Tuesday, June 24, 2008

၈ ၈ - အနှစ် ၂၀

မောင်ရစ်
ဇွန် ၂၃၊ ၂၀၀၈

၂၀၀၇ သြဂုတ်လက ၈၈ အရေးတော်ပုံ ၁၉ နှစ်ပြည့်ခဲ့တယ်။ အဲဒီတုန်းမှာ ပြည်တွင်းက ၈၈ မျိုးဆက်ကျောင်းသားများ ထောင်ထဲက ၁၀ နှစ်ကျော် အကျဉ်းကျနေရာက တစတစ အပြင်ရောက်လာကြပြီးနောက် တစုတဝေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေ လူငယ်တွေနဲ့ လက်တွဲလို့ "၈ လေးလုံး ၁၉ နှစ် ဆွမ်းကျွေး" ကျင်းပခဲ့ကြပါတယ်။

ဘုန်းကြီးကျောင်းက ရတနာသိပ္ပံကျောင်းတိုက်၊ အခုအချိန်မှာ စစ်အစိုးရက ကျောင်းထိုင်ဆရာတော် ပျံလွန်ချိန်မှာ အာဏာသုံးပြီး စစ်တပ်က သိမ်းပိုက်လိုက်တဲ့ ကျောင်းပေါ့။

အခု ကျောင်းကြီးလည်း မရှိတော့ဘူး၊ အပိတ်ခံလိုက်ရပြီ။ အခု အဲဒီက ကျောင်းသားတွေ၊ လူငယ်တွေ တော်တော်များများ မရှိတော့ဘူး။ မတရားအဖမ်းခံထားရပြီ။ ၂၀၀၇ သြဂုတ်မှာ လောင်စာဆီသပိတ် ဖြစ်ခဲ့တယ်။ သူတို့တွေကို စစ်အစိုးရက ဖမ်းတယ်။ သားတကွဲ၊ အမိတကွဲဖြစ်အောင် ဖိနှိပ်ခဲ့တယ်။

၂၀၀၇ သြဂုတ်ကတည်းက တိုင်းပြည်ကြီး အတောမသတ်တဲ့ အရေးအခင်းတွေ နေ့၊ ည ဆက်ခဲ့ရပါပြီ။ ၂၀၀၇ စက်တင်ဘာ သံဃာသပိတ် အရေးတော်ပုံ၊ ၂၀၀၈ မေလ နာဂစ်ကပ်ဘေး အရေးအခင်း။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုများ …

၂၀၀၇ သြဂုတ် ၈ က ရှစ်လေးလုံး ၁၉ နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့စဉ်က မှတ်တမ်းရုပ်ရှင်ကို ပြန်ကြည့်မိပါတယ်။

သူတို့တွေ တော်တော်များများ ပြင်ပမှာ လွတ်လပ်စွာ မရှိတော့ပါ။ သူတို့ရဲ့ ရဲရင့်တဲ့ အရုပ်၊ အသံ၊ ရုပ်ပုံလွှာတွေကို အဲဒီမှတ်တမ်းမှာ တွေ့ရတယ်။

၁၉၈၈ ကတည်းက အိမ်တွေ၊ ကျောင်းတွေ၊ မိဘရင်ခွင်တွေကနေ လမ်းတွေပေါ် ထွက်လာပြီး ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေအတွက် အမှန်တရားကို ကာကွယ်ဖို့၊ မြှင့်တင်ဖို့၊ စောင့်ရှောက်ဖို့ အသက်တွေ ပေး၊ ဘ၀တွေ ပေးခဲ့ကြတဲ့ ၈၈ သူရဲကောင်းတွေ၊ သူတို့မိသားစုတွေကို အဲဒီရုပ်ရှင်မှတ်တမ်းလေးကို ပြန်လည်ကြည့်ရှုခံစားရင်း အလေးပြုလိုက်ပါတယ်။ ။

0 Comments:

blogger templates | Make Money Online