Thursday, August 20, 2009

ငွေစက္ကူအဟောင်းများ ကိုင်တွယ်သုံးစွဲမှု ကျန်းမာရေးထိခိုက်စေနိုင်



ငွေစက္ကူအဟောင်းများ ကိုင်တွယ်သုံးစွဲမှု ကျန်းမာရေးထိခိုက်စေနိုင်


လက်ရှိအချိန်တွင် အသုံးများနေဆဲဖြစ်သည့် ငွေစက္ကူ အဟောင်းအနွမ်းများသည် ကိုင်တွယ်သုံးစွဲသူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။ အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက ထိုငွေစက္ကူများအား လက်ပြောင်းသုံးစွဲနေခြင်းသည် ကူးစက်ရောဂါများ ပြန့်ပွားရာတွင် ပိုမိုလွယ်ကူစေနိုင်ကြောင်း မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းသင်တန်း (၂/၂၀၀၉)မှ ထုတ်ဝေသည့် အဖြူရောင်မျိုးဆက် သတင်းလွှာသို့ ပြောကြားခဲ့သည်။ ထိုငွေစက္ကူအဟောင်းများကို တိပ်နှင့်ကပ်ပြီး ပြန်သုံးကြသလို အလွန်နွမ်းရိနေသည့်တိုင် သုံးစွဲမှုများ ရှိနေဆဲဖြစ်သည်။ ယခုအခါ တာဝန်ရှိသူများက ဈေးနှင့် လိုင်းကားများတွင် အသုံးပြုနေသည့် ငွေစက္ကူအဟောင်းများအား ပြန်လည်လဲလှယ်ပေးနေသည့်တိုင် ထိုငွေအဟောင်းများကို လည်ပတ်သုံးစွဲမှု အများအပြား ရှိနေဆဲဖြစ်သည်။ ငွေစက္ကူအဟောင်းများ ကိုင်တွယ်ပြီးလျင် ရောဂါပိုးကူးစက်မှု မခံရအောင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောသင့်ကြောင်း၊ အထူးသဖြင့် သားစိမ်းငါးစိမ်းသည်များ ပြန်အမ်းသည့် ငွေစက္ကူများကို ကိုင်တွယ်မိပါက ပို၍ဂရုပြုသင့်ကြောင်း၊ ငွေစက္ကူများ ရေတွက်ရာတွင် လက်ကိုတံတွေးဆွတ်သည့် အလေ့အထအား ရှောင်ကြဉ်သင့်ကြောင်း အဆိုပါဆရာဝန်က အကြံပြုထားသည်။ အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည့် သုတေသန စစ်တမ်းများအရ ဟောင်းနွမ်းနေသော ငွေစက္ကူများကို ကိုင်တွယ်သုံးစွဲသည့်အခါ ထိုစက္ကူဟောင်းများမှ ထွက်လာသည့် ဆယ်လူလွိုက် တီဘီရောဂါ၊ အစာခြေလမ်းကြောင်းတွင် ပြဿနာများဖြစ်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အဆုတ်အမြှေးပါးရောင်ခြင်းစသည့် အသက်အန္တရာယ် ထိခိုက်စေနိုင်သော ရောဂါများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု အဖြူရောင်မျိုးဆက် သတင်းလွှာက ရေးသားဖော်ပြထားသည်။

Ref
: အဖြူရောင်မျိုးဆက် သတင်းလွှာ (မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းသင်တန်း ၂/၂၀၀၉)

http://www.planet.com.mm

0 Comments:

blogger templates | Make Money Online