Monday, August 31, 2009

ရွှေပြည်မြန်မာ မျှော်တိုင်းဝေး

ရဲသွေး

မြန်မာစစ်အုပ်စုအနေနဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် နေအိမ် အကျယ်ချုပ် (၁၈) လ ထပ်မံချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန် ပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့အတွက် ပြောင်းသာပြင်သာတဲ့နည်းတွေကို အသုံးပြုပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ဖော်ပြနိုင်ဖို့ ကောင်းမွန်တဲ့အခွင့်အရေးတရပ်ကို ရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ (၁၄) ရက်နေ့က ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ရဲ့ အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အဲဒီအခွင့်အရေးကို နအဖက မိမိရရ အသုံးချနိုင်ခဲ့တာပါ။

ခွင့်ပြုချက်မရဘဲ ရေထဲဆင်းခဲ့တဲ့ မစ္စတာယက်တောနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအပေါ်မှာ အမေရိကန် အပါအဝင် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေကို လျှော့ပါးစေဖို့ စစ်အစိုးရက အရေးကြီးတဲ့ အဆင့် (၂) ဆင့်ခွဲပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။ ပထမအချက်ကတော့ မစ္စတာယက်တောကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၇)နှစ် ကျခံစေပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမေရိကားကို ပြန်ပို့ပေးဖို့ သဘောတူ ခဲ့တဲ့ ကိစ္စပါ။ ဒုတိယအနေနဲ့ကတော့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ကို ဗိုလ်သန်းရွှေနဲ့ရော ဒေါ်စုနဲ့ပါ တွေ့ဆုံခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုဆင် ဆက်လက်ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချထားဖို့ စစ်အစိုးရရဲ့ အသုံးပြုခံရတဲ့ မစ္စတာယက်တောကို သြဂုတ်လ (၁၁) ရက်နေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၇) နှစ် အမိန့် ချပြီးမှ ပြန်လွှတ်ပေးလိုက်တာဟာ လူသားချင်းစာနာမှုနဲ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတလှမ်းဖြစ်ကြောင်း နိုင်ငံတကာနဲ့ပြည်သူကို ဝါဒဖြန့်ပြီး နိုင်ငံရေးအမြတ်ထုတ်နိုင်ခဲ့ပါတယ်။

တကယ်တမ်းမှာတော့ စစ်အုပ်စုခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကိုသာ ကြောက်ရွံ့ကြတာဖြစ်ပြီး မစ္စတာယက်တောကိုတော့ စာရင်းထဲတောင် မထည့်ကြပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရွေးချယ်မခံနိုင်အောင် ဖယ်ထုတ်ထားနိုင်ဖို့အတွက် မစ္စတာယက်တောနဲ့ ပတ်သက်တဲ့ အမှုကိစ္စဟာ လုံလောက်တဲ့ အကြောင်းပြချက်တခု ဖြစ်ပါတယ်။

လွှတ်တော်အမတ် ဂျင်ဝက်ရဲ့ အရှေ့တောင်အာရှရေးရာ မူဝါဒကို မြန်မာစစ်အုပ်စု ခေါင်းဆောင်တွေ ကောင်းကောင်း သဘောပေါက်ကြပါတယ်။ အိုဘားမားအစိုးရရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ရှုမြင်သုံးသပ်ချက်တွေ အရလည်း ဂျင်ဝက်က မြန်မာစစ်အုပ်စုနဲ့ ဒီကိစ္စမှာ စေ့စပ်ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အကျေအလည် ပြောဆိုဆွေးနွေးနိုင်ခဲ့တဲ့ ဂျင်ဝက်ဟာ အမေရိကန် အိမ်ဖြူတော်က တရားဝင်စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တယောက် မဟုတ်ပေမယ့်လည်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြားဆက်ဆံရေးဆပ်ကော်မတီမှာ ဥက္ကဌ တယောက် ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၁၉၈၈ ကစပြီး ဒီနေ့အထိ မြန်မာစစ်အုပ်စုအပေါ်မှာ အမျိုးမျိုး ဝေဖန် ပြစ်တင် လာခဲ့ပါတယ်။ မြန်မာစစ်အုပ်စုအနေနဲ့ကလည်း ဝါရှင်တန်ရဲ့သြဇာဖြန့်ကျက်မှုအပေါ်မှာ တစိတ်တပိုင်း အားဖြင့် စိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရဲ့ တနိုင်ငံတည်းသော ကမ္ဘာ့ အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နိုင်မှုနဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို ထည့်တွက်မိလို့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း အမေရိကန် သမ္မတလောင်းအိုဘားမားက နောက်ဆုံးအဆင့် ရွေးကောက်ပွဲမှာ အနိုင်ရ ပြီးတဲ့အခါ မြန်မာစစ်အုပ်စုခေါင်းဆောင်က ကြိုဆိုထောက်ခံခဲ့တာဟာ အများသူငါအတွက်တော့ အံအားသင့် စရာ အချက်တချက်ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားရဲ့ (၄၄) ဆက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာလည်း ဗိုလ်သန်းရွှေက ထပ်မံပြီး ကြိုဆိုခဲ့ပြန်ပါသေးတယ်။ ပထမဆုံး အမေရိကန် လူမည်းသမ္မတ မစ္စတာ အိုဘားမား ရဲ့ စည်းရုံးလှုံ့ဆော်ဟောပြောပွဲတွေမှာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒတွေအရ လက်တွေ့ကျတဲ့ သံတမန် ဆက်ဆံရေး အခင်းအကျင်း ကဏ္ဍသစ်တခု ဖွင့်လှစ်နိုင်လိမ့်မယ်လို့လည်း ဗိုလ်သန်းရွှေက အကောင်း မြင်ခဲ့ပုံ ပေါ်ပါတယ်။

အဲဒီတပြိုင်နက်တည်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကိစ္စပေါ်တဲ့အခါတိုင်း တရုတ်နဲ့ရုရှကို မြန်မာဘက်ပါအောင် ဆွဲဆောင်စည်းရုံးထားနိုင်သမျှကာလပတ်လုံး ဆုံးဖြတ်ချက်တွေ အရာမထင်နိုင်တာ ကိုလည်း ကောင်းကောင်း နားလည်ထားပါတယ်။

ဝါရှင်တန်အနေနဲ့ နေပြည်တော်ကို တဖက်သတ်အစီအစဉ်တွေ ချမှတ်ပြီး စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ် မရှိပေမယ့်လည်းပဲ အထူးသဖြင့် အမေရိကန်ရဲ့ အီရတ်အပေါ် ကျူးကျော်စစ်ပွဲကို တွေမြင်လိုက်ရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအတွက်တော့ စိုးရိမ်မကင်း ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လက ကုလအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့တာကို စစ်အုပ်စု အကြီးအကဲ ဗိုလ်သန်းရွှေက လျစ်လျှူရှုခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ တရားရင်ဆိုင်နေရတာမို့ တွေ့ခွင့်မပေးနိုင်ဘူးလို့ မြန်မာစစ်ခေါင်းဆောင်က အကြောင်းပြချက် ပေးခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင် သွားရောက်ပြီး စေ့စပ်ညှိနှိုင်း နည်းလမ်းရှာခဲ့တာတောင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလ အတွင်း လက်ခံနိုင်လောက်တဲ့ ခိုင်မာတဲ့ဖြေရှင်းနည်းနာ တစုံတရာကို မမြင်တွေ့ခဲ့ရပါဘူး။

ဒါဟာ တစိတ်တပိုင်းအရ စစ်အုပ်စုရဲ့ စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းမှုတွေကို ဖော်ပြနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ဖိအား မပေးနိုင်တာကိုလည်း ထင်ရှားစေ
ပါတယ်။ အချို့သော ခရီးစဉ်တွေမှာ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က မြန်မာ
နိုင်ငံတင် မကသေးဘဲ မြန်မာ့မိတ်ဆွေ နိုင်ငံတွေကိုပါ လှည့်လည်ညှိနှိုင်းပြီး စစ်အုပ်စုကို ဖျောင်းဖျနားချခဲ့တာ
တောင်မှ အောင်မြင်တဲ့အကျိုးရလဒ်ကို မရရှိခဲ့ပါဘူး။

အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါ် အာဆီယံအဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းရေး မူဝါဒတွေကလည်းပဲ အဖွဲ့ဝင်
ဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် ခိုင်မာတဲ့ဖြေရှင်းနည်းနာ တစုံတရာကို မချမှတ်နိုင်ခဲ့ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံ
မှာ ဒီမိုကရက်တစ်လူ့ဘောင်တခု စတင်ထူထောင်နိုင်အောင် ဝိုင်းဝန်းကူညီကြဖို့ အလေးအနက် စဉ်းစား ထားတယ် ဆိုရင် အမေရိကန်အစိုးရဟာ အထိရောက်ဆုံး အကျိုးဆောင်ပေးနိုင်တဲ့ နိုင်ငံတခု ဖြစ်လာနိုင် ပါတယ်။ ဒါဟာ အကျိုးအကြောင်း မဆီလျှော်ဘဲ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ လှုံ့ဆော်နေတာ မဟုတ်ပေမယ့်လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခေါင်းမာတဲ့ စစ်အုပ်စုနဲ့ စေ့စပ် ညှိနှိုင်း တဲ့အခါ မုန့်ပြ တုတ်ပြ မူဝါဒကို ကျင့်သုံးသင့်ပါတယ်။

အထူးသံတမန်တယောက်ဟာ ဒေသတွင်းမှာ ကိုင်တွယ်ရမယ့် ဖြေရှင်းနည်းနာတွေကို သိရှိနားလည်လိမ့်မှာ ဖြစ်ပေမယ့်လည်း အရှေ့အာရှရေးရာ သံအမတ်အသစ်အဖြစ် ဆောင်ရွက်ဖို့ မစ္စတာ ကာ့ထ် ကမ်ဗယ်လ် ကို ခန့်အပ် တာဝန်ပေးလာနိုင်ပါတယ်။ အထီးကျန်ဆန်ခြင်းတွေက မအောင်မြင်မှုတွေနဲ့အတူ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပေမယ့် အခုအချိန်ဟာဖြင့် စေ့စပ်ညှိနှိုင်းဖို့ အခွင့်အရေးတခု ပေးသင့်တဲ့အချိန်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေကို တွေ့ဆုံခွင့်ရခဲ့တဲ့ လွှတ်တော်အမတ် မစ္စတာဂျင်ဝက်အနေနဲ့ အန်အယ်ဒီနဲ့ နအဖ ဘက်နှစ်ဘက်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင် သွားမယ့် အစီအစဉ်တွေနဲ့ အမြင်သဘောထားတွေကို ထုတ်ဖော်ပြောကြားသင့်ပါတယ်။

ကုလလုံခြုံရေးကောင်စီက နအဖစစ်အုပ်စုအပေါ် သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ဖို့ သဘော တူညီမှု မရနိုင်သေးပေမယ့် အကယ်၍ ဝါရှင်တန်က မြန်မာ့အရေးအတွက် စေ့စပ်ညှိနှိုင်းရေးကို ရွေးချယ် လိုက်တယ် ဆိုရင် တရုတ်နဲ့ရုရှကလည်း မြန်မာပြည်အပေါ် ကျောထောက်နောက်ခံပေးရေး မူဝါဒကို ပစ်ပယ်လာနိုင်စရာ အကြောင်းရှိပါတယ်။

မြန်မာ့အရေး စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ စစ်အုပ်စုက သက်တောင့်သက်သာ အခြေအနေတခုအဖြစ် အလွယ်တကူ လက်မခံနိုင်သေးသမျှတော့ ဆက်လက်ဖြစ်ပေါ်နေအုံးမယ့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ အတွက် ရွှေပြည်တော် မျှော်တိုင်းဝေး နေအုံးမှာပဲ ဖြစ်ပါတယ်။ မြန်မာ့အရေးအတွက် တွေ့ဆုံဆွေးနွေးကြတဲ့ အခါ တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် လက်ရှိအာဏာရ စစ်အုပ်စုနဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အစုံအလင်ပါဝင်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

ရဲသွေး

* 20.8.2009 ထုတ် ကိုရီးယားတိုင်းမ်သတင်းစာ သတင်းသုံးသပ်ချက်ကဏ္ဍမှ Nehginpao Kipgen ရေးသားသော Possible way out of Myanmar ဆောင်းပါးအား ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။

Read More...

http://www.peoplevolunteersassociation.blogspot.com/

0 Comments:

blogger templates | Make Money Online