Thursday, August 20, 2009

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ၀ိုင်ဖိုင်စနစ်စတင်တပ်ဆင်


ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ၀ိုင်ဖိုင်စနစ်စတင်တပ်ဆင်


ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ကျောင်းသားများ အင်တာနက်အသုံးပြုပြီး၊ ကွန်ပျူတာနှင့် ဆက်စပ်ဘာသာရပ် အကြောင်းအရာများအား လေ့လာနိုင်စေရန်အတွက် ကြိုးမဲ့အင်တာနက် အသုံးပြုနိုင်သည့်စနစ်ဖြစ်သော ၀ိုင်ဖိုင်စနစ်အား စတင်တပ်ဆင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ကျောင်းသားများအနေဖြင့် ယခုအချိန်ထိ ကျောင်းအတွင်း အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးဘဲ၊ အင်တာနက်ဆက်သွယ်မှု မရှိသေးသော ကွန်ပျူတာများဖြင့် စာသင်ကြားနေကြရကြောင်း အဆိုပါတက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားများထံမှ သိရသည်။ သို့သော် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် မကြာမီ ၀ိုင်ဖိုင်စနစ် တပ်ဆင်ပြီးပါက ကျောင်းအတွင်း၌ အင်တာနက်ကို အသုံးပြု၍ သင်ကြားမှုများ ပြုလုပ်လာမည့်အပြင်၊ Laptop, Notebook, Netbook အသုံးပြုနိုင်သော ကျောင်းသားများပါ အင်တာနက်အသုံးပြုခွင့် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။ “ကွန်ပျူတာတက္ကသိုလ် ကျောင်းထဲမှာ အင်တာနက် အသုံးပြုနိုင်အောင် ၀ိုင်ဖိုင်စနစ် တပ်ဆင်နေတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီစနစ် တပ်ဆင်နေတာ ဘယ်တော့လောက် ပြီးမလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ အခုမှစပြီး လုပ်နေတာပါ”ဟု အဆိုပါတက္ကသိုလ်မှ ၀ိုင်ဖိုင်စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နေသောဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ်မှာ ၀ိုင်ဖိုင်စနစ်နဲ့ အင်တာနက်သုံးလို့ ရတော့မယ်။ အခုကျောင်းထဲမှာ ၀ိုင်ဖိုင်စနစ် စပြီးတပ်နေပါပြီ။ ဘယ်အချိန်လောက်စပြီး သုံးနိုင်မလဲဆိုတာတော့ မသိသေးပါဘူး”ဟု ယခုလက်ရှိ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် ဒုတိယနှစ် တက်ရောက်သင်ကြားနေသော ကျောင်းသားတစ်ဦးက 7Day News သို့ပြောသည်။ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ကွန်ပျူတာနှင့် ပတ်သက်သော နည်းပညာဆိုင်ရာ တိုးတက်မှုများ ရရှိလာစေရန်အတွက် ဆောင်ရွက်ပေးနေသော ကြိုးမဲ့ အင်တာနက်ဆက်သွယ်မှု စနစ်ဖြစ်သည့် ၀ိုင်ဖိုင်စနစ် တပ်ဆင်ပြီးပါက ကျောင်းသားများ၏ အင်တာနက်သုံးစွဲမှု ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်တွင် စာသင်ကြားနေသော ကျောင်းသားများအနေဖြင့် တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ကျောင်းကွန်ပျူတာခန်းအတွင်း ကွန်ပျူတာဘာသာရပ်များအား လက်တွေ့ သင်ယူနေရကြောင်း သိရသည်။ “အခုလို ကွန်ပျူတာတက္ကသိုလ်မှာ ၀ိုင်ဖိုင်စနစ်တပ်ပေးမယ်ဆိုတော့ ကောင်းတာပေါ့။ ကျွန်မတို့တုန်းကတော့ ကျောင်းထဲမှာ အင်တာနက် မသုံးခဲ့ရပါဘူး။ အခု အင်တာနက်သုံးလို့ ရတော့မှာဆိုတော့ ကွန်ပျူတာတက္ကသိုလ်ကျောင်းက ပြည့်စုံသွားပြီပေါ့။ ဒါပေမဲ့ ကျောင်းသားတွေ အနေနဲ့ ကျောင်းစာနဲ့ ပတ်သက်တာတွေအပြင် တခြားအကြောင်းအရာတွေ နွယ်လာမှာစိုးတယ်”ဟု ကွန်ပျူတာတက္ကသိုလ်ဘွဲ့ရ ကျောင်းသူတစ်ဦးက ပြောသည်။ ကြိုးမဲ့စနစ်ဖြင့် အင်တာနက်အသုံးပြုနိုင်သော ၀ိုင်ဖိုင်စနစ်မှာ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်အတွင်း မည်သည့်အချိန်တွင် စတင်သုံးစွဲနိုင်မည်ကို အတိအကျ မသိရှိရသေးသော်လည်း ကျောင်းသားအများစုမှာ ၀ိုင်ဖိုင်စနစ်အမြန်ဆုံး အကောင်အထည် ပေါ်လာရန်အတွက် စောင့်ဆိုင်းနေကြကြောင်း အထက်ပါကျောင်းသားများထံမှ သိရသည်။ ၀ိုင်ဖိုင်စနစ် အကောင်အထည် ပေါ်လာပါက Laptop, Notebook, Netbook ကိုင်ဆောင်နိုင်သော ကျောင်းသားများအပြင် ၀ိုင်ဖိုင်စနစ်ပါရှိသော လက်ကိုင်ဖုန်းများ ကိုင်ဆောင်နိုင်သည့် ကျောင်းသားများပါ အင်တာနက်သုံးစွဲနိုင်မည် ဖြစ်သည်။

http://www.planet.com.mm/

0 Comments:

blogger templates | Make Money Online