Thursday, June 26, 2008

ကိုယ်မစည်းရုံးနိုင်ရင် ကိုယ်ခံ

(ကိုရင်ဒေါင်း)

၁၉၆၂ ခုနှစ်က စတွက်ရင် တိုင်းပြည်ကို စစ်အုပ်စုမင်းဆက် တဆက်ပြီးတဆက် ကြီးစိုးမင်းမူခဲ့တာ ၄၆ နှစ် တောင်ရှိနေပြီ။ လက်ရှိအနေအထားအတိုင်း နိုင်ငံရေးအင်အားစုတွေ ကျဲကျဲကွဲကွဲ မညီမညွတ်ဆက်သွား နေကြဦးမယ်ဆိုရင် နအဖစစ်အုပ်စုရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေအောက်မျာ ပြည်သူတွေနောက်ထပ် အနည်းဆုံးရာစုနှစ် တ၀တ်လောက် ဒုက္ခပင်လယ်ဝေကြရဦးမယ်လို့ ယူဆရတယ်။ တိုင်းပြည်ဟာလည်း အလုံးစုံ ပျက်စီးရေး နွံကြီးထဲမှာ တရိပ်ရိပ်နစ်သွားရမယ့် အနေအထားပဲ။
ဒီဆောင်းပါးမှာ ပြည်သူလူထုကြီးတရပ်လုံးက နည်းမျိုးစုံနဲ့ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက နအဖစစ် အာဏာရှင်စနစ် ဘာ့ကြောင့်သက်ဆိုးရှည်စေနိုင်တာမှာ အကြောင်းတရား အများအပြားရှိမှာ ဖြစ်ပေမယ့် စစ်အုပ်စုလက်တဆုတ်စာရဲ့ မတရားတဲ့အမိန့်တွေကို တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ)က မငြင်းဆန် နိုင် ဘဲ နာခံနေရတာဟာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။


စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးဟာ စစ်တပ်ဖြစ်တယ်။ စစ်အုပ်စုလက်တဆုတ်စာရဲ့ ပြည်သူအပေါ် ဖိနှိပ် သတ်ဖြတ်ရေးအမိန့်တွေကို တပ်မတော်က မနာခံတော့ဘူးဆိုရင် တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ) ရဲ့ အင်အားတ၀တ် ဒါမှမဟုတ် သုံးပုံတပုံလောက်ဖြစ်စေဦးတော့ စစ်အာဏာရှင်စနစ် ယိုင်ယဲ ပျက်စီးရမှာဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ပေါင်းမိပြီဆိုတာနဲ့ ဒီမိုကရေစီအရေးတော်ပုံလည်း အောင်ပွဲ ခံရမှာ သေချာတယ်။ ဒါဟာ သဘောတရားအရသာမဟုတ်ဘဲ လက်တွေ့အရလည်း အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါလျက် ဘာကြောင့် ဒီနေ့အထိဖြစ်မလာနိုင်သေးလဲလို့ မေးရင် နိုင်ငံရေးအင်အားစုတွေဟာ ယေဘူယျ ဆော်သြချက် (ဒါတောင် သိပ်တက်တက်ကြွကြွ လုပ်တာ မဟုတ်) လောက်သာလုပ်ပြီး တိကျတဲ့လက်တွေ့နဲ့ မပေါင်းစပ်ကြလို့ ဖြေရမှာပဲ။
တပ်မတော်ကို စစ်အုပ်စုလက်တဆုတ်စာရဲ့ အမိန့်ကိုဖီဆန်ပြီး ပြည်သူလူထုနဲ့ပူးပေါင်းလာအောင် စည်းရုံး လို့ ရနိုင်တယ်လို့ပြောတာဟာ အချက်အလက်မဲ့၊ အထောက်အထားမရှိ လေဖမ်းဒန်းစီးနေတာ မဟုတ်ဘူး။ ကိုယ်တိုင်က တပ်မတော်သားတဦးအဖြစ် (ပထစ နဲ့ တော်လှန်ရေးကောင်စီခေတ်မှာ) စစ်မှုထမ်းခဲ့ရတဲ့ လက်တွေ့ဘ၀ အတွေ့အကြုံ၊ တပ်တွင်းယူဂျီဘ၀နဲ့ ဗိုလ်နေ၀င်းစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ အတွေ့ အကြုံနဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ အရင်းခံစိတ်ဓာတ်တွေကို အနီးကပ် မြင်တွေ့ခဲ့ရတဲ့ အပေါ်ကပြောတာ။ စစ်မိန့်၊ စစ်စည်းကမ်းဆိုတဲ့ ဖိနှိပ်ချုပ်ချယ်နေတဲ့ သူတို့ဘ၀တွေကို သိမြင်လာရတဲ့အပေါ်ကနေ ပြောတာဖြစ်တယ်။
စစ်အုပ်စုလက်တဆုတ်စာနဲ့ သာမန်တပ်မတော် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးအကြားမှာ ကြီးမားတဲ့ အကျိုးစီးပွားခြားနားမှုရှိတယ်။ တပ်အပြင်လောကမှာဆိုရင်လည်း စစ်အုပ်စုရဲ့ မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းနဲ့ သာမန်အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြား ကြီးမားတဲ့ အကျိုးစီးပွား ခြားနားမှုရှိတယ်။ ဒီလို အကျိုးစီးပွားအရ မိုးနဲ့မြေလောက် ကွာခြားနေတဲ့ မတရား မှုကြီးကို တပ်မတော်သားအများစုကြီးက မသိလို့ ဒါမှမဟုတ် ကျေနပ်လို့ ငြိမ်ခံနေကြတာတော့မဟုတ်ဘူး။ အကျိုးအကြောင်း၊ အဆိုးအကောင်း ဘာကိုမှစဉ်းစားနိုင်စွမ်းမရှိတဲ့ ကြေးစားစစ်သား လူမိုက်အနည်းစုက လွဲပြီး အများစုကြီးဟာ သူတို့ရင်ဆိုင်ဖြတ်သန်းနေရတဲ့တပ်မတော်သားဘ၀ကို ကျေနပ်ကြတာ မဟုတ်ဘူး။ အားမတန်လို့ မာန်လျော့နေကြတာဖြစ်တယ်။ နိုင်ငံရေးအတွေးအခေါ်အရ၊ လက်တွေ့ စည်းရုံးရေးအရ သူတို့ကို ဦးဆောင်မှုပေးမယ့် ခေါင်းဆောင်မှုမရှိလို့ဖြစ်တယ်။
လက်ရှိကာလမှာ တပ်မတော်အတွက် မှန်ကန်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ လက်တွေ့ကျတဲ့ စည်းရုံး လှုပ်ရှားမှု မရှိမဖြစ်လိုအပ်နေတယ်။ အဖိနှိပ်ခံ ဘ၀တူ တပ်မတော်သားအချင်းချင်း ဘယ်လိုစုစည်းရမယ်။ လူထုတိုက်ပွဲနဲ့ မပူးပေါင်းဘဲ တပ်မတော်အတွင်း ဦးတည်ချက်ရှိရှိ၊ စီမံကိန်းရှိရှိ မစည်းရုံး မလှုပ်ရှား ကြသေးလို့ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် မစွမ်းဆောင် နိုင်ကြတာဖြစ်တယ်။
တပ်မတော်ကို ပြည်သူတွေနဲ့အတူ ရပ်တည်လာစေချင်ရင် ယေဘူယျ လှုံဆော်စည်းရုံးရုံနဲ့တော့ မရနိုင်ဘူး။ မှန်ကန်တဲ့ နိုင်ငံရေးမူ၊ ပေါ်လစီတွေအပေါ် အခြေခံပြီး လက်တွေ့ကျကျ အဆင်းရဲအပင်ပန်းခံ စည်းရုံး လှုပ်ရှားမှ ဖြစ်မယ်။ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် စည်းရုံးဖို့ နိုင်ငံရေး အင်အားစုမှန်သမျှမှာ တာဝန်ရှိတယ်။ တပ်မတော်ကို ကိုယ်က မစည်းရုံးနိုင်ရင် စစ်အုပ်စုက အမိန့်၊ စည်းကမ်းဆိုတာနဲ့ရော လိမ်ညာမှိုင်းတိုက်မှုနဲ့ပါ စည်းရုံးမှာပဲ။ ဒီလိုဆို တပ်မတော်တခုလုံး စစ်အုပ်စု လက်တဆုတ်စာ လက်အောက်က ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ လူထုဘ၀လည်း အလားတူဖြစ်မှာပဲ။
နိုင်ငံရေးအင်အားစုများအဖို့ တပ်မတော်ကို စည်းရုံးရေးဟာ လူထုစည်းရုံးရေး စစ်မျက်နှာတခုဖြစ်တယ်။ ဒီလို ပြောရတာက စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်နိုင် မတိုက်နိုင်၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲရ မရဆိုတာ တပ်မတော်အင်အားအများစုကြီး ပြည်သူလူထုဘက် ရပ်တည်၊ မရပ်တည်ဆိုတဲ့အချက်ပေါ်မှာ တည်နေလို့ပဲ။ တပ်မတော်ဆိုတာ လက်နက်ကိုင်ထားတဲ့ လူထုပဲ။ စစ်အုပ်စုနဲ့ တပ်မတော်ကို တတန်း တည်းထားစဉ်းစားတာ မမှန်ဘူး။
ကျနော်တို့တိုက်ဖျက်နေတာ တပ်မတော်ကိုမဟုတ်ဘူး။ တပ်မတော်ကိုသူတို့ လူတစုအကျိုးအတွက် အသုံး ချနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကိုသာ ဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးမှာ အခြား လူထု၊ လူတန်းစား၊ လူ့အလွှာတွေကို ပေါ်လစီချ စည်းရုံးသလို တပ်မတော် ကိုလည်း အခိုင်အမာထူးခြားချက်အရ ပေါ်လစီချ စည်းရုံးရမှာဖြစ်တယ်။ တပ်မတော်စည်းရုံးရေးကို တပါတီ၊ တသင်း၊ တဖွဲ့တည်းကလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူး။ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအင်အားစု အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ တပ်မတော်သားဘ၀ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ကြဖူးတဲ့၊ ဒီမိုကရေစီလိုလားတဲ့ တိုင်းချစ်၊ ပြည်ချစ် တပ်မှူး၊ တပ်သားဟောင်းတွေထဲက တရားမျှတမှုကို လိုလား သူတွေရဲ့ ပူုးပေါင်းကူညီမှုကို ရယူကြရမှာပဲ။
တပ်မတော်တွင်း ဘယ်လိုအခိုင်အမာ ထိုးဖောက်စည်းရုံးမလဲဆိုတာနဲ့ ပတ်သက်လို့ ကျနော်စဉ်းစားမိတဲ့ ယေဘူယျပုံကြမ်းတခုကို တင်ပြချင်တယ်။ စိတ်ဝင်စားသူတွေ စဉ်းစားနိုင်ဖို့ပါ။ တပ်မတော်တွင်းထိုးဖောက် စည်းရုံးနိုင်ရေးအတွက် သီးသန့် စည်းရုံးဖွဲ့စည်းမှု သဏ္ဍန်တခုရှိရမယ်။ ဥပမာ - မြန်မာနိုင်ငံလုံးဆိုင်ရာ တပ်မတော်အတွင်း ထိုးဖောက်စည်းရုံးရေးကော်မတီ ဆိုတာမျိုးဖြစ်တယ်။ အဲဒီကော်မတီမှာ ဖွဲ့စည်းမှု ဆိုင်ရာ စည်းမျဉ်းရှိရမယ်။ လုပ်ငန်းစဉ်ရှိရမယ်။ လုပ်ငန်းလမ်းညွှန် ပေါ်လစီရှိရမယ်။ ရေတို၊ ရေရှည် စီမံကိန်းရှိရမယ်။ ကြည်း၊ ရေ၊ လေ ယူနစ်အလိုက် တာဝန်ခွဲဝေမှုမျိုး ရှိရမယ်။ ယူဂျီစနစ်ကျင့်သုံးရမယ်။ ယူဂျီလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများရှိရမယ်။ ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖွဲ့စည်းမှုစနစ် ရှိရမယ်။ မိမိတပ်တွင်း ယူဂျီများ အရေးကြုံလာက ရန်သူ့လက်မကျရေးအတွက် ထွက်ပေါက်လမ်းကြောင်း များ ဖောက်လုပ်ထားရေး စတာတွေ အခိုင်အမာ ပြင်ဆင်ရမယ်။
တပ်မတော်အတွင်း လျှို့ဝှက်ထိုးဖောက်စည်းရုံးရေးကို အထောက်အကူပြုနိုင်ဖို့ ဗြောင်လုပ်ငန်း ယေဘူယျ လှုံ့ဆောင်စည်းရုံးမှုနဲ့ ပေါင်းစပ်ရမယ်။ သတင်းစာ၊ ဂျာနယ်၊ အထူးသဖြင့် အသံလွှင့်ဌာနများရဲ့ အကူအညီ ကို ဖြစ်နိုင်သမျှရယူပြီး တပ်မတော်တွင်း နိုင်ငံပညာပေးရေးကို အလေးထားလုပ်ရမယ်။
တပ်ပြင်ရောက် စစ်ပြန်၊ စစ်မှုထမ်းတွေထဲက တရားမျှတမှုကို လိုလားတဲ့ စစ်မှုထမ်းဟောင်းတွေ၊ တာဝန် ထမ်းဆောင်ဆဲ စစ်မှုထမ်းတွေရဲ့ မိဘ၊ ညီအကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေကို စနစ်တကျ ဦးတည် ချက်ရှိရှိ ချဉ်းကပ်ရေး၊ သူတို့ကတဆင့် တပ်တွင်းသို့ ထိုးဖောက်ရေးဖြစ်တယ်။ ဒီနည်းနဲ့ ကြည်း၊ ရေ၊ လေ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအတွင်း ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖြန့်ကျက်တည်ဆောက်နိုင်ရေး ဖြစ်တယ်။
အတွေ့အကြုံအရ တပ်ရင်းတရင်းမှာ ငွေကြေးအရ အခစားလုပ်စားတဲ့ ကြေးစားယူဂျီမဟုတ်ဘဲ နိုင်ငံရေး အတွေးအခေါ်အရ ကိုယ်ပိုင်နိုးကြားမှုနဲ့လုပ်တဲ့ ဒီမိုကရေစီအမာခံ ယူဂျီတယောက်ရပြီဆိုရင် အဲဒါဟာ မဟာအောင်မြင်မှုပဲ။ အဲဒီအမာခံကတဆင့် တစက်က တမျက်နှာ ဖွံ့ဖြိုးယူဖို့မခက်တော့ဘူး။ အဲဒါ ကိုယ်တွေ့ပဲ။ အရေးကြီးတာက အဲဒီလို အမာခံယူဂျီတွေကို ရေရှည်မြှပ်နှံထားဖို့ပဲ။ ဖော်ပြပါအချက်တွေဟာ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေးနဲ့ပတ်သက်လို့ စဉ်းစားနိုင်အောင် အကြမ်းဖျမ်း တင်ပြချက် သာဖြစ်တယ်။ တကယ်လက်တွေ့မှာ စုပေါင်းစဉ်းစားကြရင် ကျယ်လည်း ကျယ်ပြန့်၊ လက်တွေ့လည်းကျပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်စနစ်တွေရလာမှာသာ ဖြစ်တယ်။ လက်တွေ့လုပ်ရင်လည်း လုပ်နိုင်သလောက် အောင်မြင်မှာပဲ။
နိုင်ငံတကာအကူအညီတွေကိုယူပြီး လူမှုရေးဆန်ဆန် အသင်းတွေကိုတောင် လုပ်နိုင်ကြသေးတာပဲ။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲခံရေးအတွက် တိုက်ရိုက်ဆက်စပ် ပတ်သက်နေတဲ့ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေး မြေအောက်လုပ်ငန်းမျိုးကို ဘာ့ကြောင့် မလုပ်နိုင် ကြတာလဲ။ ဘာ့ကြောင့် တာဝန်ပျက်ကွက်နေကြတာလဲ။
ပြည်တွင်းရှိ ရဲဘော်တယောက်ကတဆင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတချို့ရဲ့စကားကို ပြန်ကြားရတာရှိတယ်။ `နိုင်ငံရေးပါတီတွေက တပ်မတော်သားတွေကိုမှ မစည်းရုံးကြဘဲ။ တပ်မတော်သား အများစုကလည်း လက်ရှိအခြေအနေကို ပြောင်းလဲချင်နေကြတာ။ အားကိုးလောက်တဲ့ ခေါင်းဆောင်မှုသာ တို့ကို ခေါင်းဆောင်ရင် တို့လဲ လုပ်ရဲပါတယ်´တဲ့။ စစ်အုပ်စုကတော့ တပ်မတော်ကို အမိန့်ပေးစေခိုင်းပြီး ပြည်သူတွေကို ဆက်လက်သတ်ဖြတ် ဒုက္ခပေးနေဦးမှာပဲ။ ကိုယ်က တပ်မတော်ကို မစည်းရုံးနိုင်ရင် ကိုယ်ပဲ နာဖို့ရှိတယ်။

ကိုရင်ဒေါင်း
ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၆)

0 Comments:

blogger templates | Make Money Online