Saturday, August 15, 2009

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း

ရှစ်လေးလုံး ၂၁ နှစ်မြောက်နှစ်ပတ်လည်ဆန္ဒပြပွဲကို တိုကျိုတွင်ပြုလုပ်ရန် ဒီမိုကရေစီအင်အားစုများ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်၊ ယခင်နှစ်များနှင့်မတူ ထူးခြားချက်တခုမှာ သြဂုတ်လ ၈ ရက်နေ့မတိုင်မီ ၂ လလောက် အလိုကတည်းက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ တိုကျိုရှိ ဒီမိုကရေစီအင်အားစုများ၏ တိုးတက် ပြောင်းလဲလာမှု၊ ၀ီရိယကောင်းကောင်းဖြင့် စီစဉ်ဆောင်ရွက်မှုပင်ဖြစ်သည်။ လေးစားဂုဏ်ယူစရာ ဖြစ်သည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ရှစ်လေးလုံး ၂၁ နှစ်မြောက်နှစ်ပတ်လည်ဆန္ဒပြပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ အဘယ်ကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရသနည်း။ ထိုဆန္ဒပြပွဲကို တိုကျိုရှိ မြန်မာ ပြည်သူပြည်သားများ၊ ဒီမိုကရေစီအင်အားစုများ၊ မြန်မာ့ဒီမိုကရေစီရေးကို အားပေးနေသော ဂျပန်အဖွဲ့အစည်း များ၊ တသီးပုဂ္ဂလများ၏ ပူးပေါင်းပါဝင်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကြောင့်ဖြစ်သည်။

ဒီမိုကရေစီထွန်းကားသောနိုင်ငံများ၊ ဒီမိုကရက်တစ်လူမှုပတ်ဝန်းကျင်၌ အပြန်အလှန်နားလည်မှုနှင့် လေးစားမှု များကို တန်ဖိုးထားသည်၊ မှန်ကန်သော ဦးတည်ချက်ရှိကာ လူထုအတွက် အကျိုးရှိသော လှုပ်ရှားမှုများတွင် လူအများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြလေသည်။ ထို့အတူ ဦးတည်ချက် တူညီသော လှုပ်ရှားမှုများတွင် ရည်မှန်းချက်တူသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များသည် ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ၀ိုင်းဝန်း လုပ်ဆောင်ကြသည်။ တာဝန်များခွဲဝေယူကြသည်။ ဤသည်က ဒီမိုကရေစီထွန်းကားသော လူမှုအသိုင်းအ၀ိုင်း၌ ကျင့်ကြံသော ကျင့်စဉ်၊ နည်းလမ်းတခုဖြစ်သည်။

ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားကောင်းခြင်းဆိုသည်မှာ လှုပ်ရှားမှု၏ ဦးတည်ချက်နှင့် ရည်မှန်းချက် မှန်ကန်သည်၊ လူအများစု၏ သဘောထားကို ထင်ဟပ်သည် ဆိုသည့်သဘော ဖြစ်သည်။ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းခြင်း ဆိုသည်မှာ ဦးတည်ရည်မှန်းသော လှုပ်ရှားမှု အောင်မြင်ရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းသူများ အကြား အပြန်အလှန် လေးစားမှုရှိသည်၊ အပြန်အလှန် နားလည်မှုရှိသည်၊ ဘုံရည်မှန်းချက်အတွက် မိမိ၏ အကျိုးစီးပွား၊ မိမိသဘောဆန္ဒအတိုင်း ဖြစ်ရမည် ဆိုသည့်အချက်ကို တရားသေ စွဲကိုင်ထားခြင်း မရှိသည်ကို ဖော်ပြသည်။

အများအတွက် ရည်မှန်းလုပ်ဆောင်သောလှုပ်ရှားမှုများတွင် မိမိ၏ စဉ်းစားတွေးတောမှု၊ မိမိ၏ အသိဉာဏ်ပညာ၊ မိမိ၏ အတွေ့အကြုံများဖြင့် မည်သို့ အထောက်အကူ ဖြစ်စေမည်နည်းဆိုသည်ကို အခြေခံထားရန် လိုအပ်ပေသည်။ ဤသည်ကို အခြေခံထားနိုင်ပါက ညှိနှိုင်းဆောင်ရွက်မှုများသည် ချောမွေ့စွာဖြင့် ပြီးမြောက်နိုင်ပေသည်။

တလှေတည်းစီး တခရီးတည်းသွားနေသောသူများအကြားတွင် အခြေခံသဘောထားကွဲလွဲမှုများမရှိပေ။ ချဉ်းကပ်ပုံသာ ကွဲလွဲလေ့ရှိသည်။ ထိုသို့ကွဲပြားရသည်မှာလည်း ထိုသူများအကြား ကျင်လည်ခဲ့ရသည့် ပတ်ဝန်းကျင်၊ ကြုံခဲ့ရသည့် အတွေ့အကြုံ။ လေ့လာဆည်းပူးခဲ့ရသည့် အကြောင်းအရာ၊ ပုဂ္ဂလိကဆိုင်ရာ အတွေးအခေါ်၊ အမူအကျင့်၊ သဘောထားမတူညီမှု များကြောင့်ဖြစ်သည်။

ထိုသို့မတူညီကွဲပြားသောအရာများအကြား အပြန်အလှန် အပေးအယူ လုပ်နိုင်ခြင်း၊ အလျှော့အတင်း ပြုနိုင်ခြင်း၊ နားလည်မှု ပေးနိုင်ခြင်း၊ သဘောထားကြီးခြင်းများကို ဆောင်ရွက်နိုင်သည့်အပေါ် မူတည်ကာ လှုပ်ရှားမှုများ အောင်မြင်ကြပေသည်။ ဤသည်က ဒီမိုကရေစီကို မည်မျှ နားလည်ကြသည်။ မည်မျှ လက်တွေ့ ကျင့်သုံးနိုင်ကြသည်ကို ဖော်ပြနေသောအရာများ ဖြစ်ပေသည်။

၂၁ နှစ် ကြာမြင့်လာပြီဖြစ်သော ၈၈ မျိုးဆက်တို့၏ ဒီမိုကရေစီရေးလှုပ်ရှားမှုများသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အပြီးတိုင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ သို့သော်လည်း လှုပ်ရှားမှုတွင် ခိုင်မာသော သန္နိဌာန်ဖြင့် ရဲရင့်စွာဆက်လက်တိုက်ပွဲဝင်လှုပ်ရှားနေသူများ၏ မဆုတ်မနစ်သော ဇွဲ ၊ လုံ့လတို့ဖြင့် ကြိုးစားမှုများက ရည်မှန်းချက်ပန်းတိုင်သို့ တလှမ်းချင်း ဦတည်သွားနေပြီ ဖြစ်သည်။

ထိုသို့လျှောက်လှမ်းနေသော ခရီးစဉ်တလျှောက်တွင် တိုက်ပွဲဝင် ရဲဘော်ရဲမေများအကြား၊ သွေးသောက်ရဲဘော် ဆိုသော စိတ်ဓာတ်ကို ယုံကြည် ပြည့်ဝစွာ ထားနိုင်ရန် လိုအပ်သည်။ အချင်းချင်း အပြန်အလှန် လေးစားမှုများဖြင့် အပေးအယူ ညှိနှိုင်းနိုင်ရန် လိုအပ်သည်။ ရည်မှန်းချက်တူ ဦးတည်ချက်တူသောလှုပ်ရှားမှုများတွင် အပြုသဘောဖြင့် စုစည်းလှုပ်ရှားနိုင်ရေးကို တွေးတောကာချဉ်းကပ်လုပ်ဆောင်နိုင်ရန် လိုအပ်ပေသည်။

ဒီမိုကရေစီသည် လူအများစုအတွက် ဟူသော ကျယ်ပြန့်သည့်သဘောထားနှင့် ရည်မှန်းချက်များရှိသောကြောင့် မိမိ၏ ပုဂ္ဂလိကအမြင်၊ သဘောထား၊ ခံစားချက်များကို အများအတွက် မည်သို့ အထောက်အကူပြုစေမည်နည်း ဆိုသည့်စိတ်ကို မွေးမြူတတ်ရန်လိုအပ်သည်။ ထိုကဲ့သို့သော ဒီမိုကရေစီကျင့်စဉ်ကို ကျယ်ပြန့်စွာဖြင့် ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ပြီဆိုလျှင် ၈၈ မျိုးဆက်တို့၏ ၈၈ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီထွန်းကားရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ရေးအတွက် အထောက်အကူ ကြီးစွာ ဖြစ်စေမည့်အပြင် အနာဂတ် ဒီမိုကရက်တစ် လူ့ဘောင်အတွက် အခြေခံကောင်းများကိုပါ တပါတည်း ချမှတ်ရာ ရောက်ပေသည်။

ကျော်ကျော်စိုး(ဂျပန်)

0 Comments:

blogger templates | Make Money Online