Thursday, June 5, 2008

အမေရိကန်သမ္မတလောင်းယှဉ်ပြိုင်မှု ဟစ်လာရီ ကလင်တန် တရားဝင်ကြေညာမည်

အမေရိကန်သမ္မတလောင်းယှဉ်ပြိုင်မှု
ဟစ်လာရီ ကလင်တန် တရားဝင်ကြေညာမည်
ABC/ BBC ၅ ဇွန် ၂၀၀၈
http://khitpyaing.org/news
အမေရိကန် ဒီမိုကရက်သမ္မတလောင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ နယူးယော့ခ်အမတ် ဟစ်လာရီ ကလင်တန်က ၎င်း၏ယှဉ်ပြိုင်ဘက် အီလီနွိုင်းအမတ် ဘားရက်အိုဘားမားအား ရှုံးနိမ့်ခဲ့ကြောင်း လာမည့်စနေနေ့၌ တရားဝင် ကြေညာမည်ဖြစ်သည်။

မစ္စကလင်တန်သည် ၎င်းအား ထောက်ခံသူများကို ကျေးဇူးတင်ကြောင်း၊ လွှတ်တော်အမတ် အိုဘားမားနှင့် ပါတီညီညွတ်ရေးကို ထောက်ခံကူညီသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားရန်
ဝါရှင်တန်ဒီစီ၌ ဒီမိုကရက်ပါတီအတွင်း အစီအစဉ်တခု ပြုလုပ်ရန်ရှိကြောင်း မစ္စကလင်တန်၏ ဆက်ဆံရေးဒါရိုက်တာ ဟာဝဒ်ဝေါ့ဖ်ဆန်က ယမန်နေ့ညတွင် ပြောသည်။

အစီအစဉ်အား မူလက မနက်ဖြန်တွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း မစ္စကလင်တန်ကို ထောက်ခံ သူများ ပိုမိုတက်ရောက်နိုင်ရန် အဆိုပါအစီအစဉ်အား လာမည့်စနေနေ့သို့ ရွှေ့လိုက်ခြင်းဖြစ်ကြောင်း မစ္စတာဝေါ့ဖ်ဆန်က ပြောသည်။

ယခုနှစ် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ၌ ရီပတ်ပလင်ကန် သမ္မတလောင်း အမတ် ဂျွန်မက်ကိန်းနှင့် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် သမ္မတလောင်းများအဖြစ် ယခုလ (၃) ရက်၌ နောက်ဆုံးယှဉ်ပြိုင်ရာ မစ္စတာအိုဘားမားသည် မစ္စကလင်တန်အား ဒါကိုတာ (တောင်ပိုင်း) ပြည်နယ်၌ ရှုံးနိမ့်ခဲ့သော်လည်း မွန်တာနာပြည်နယ်တွင် အနိုင်ရသည့် မဲနှင့်ပေါင်းလိုက်ပြီးနောက် ၎င်းအနိုင်ရကြောင်း ကြေညာနိုင် ခဲ့ခြင်းဖြစ်သည်။

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ရန် လိုအပ်သည့် ထောက်ခံမဲအရေအတွက်မှာ (၂,၁၁၈) ဖြစ်ပြီး မစ္စတာအိုဘားမားက (၂,၁၅၄) ရ၍ မစ္စကလင်တန်က (၁,၉၁၉) သာ ရခဲ့ခြင်းဖြစ်သည်။

မစ္စတာအိုဘားမားသည် ဒုတိယသမ္မတအဖြစ် ၎င်းနှင့်အတူ တွဲဖက်ယှဉ်ပြိုင်မည့်သူကို ရွေးချယ် နိုင်ရန်အတွက် သမ္မတဟောင်း ဂျွန်ကနေဒီ၏သမီး ကာရိုလိုင်းကနေဒီ၊ ဒု-နိုင်ငံတော်ရှေ့နေချုပ် ဟောင်း အီရစ်ဟိုဒါနှင့် ၂၀၀၄ ခု၌ ဂျွန်ကနေဒီအတွက် ဒုတိယသမ္မတ ရွေးချယ်ရာတွင် ပါဝင်ခဲ့သူ ဂျင်မ်ဂျွန်ဆန်တို့ ပါဝင်သည့် အဖွဲ့တခုကို ဖွဲ့စည်းပြီးကြောင်း ကြေညာသည်။

“အထက်လွှတ်တော်အမတ် အိုဘားမားဟာ ပင်ကိုယ်အစွမ်းအစ ရှိသူတွေဖြစ်တဲ့ (၃) ဦးပါအဖွဲ့နဲ့
ဒု-သမ္မတရွေးမယ့် လုပ်ငန်းကို အနီးကပ်လုပ်သွားမှာဖြစ်ပေမယ့် ဆုံးဖြတ်ချက်ကိုတော့ သူ့ဖာသာ ပြုလုပ်သွားမှာပါ” ဟု မစ္စတာအိုဘားမား၏ ပြောခွင့်ရသူ မစ္စတာဘင်လ်ဘာတန်က ပြောသည်။

အစောပိုင်းက မစ္စတာအိုဘားမားသည် မစ္စကလင်တန်အား ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပြီး မစ္စကလင်တန်အနေဖြင့် ဆန္ဒရှိပါက ၎င်း၏ အနာဂတ်အစိုးရအုပ်ချုပ်ရေးအဖွဲ့၌ တာဝန်ထမ်းဆောင် နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

မစ္စကလင်တန်ကလည်း ၎င်းအနေဖြင့် ဒု-သမ္မတလောင်းအဖြစ် တွဲဖက်ယှဉ်ပြိုင်ရန် မစ္စတာအို ဘားမား၏ ကမ်းလှမ်းချက်အား စဉ်းစားချက်တခုအဖြစ် ထားရှိကြောင်း ပြောကြားခဲ့သည်။ ။

0 Comments:

blogger templates | Make Money Online