခိုင်ပိုးဝင် သေဆုံးခြင်းများ၊ ဝမ်းဖောဝမ်းရောင် ဖြစ်နေသူများ ရှိသည်ဟု ဆိုသည်။ ထိုရွာသို့ ကိုလေးတို့ မရောက်ခင်ကပင် အမျိုးသမီးတဦး မေးခိုင်ပိုး ဝင်ကာ သေဆုံးသွားခဲ့ ကြောင်း ကိုလေးက ပြောပြသည်။
“တော်တော်များများမှာ ထိခိုက်ရှနာ ဒဏ်ရာတွေရှိတယ်။ အိုးကွဲ ပုလင်းကွဲတွေက အများကြီးဆိုတော့ ကျနော်တို့တောင် တော်တော် ရှောင်ရှားသွားနေရတာ။ တချို့ ကလေးတွေဆို အနာကြီးတွေ ရင်းပြီး အဖျားဝင်နေကြတယ်” ဟု ဆရာဝန် လူငယ် လေးက ပြောသည်။ နမိုးနီးယား ဖြစ်သူတို့မှာလည်း ရေလှိုင်းတက်လာစဉ်က အဆုတ်ထဲ ရေဝင်ခဲ့သော ကြောင့်ဖြစ်သည်ဟု ဆိုသည်။
မေးခိုင်ကာကွယ်ဆေးကို အများဆုံး ထိုးပေးခဲ့ရကြောင်း ထိုဆရာဝန်က ဆက်ပြောသည်။ သူ၏ အဆိုအရ အသက် ၆၀ ဝန်းကျင် လူကြီး အတော်များများမှာ သွေးတိုး နေကြသည်တဲ့။ ငါးပိ၊ ငါးခြောက်များဖြင့်သာ စားနေရသောကြောင့် ဖြစ်သည်ဟု သူက ဆက်ပြောပြသည်။
“ကျနော်တို့ ဆရာဝန်တွေက ငါးပိ၊ ငါးခြောက် မစားပါနဲ့ ပြောတော့ ဝိုင်းရယ်ကြတယ်။ သူတို့မှာ ဒါပဲရှိတာကိုးဗျာ။ လူကြီး ဆိုတော့လည်း ဘာမှမရှိတဲ့အချိန်မှာ အငန်ဓာတ် ကလေးနဲ့မှ ထမင်းစားဝင်တာပေါ့” ဟု ဆရာဝန်လေးက ပြောပြသည်။
အဲဒီကနေ တဆင့် ကံစုရွာသို့ ရောက်သည်။ ကံစုရွာမှာလည်း ထုံးစံအတိုင်း ဆေးကုပေးပြီးတော့ သောကြာ ရွာသို့ ဆက်သည်။ အဲဒီရွာမှာက ဆေးမှူးတယောက် ရှိသည်ဆိုတော့ သူတို့ မဝင်တော့ဘဲ ခရီးဆက်ခဲ့ကြသည်။
နောက်တပတ်ကျရင်တော့ ဒီထက်အင်အားတောင့်မည်ဟု ကိုလေးကပြောသည်။ ဆရာဝန်အင်အားကော ကူညီမည့် လူအင်အားပါ ထပ်ဖြည့်သွားကြမည်တဲ့။
အဲဒီဘက်က ရွာတွေက ချမ်းသာသူတွေများတော့ အိမ်ကြီးအိမ်ကောင်းတွေ မပြိုဘဲ ကျန်နေတာရှိသည်။ အဲဒီအိမ်တွေကို နည်းနည်းပါးပါးပြင်ပြီး စုပေါင်းနေထိုင်ကြကြောင်း ကိုလေးကပြောသည်။
တတ်နိုင်သလောက် အစုအဖွဲ့ကလေးများ ဖွဲ့ကာ ကူညီနေကြသူများ များစွာရှိနေပါသည်။ သို့သော်လည်း မုန်တိုင်းဝင်ခဲ့ပြီး နောက်ပိုင်း အချိန်ကြာလာသည်နှင့်အမျှ ကူညီနိုင်သည့် အင်အားများ ယုတ်လျော့လာခဲ့ပြီ။ ငွေအား၊ လူအား၊ အချိန် စသည်ဖြင့် အင်နှင့် အားနှင့် ပေးနိုင်ဖို့ဆိုသည်မှာ ပေးသည့်သူဘက်မှလည်း ထိုအင်အားများရှိနေဖို့ လိုအပ်ပါသည်။
ကိုလေးကတော့ သူတို့၏ ဧည့်လမ်းညွှန်လုပ်ငန်းများ ပြန်မစမချင်း တတ်နိုင်သလောက် ပါဝင်မည်ဟု ကျမကိုပြောပြသည်။ ဘယ်အတိုင်းအတာအထိ ထိရောက်အောင် လုပ်နိုင်မည် ဆိုသည်ကိုတော့ သူမပြောတတ်ပါဟုဆိုသည်။ ခုထိတော့ သူတို့ကို ကူညီမည့် ဆေးဝါးဝယ်ရန် ငွေကြေးစိုက်ထုတ်ပေးသူ၊ ပညာအားဖြင့် ကူညီသူ၊ လုပ်အားဖြင့် ကူညီသူအနည်းငယ် ရှိနေပါသေးသည်။
လေစိမ်းဒဏ်ခံခဲ့ရသောကြောင့် အပြန်တွင် ကိုလေး အနည်းငယ် ဖျားလာသည်။ သို့သော်လည်း သူပျော်နေသည်။ သူက ဆရာဝန်မဟုတ်ပေမယ့် သူတတ်နိုင်သလောက်ကလေး ပါဝင်လိုက်ရတာကို ကျေနပ်သည်။
ကစားနည်းတခုအဖြစ် သူ့ကားနံပါတ်ကို ပေါင်းခိုင်းရာ ရလဒ်အမှန် ၂၁ ဟု သွက်သွက် လက်လက် ဖြေခဲ့သော ၁၀ နှစ် အရွယ် ကလေးမလေးကို သူက ဘောလုံးတလုံး ဆုချခဲ့သည်။ ဆုမရသူကလေးများက သူ့ကို “ကတုံးကြီး” ဟု အော်ဟစ် ထွက်ပြေးခဲ့ကြသော်လည်း သူစိတ်မဆိုးပါ။ နောက်တခေါက်အတွက် ကစားနည်း အသစ်များ စဉ်းစားရင်း ပို၍ပင် တက်ကြွ လန်းဆန်းနေသေးသည်။ ။
Thursday, June 12, 2008
နှမ်းတစေ့ကြောင့် ဆီမဖြစ်သော်ငြား
Posted by Sanghaalliance at 2:32 PM
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment