Saturday, August 15, 2009

မြန်မာ့လွတ်လပ်ရေး မီးရူးတန်ဆောင် ဆရာတော်ဦးဥတ္တမ

( ဒီအရှင်က မြန်မာ့လွတ်လပ်ရေး မီးရူးတန်ဆောင် ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်တာတွေကို လက်လှမ်းမီသမျှ စုဆောင်းတင်ပြပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ဆရာမကြီး လူထုဒေါ်အမာရေးခဲ့တဲ့ ရွှေရိုးဘကလေးစာအုပ်ထဲမှာ ဆရာတော်ဦးဥတ္တမနဲ့ စပ်လျဉ်းတာလေးပါလာတာတွေ့လို့ ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။)


၁၉၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘုရင်မပန်းခြံရိုက်ပွဲဟာ ကိုလိုနီသမားအုပ်ချုပ်ရုံးစိုက်နေတဲ့ မြို့တော်အလယ်က ပန်းဥယျာဉ်ကြီးထဲမှာ အေးချမ်းစွာ စည်းဝေးဟောပြောနေတဲ့ လူထုကို ကိုလိုနီပုလိပ်များက ရက်ရက်စက်စက် နံပါတ်ဒုတ်နဲ့ရိုက် မြင်းနဲ့တိုက်ပြီး လူစုခွဲပစ်ခဲ့တဲ့ အရုပ်အဆိုးဆုံး အကြမ်းဖက်မှုကြီးတခုပါ။
ဂျီစီဘီအေကြီးကွဲတော့ ဆရာတော်ဦးဥတ္တမက ဂျီစီဘီအေ၀ံသာနုများနဲ့အတူ ကျန်ရစ်တယ်။ တစင်ထောင်ပြီး ရာထူးယူကြမယ့် (၂၁) ဦးများနောက်ကို မလိုက်ဘူး။
ဒါကြောင့် မန္တလေးမြို့မှာရှိတဲ့ ၀ံသာနုဂျီစီဘီအေများက ထောင်က လွတ်စ ဆရာတော် ဦးဥတ္တမကို မန္တလေးမှာ တရားဟောပြောဘို့အတွက် ကြွရောက်ပါလို့ ပင့်ဖိတ်တာနဲ့ ဆရာတော်က ၁၆-၈-၁၉၂၄နေ့မှာ မန္တလေးကို မီးရထားနဲ့ ကြွလာခဲ့တယ်။ဆရာတော်ကို ရှမ်းစုဘူတာက ဆင်းစေပြီး ၀ံသာနုများက ကြီးကျယ်တဲ့ လူထုကြိုဆိုပွဲကြီးလုပ်ပြီးတော့ ရှမ်စုကနေ (၈၄)လမ်း တလျှောက်အတိုင်း ကြိုဆိုလာပါတယ်။ ဒီအချိန်မှာ (၂၁) ဦးများက (၈၄) လမ်း ကျောက်သွေးတန်းက ရွှေမောင်းတိုက်ကြီးပေါ်မှာ အစည်းအဝေးလုပ်နေပါသတဲ့။ ဒါကြောင့် သူတို့စည်းဝေးနေတဲ့ တိုက်ရှိရာလမ်းပေါ်ကို ဆရာတော် ဦးဥတ္တမနဲ့ကြိုလာသူ လူထုပရိသတ်ကြီး ရောက်လာရင် အဓိကရုဏ်းဖြစ်မှာစိုးရပါတယ်ဆိုပြီး လူစုလူဝေးကြီး သူတို့ အနားမသီလာဘို့ ၊ တခြားလမ်းက ချိုးကွေ့သွားဖို့ သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားထားပါသတဲ့။
ဒါကြောင့် ဦးဥတ္တမနဲ့ ကြိုလာတဲ့လူအုပ်ကြီး ကျောက်သွေးတန်းကို ရောက်လာတော့ ၊ ပုလိပ်များက မူလက သတ်မှတ်မထားတဲ့ ဒီဘိုးလမ်း (၃၁) လမ်းကို ဇွတ်အချိုးခိုင်းတယ်။ ဒီမှာ ပုလိပ်က ခုလိုနှောင့်ယှက်ရမလားလို့ တက်ကြွနေတဲ့ ၀ံသာနုများက ပုလိပ်နဲ့ စကားပြောနေကြတယ်။ ပြောနေတဲ့အခိုက် လမ်းဘေးပုလိပ်များရှိတဲ့ တိုက်တတိုက်ပေါ်က ခဲများကျလာတာကြောင့် လူအုပ်ကြီး ကသောင်းကနင်းဖြစ်သွားပြီး အဓိကရုဏ်းကြီးဖြစ်ရ ၊ စီတန်းကြိုဆိုလာပွဲကြီးလဲပျက်ရတယ်။ အခါအခွင့်ကို စောင့်နေတဲ့ ပုလိပ်ကပစ်လို့ ဦးစန္ဒိမာနဲ့ ဆရာတော်တပါး သေနတ်ထိမှန် ပျံတော်မူပြီး လူတွေအများကြီး ထိခိုက်ဒဏ်ရာရကြရော။
ဗြိတိသျှအစိုးရက ပုဒ်မ (၁၄၄) ထုတ် ၊ ဆရာတော်ကို ဖမ်းပြီး ရန်ကုန်ပြန်ပို့တဲ့အပြင် ဒီစီတန်းကြိုဆိုပွဲမှာ ခေါင်းဆောင်တဲ့လူတွေ အတော်များများကို ဖမ်းပြီး ကြီးလေးတဲ့ အပြစ်ဒဏ်များ ပးတယ်။ ဒါတွင်မကသေးဘူး ဆရာတော် ဦးဥတ္တမဟောပြောလို့ လူတွေနိုင်ငံရေးအသိ နိုးကြားရ ကောင်းလားဆိုပြီး ဆရာတော်ကို ဖိနှိပ်မှုများ ဆက်လုပ်ပြန်တယ်။၁၉၂၄ ခု အောက်တိုဘာလထဲမှာ ဆရာတော်ကို ပုဒ်မ ၁၂၄(က) (အစိုးရအပေါ် အကြည်ညိုပျက်အောင် ဟောပြောမှု) နဲ့ ဖမ်းပြန်တယ်။ ဖမ်းပြီး ရန်ကုန်အရေးပိုင်စစ်ဇလာရုံးမှာ အမှုစစ်ပါတယ်။ ဒီလိုလုပ်တာကို တက်ကြွနိုးကြားနေတဲ့ ၀ံသာနုတွေက အင်မတန်ခံပြင်းတာမို့ ဆရာတော်ရုံးထုတ်ပြီး အမှုစစ်တဲ့နေ့မှာ ရုံးကို လိုက်လာကြတယ်။ ရုံးမှာက လူထုကြီးအတွက် နေရာမရှိဘူး။ ဒါကြောင့် ရုံးအနီးက ဖိုက်စကွဲယားခေါ်တဲ့ ဘုရင်မပန်းခြံ ( အခုဗန္ဓုလပန်းခြံ)မှာ လူတွေ စုနေပြီး အမိန့်ချသံကို နားစွင့်နေကြတယ်။
ရုံးမှာတော့ ၀ံသာနုသံဃအဖွဲ့ချုပ်ကြီးရဲ့ ဗဟိုအမှုဆောင်များ ဖြစ်ကြတဲ့ ဗားကရာဆရာတော် ၊ သာဓုဆရာတော် ၊ စလင်းဆရာတော် ၊ ဇောတနာရာမဆရာတော်စတဲ့ ပုဂ္ဂိုလ်တွေက ရုံးခန်းထဲဝင်ပြီး အမှုကို နားထောင်ကြတယ်။ ဒီမှာ အရေးပိုင်မျက်နှာဖြူက ရုံးခန်းထဲဝင်ရင် ၊ ရုံးခန်းမှာ ချိတ်ထားတဲ့ ဗြိတိသျှအင်ပါယာရဲ့ ဘုရင်မင်းမြတ်ရဲ့ပုံကို ဆရာတော်ကြီးတွေက မတ်တပ်ရပ် အရိုအသေပေးရမယ်လို့ ပြောတယ်။ ဆရာတော်ကြီးတွေက ဒို့အနေနဲ့ မတ်တပ်ရပ်အရိုအသေမပေးနိုင်ဘူးဆိုပြီး ရုံးခန်းထဲက ထွက်လာတယ်။
ပန်းခြံထဲမှာတော့ အမှုစီရင်ချက်ကို နားစွင့်နေတဲ့ လူထုကြီးကို ဘုန်းကြီးတွေ လူတွေက တလှည့်စီတရားဟောနေကြတယ်။ အဲဒီမှာ အရေးပိုင်စစ်ဇလာက ဒီလူထုအစည်းအဝေးကို ချက်ခြင်းဖျက်ရမယ်ဆိုပြီး ပုဒ်မ ၁၄၄ အမိန့်ထုတ်လိုက်တယ်။ ဒါ့ကြောင့် ပုလိပ်မင်းကြီးက တရားဟောနေတဲ့ ဘုန်းကြီးတွေ လက်ကို အမိန့်အပ်ပြီး ချက်ခြင်းမြင်းစီးပုလိပ်တွေနဲ့ ရိုက်နှက် လူစုခွဲတော့တယ်။ အလျား (၃) ပေ ၊ ထိပ်ဝ (၁)လက်မခွဲရှိတဲ့ ပုလိပ်ဒုတ်နဲ့ အေးအေးဆေးဆေး ထိုင် တရားနာနေတဲ့ ယောက်ျား ၊ မိန်းမ ၊ ကလေးလူကြီးတွေကို ၀င်ရိုက်ပြီး မြင်းတွေနဲ့ တက်နင်းပါတယ်။
ဒီလိုအကြမ်းဖက်ပြီး မတရားပြုမူတဲ့အခါ တက်ကြွလှတဲ့ ကုမ္မာရီအမျိုးသမီးတွေက ယောက်ျားတွေ ထွက်ပြေးပေမယ့် သူတို့မပြေးဘဲ တောင့်ခံနေကြတယ်။ တဖက်ကလည်း မြင်းနဲ့တိုက်ပြီး ရိုက်တယ်။ ရန်ကုန်သူ ၀ံသာနုအမျိုးသမီးတွေရဲ့ သတ္တိဟာ ချီးကျူးလို့ မကုန်နိုင်ဘူး။ ပုလိပ် (မျက်နှာဖြူ) တွေ ဘယ်လောက်ရမ်းသလဲဆိုရင် နောင်ခါ သူတို့ယုတ်မာတာကို သက်သေလိုက်ကြမှာစိုးလို့ ရပ်ကြည့်နေတဲ့ လူတွေကိုပါ ရိုက်တယ်။ ဒါကို မော်ကွန်းထိုးတဲ့ ကာတွန်းတခု ဦးဘကလေးက ရေးဆွဲခဲ့တယ်။

အဲဒါရိုက်ပြီးသွားတာလေးပါဘုရား

0 Comments:

blogger templates | Make Money Online