
ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက်နေသူများသည် ကလေးငယ်များကို ငှားရမ်းအသုံးပြုမှုများ ရှိနေကြောင်း သိရသည်။ ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်နေသည့် ကလေးတစ်ဦးချင်း၏ နေ့စဉ်ပျမ်းမျှဝင်ငွေသည် (၅၀၀၀)ကျပ်မျှ ရှိနေပြီး ကလေးများကို ထိန်းသိမ်းခိုင်းစေသူများ ရှိနေသည်ဟုဆိုသည်။ ကလေးများအား နေ့စဉ်နေ့တိုင်း သတ်မှတ်ကြေးအတိုင်း အပြည့်အ၀ မတောင်းခံနိုင်ပါက ထိုသူများသည် ရိုက်နှက်ခြင်း၊ ထမင်းအငတ်ထားခြင်း၊ ပေးမအိပ်ခြင်းစသည်ဖြင့် ပြုလုပ်နှိပ်စက်လေ့ရှိကြောင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းသင်တန်း (၂/၂၀၀၉)မှ သင်တန်းသားများ ထုတ်ဝေသည့် အဖြူရောင်မျိုးဆက် သတင်းလွှာစာစောင်တွင် ဖော်ပြထားသည်။ ကလေးငယ်များကို အုပ်စုများခွဲ၍ တောင်းစားစေသူများ ရှိနေသလို အချို့ကလည်း လူမမယ် ရင်ခွင်ပိုက်အရွယ် ကလေးများကို ဗန်းပြကာ တောင်းစားလေ့ရှိကြောင်း စာစောင်တွင် ဖော်ပြထားသည်။ အထူးသဖြင့် အမျိုးသမီး အချို့တို့သည် နို့စို့အရွယ် ကလေးများကို ငှားရမ်းကာ ကလေးအမေယောင်ဆောင်ကာ တောင်းရမ်းလေ့ရှိကြပြီး ကလေးငယ်များကို တစ်နေ့လျင် ငှားရမ်းခ (၁၅၀၀)ကျပ်ဝန်းကျင်ဖြင့် မြို့စွန်ဒေသများရှိ ဆင်းရဲကြပ်တည်းသော မိဘများထံမှ ခေါ်ယူလေ့ရှိကြောင်း သိရသည်။ စာရွက်များဝေငှ၍ တောင်းရမ်းလေ့ရှိသည့် ကလေးများသည် တစ်နေ့လျင် ကျပ်ငွေ(၅၀၀၀)မျှအထိ ရှာဖွေပေးနေသော်လည်း ထိုငွေကို ခံစားခွင့်မရှိကြောင်း ထိုနယ်ပယ်မှ ကလေးငယ်တစ်ဦးက ၀န်ခံပြောဆိုခဲ့သည်။ စိတ်ပညာရှင် တစ်ဦးက ကလေးငယ်များကို ထိုကဲ့သို့ တောင်းစားရန် စေခိုင်းနေမှုသည် လူမဆန်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ကလေးငယ်၏ စိတ်ဓာတ်ကို ရိုက်ချိုးကာ ကိုယ့်အားကိုယ်ကိုးချင်စိတ်ကို ပျောက်ကွယ်သွားစေသည့်အတွက် အန္တရာယ်များကြောင်း သုံးသပ်ပြောဆိုခဲ့ကြောင်း အဆိုပါ စာစောင်က ရေးသားဖော်ပြထားသည်။
Ref: အဖြူရောင်မျိုးဆက် သတင်းလွှာ (မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းသင်တန်း ၂/၂၀၀၉)
0 Comments:
Post a Comment