ညနေခင်းငှက်တစ်ကောင်လိုပဲ
ဝဲဝဲပြီး အသိုက်လေးဆီ ပျံချင်လိုက်တာ
သူစိမ်းတွေကြားမှာ ဝေဒနာတွေက အလွန်အကျွံ စိမ်း။
ငါကိုယ်တိုင်မသိတဲ့ ငါ
မုန်တိုင်းတွေမိနေပေါ့။
အဲဒီယဉ်ပါးမှုတွေနဲ့ ထုံထိုင်း
အော် မုန်တိုင်းကတော့ မုန်တိုင်းပဲလေ။
ကျနော်သွားနေတဲ့ လမ်းတွေလေ
အမေ့တောလမ်းလေးကို ထိခိုက်နေမလား။
ထားပါတော့လေ ဒါတွေက ကျနော်နဲ့ အမေ့ကြားမှာ တစ်နေ့ ဆွေးနွေးကြတာပေါ့။
ဝေဒနာ အလွန်အကျွံတွေကြားမှာ
အတောင်တွေက ညောင်းလွန်းလို့ ပျံရင်းအိပ်ငိုက်မိတယ်။
သူငယ်ချင်းတွေ ဘယ်မှာ ကျရစ်ခဲ့ပါလိမ့်
အဝေးကြီးကလူတွေ သူငယ်ချင်းလုပ်ရတာထက်
ကျရစ်ခဲ့တဲ့ သူငယ်ချင်းတွေ ပြန်ကောက်တော့မယ်။ ။
လွင်ပြင်ဟန်
0 Comments:
Post a Comment