Saturday, August 15, 2009

“မြေခွေး သွားဖြဲပြတာကို ချိုမြိန်တဲ့ အပြုံးလို့ ယူဆမိခဲ့ရင်”

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ရတာဟာ ကမ္ဘာလောကကြီးထဲက အင်မတန်မှ ယုတ်မာကောက် ကျစ် စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေ ပြည့်နှက်နေတဲ့ နေရာဒေသတခုကို ရောက် နေရသလို နေ့စဉ်နှင့်အမျှ ခံစားနေရတယ်။
ဒါဟာ စာရေးသူ အပါအဝင် မြန်မာပြည်က လူသားတိုင်းလိုလို အထူးအဖြင့် ရန်ကုန် မန္တလေးနှင့် အခြား မြို့ကြီးများသို့ ခရီ်းသွားလာ ရောင်း ဝယ်ရေး လုပ်ဆောင်ရာတွေမှာ ဖိနှိပ် မှုတွေကြောင့် အမြဲတမ်း တွေ့ကြုံခံစားရတဲ့ မွန်းကြပ်မှု တွေပါ။
ခရီးသွားလာ ရောင်းဝယ်ရေး ကိစ္စတွေမှာ စစ်ဆေးကြတဲ့ မှတ်ပုံတင်တွေ ဦးနှောက်ပျက် မတတ် အမေးခံလိုက်ရတဲ့ မေးခွန်းတွေ ရန်ကုန် မန္တလေးတို့လို မြို့ကြီးတွေမှာတောင် အမည်း
ရောင် နယ်မြေတွေလိုပဲ တိုင်လိုက်ရတဲ့ ဧည့်စာရင်း စစ်လိုက်ရတဲ့ ဧည့်စာရင်းတွေ ….
အလုပ်သွား ရုံးသွားတဲ့ကိစ္စတွေ အခြားကိစ္စတွေနဲ့ အပြင်ထွက်တဲ့ အခါတိုင်းမှာလည်း လက် နက်ကိုင်ထားသူတွေ တုတ်ကိုင်ထားသူတွေ ဖုန်းကိုင်ထားသူတွေဟာ ကားမှတ်တိုင်များ ဈေး
များ လမ်းဆုံလမ်းခွများ ဘုရားစေတီများမှာ ရိုက်မယ့် နှက်မယ့်မျက်နှာ အကြမ်းဖက်မယ့် မျက် နှာတွေ လူတိုင်းကို မယုံသင်္ကာတဲ့ မျက်လုံးတွေနဲ့ နေ့တိုင်းလိုလို အကြည့်ခံနေရတာတွေ…
ကိုယ်ပိုင်ဆိုင် မဝယ်နိုင်လို့ လမ်းဘေးမှာ နိုင်သလောက် ဈေးရောင်းကြတော့လဲ စည်ပင် ကြေး ရဲကြေး ကြံ့ဖွတ်ကြေး စွမ်းအားရှင်ကြေး … မြို့ကြီးတွေထဲမှာ ပေးလိုက်ရတဲ့ ဆပ်ကြေး တွေ … အော် . ဘယ်မှာလဲ လွတ်လပ်ရေး…
ဒို့တိုင်းပြည်ဟာ ဘယ်မှာ လွတ်လပ်ရေး ရသေး လို့လဲဆိုတဲ့ အတွေးကို လွန်ခဲ့တဲ့ နှစ်တွေ ထဲက နေ့စဉ်လိုလို ခံစားရင်း ယနေ့အချိန်အထိ တွေးလာမိတယ်။ ပြည်သူများလဲ အထက်ပါ
ကိစ္စရပ်တွေ တွေ့မြင်တိုင်း စဉ်းစားမိရင် ဒီလိုပဲ တွေးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
နောက် အမှုအခင်းကိစ္စတွေဖြစ်လို့ ဥပဒေအရ ရင်ဆိုင်ကြရတဲ့ အခါတွေမှာလဲ တရားရုံးတွေ
က ဆုံးဖြတ်လိုက်တဲ့အခါ ဘယ်သောအခါမှ မျှမျှတတ ဖြစ်ခဲ့တယ်ဆိုတာ မကြားရသလောက်
ပါပဲ။ သူတို့ဘက်က လူကြီး သားသမီးတွေ့မို့ ဟိုဘက်က ငွေလိုက်နိုင်လို့ ဘယ်လူကြီးနဲ့ ပိုင်လို့
အနိုင်ရသွားတယ် ဆိုတာမျိုးပဲ နေရာဒေသတိုင်းမှာ ကြားနေရတယ်။
တရားဆုံးဖြတ်တဲ့ နေရာမှာလဲ အထူးခုံရုံး ဘာညာဆိုပြီး ဘယ်သူမှ မသိနိုင် မမြင် မကြား
နိုင်တဲ့နေရာ ဆိတ်ကွယ်ရာတွေမှာ လုပ်တယ် ဆုံးဖြတ်တယ် ဆိုကထဲက မဟုတ်တာ မတရား
တာ လုပ်တော့မယ်ဆိုတာ သေချာနေပါတယ်။ ချခဲ့တဲ့ အပြစ်တွေကို ကြည့်ရင် ထင်ရှားနေတာ
ပါ။ လူသူမကြား မသိနိုင်တဲ့ နေရာမှာ ဆုံးဖြတ်တယ်ဆိုတာ မကောင်းတဲ့ မူမမှန်တဲ့ လုပ်ရပ်မျိုး
လုပ်သူတွေရဲ့အကျင့်ပါပဲ။
အခုလက်ရှိ ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ တရားရုံးဆုံးဖြတ်မှုကတော့ အမြင်ကပ်
တာရော ကြောက်တာရော ရောနှောပြီး သူတို့ကိုယ်တိုင် ကောက်ကျစ်စဉ်းလဲစွာ မတရားသော

နည်းနဲ့ အနိုင်ယူသွားခဲ့တာပါ။ စစ်အာဏာရှင် ချုပ်ကြီးက သူမသိသလို သူမဟုတ်သလို ပုံစံနဲ့ တရားရုံးက ချခဲ့တဲ့ (၃) နှစ်ကို ကြားထဲကဝင်ပြီး လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးဖြစ်လို့ စာနာ စိတ်နဲ့ သနားပြသယောင်..ကျားသနားမှ နွားချမ်းသာမယ့် ပုံစံမျိုးဖမ်းပြီး အခွင့်အရေး ယူသွားခဲ့
တယ်။
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာကို တကယ်တမ်း ထောက်ထားခဲ့မယ်
ဆိုရင် ဟိုအရင်ထဲက ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်တခုလုံးကို ပြည်သူတွေနဲ့ဘာသာ တရားတွေကို စော်ကားခိုင်းပြီး ပြည်သူတွေရဲ့ချဉ်ဖတ် ဖြစ်အောင် ကမ္ဘာမှာမျက်နှာပျက်အောင် လုပ်မှာမဟုတ်ဘူး။ ဗိုလ်ချုပ်ရဲ့သမီးကိုလဲ အကြိမ်ကြိမ် သတ်ဖို့ကြံစည်ခဲ့မှာ မဟုတ်ဘူး။ စော စောပိုင်း နှစ်တွေက ရိုးရိုးအကျယ်ချုပ်အဖြစ်နဲ့ နေရတာ၊အခုက ပြစ်မှုကျူးလွန်လို့ နေရတာ ဆို
တော့ အရိပ်မည်းကြီး ဖိထားသလို လုပ်ထားတာပဲ။
ဒီပုံစံတွေနဲ့ အစီစဉ်ချပြီး ပြည်သူတွေနဲ့ ကမ္ဘာက သူ့အပေါ် စာနာသနားစိတ် ရှိသူအဖြစ်နဲ့
မြင်အောင် ဖန်တီးသွားတာပါ။ သဘောထား ပျော့ပြောင်းသွားပြီလို့ ထင်အောင် လုပ်ပြသွားခဲ့ တာပါ။ ပြည်တွင်းပြည်ပရှိ လူတချို့ကလဲ ဒီလိုပဲ ထင်နေကြပါတယ်။ အမှားကြီး မှားသွား လိမ့် မယ်။ ဖဆပလ ဘာ့ကြောင့် ကွဲကုန်ကြတယ် ဆိုတာကိုလဲ ပြန်လေ့လာကြပါဦး။
ဒီတော့ ပြည်သူတွေ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်ပြီး အဆင်
ပြေပြီ ငြိမ်းချမ်းမှုတွေ ရတော့မယ်လို့ မတွေးလိုက်ကြပါနဲ့ဦး။တကယ့် စေတနာမှန်နဲ့သုံးပွင့်ဆိုင် တွေ့ဆုံ ညှိနှိုင်းကြမယ်ဆိုရင် ဦးသုံးကြိမ်ချပြီး ခေါင်းရင်း တင်ထားချင်သေးတယ်။ လူကြမ်းကြီး နှုတ်ဖျားက သကာလေး တချက်လောင်းလိုက်တော့ ပျားရည်စစ် ရပြီလို့ ထင်စရာပေါ့လေ။
ဝက်မွေးတဲသူဟာ ဝက်ကို သေတဲ့အထိ အလှကြည့်နေဘို့ မွေးတာ မဟုတ်ပါဘူး။ သူရဲ့
အသားကို အမြတ်ထုတ်ဘို့ မွေးသလိုမျိုး…ရှေ့တိုးမယ့်ဆင် နောက် ခြေတလှမ်းဆုတ် ဆိုသ
လိုမျိုး..စစ်အာဏာရှင်ချုပ်ကြီးက သူရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ (၂၀၁၀-) စစ်အာဏာရှင် အမြစ် တွေ ဆက်လက် တည်မြဲရေး စီမံကိန်းကြီး ချောမွေ့စွာ အောင်မြင်နိုင်ရေးအတွက် ခြေတလှမ်း နောက် ဆုတ်ပြီး ချိုသာပြလိုက်တာပါ။
ဒါကို ယုံမှတ်ခါ ပုံအပ်မယ်ဆိုပြီး ခေါင်းညိတ်ထောက်ခံ ရွေးကောက် ပွဲဝင်လိုက် ကြမယ် ဆိုရင် နောက်ထပ် စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ ပြည်သူတွေ သက်ဆိုးရှည် ကြလိမ့်ဦး မယ် ဆိုတာ သတိချပ်စေချင်တာပါ။
ပြည်သူတွေ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ မြေခွေး သွားဖြဲပြတာကို ချိုမြိန်တဲ့ အပြုံး
နဲ့ ဖိတ်ခေါ်တယ်ထင်ပြီး တိုးဝင်သွားရင် ဘဝပျက်ရုံမက အသက်ပါပျောက်သွားနိုင်သလို ….
ဒီလောက် စဉ်းလဲ ကောက်ကျစ် ယုတ်မာပြီး ရိုင်းစိုင်း စော်ကားမှုမျိုးစုံ ကျင့်သုံးလာခဲ့တဲ့ လူ
တယောက်ရဲ့ စာနာထောက်ထားမှုဆိုတာ ဘယ်တော့မှ ကရုဏာ အစစ်အမှန် အရင်းခံတဲ့ စာ
နာ စိတ် မဖြစ်နိုင်ပါဘူး။ လက်ရှိအနေအထားအရ ဘယ်တော့မှလဲ သူတို့ဆီက အမှန်တရားဆို တာ ရှိလာနိုင်မှာ မဟုတ်ဘူးဆိုတာ သတိချပ်သင့်ကြပါတယ်။


ဒါကြောင့် ပြည်သူတွေ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ မိမိတို့ရဲ့ ဒီမိုကရေစီ အသက်တွေ
စစ်မှန်တဲ့ အခွင့်အရေးတွေ မကွယ်ပျောက်စေချင်ဘူး မဆုံးရှုံးချင်ကြဘူးဆိုရင်တော့ …. မြေခွေး သွားဖြဲပြတာကို ငေးကြည့်ရင်း အစားခံရမယ့် အချိန်ကို စောင့်ပြီး အချိန်တွေ ဖြုံးနေ မယ့်အစား ကိုယ့်ရဲ့ဒီမိုကရေစီ တော်လှန်ရေး လုပ်ငန်းတွေ အောင်မြင်ပြီး ပြည်သူတွေ လွတ် မြောက်ဖို့ ဘယ်လို ကြိုးစား လုပ်ဆောင်ကြမလဲဆိုတာကိုပဲ နည်းလမ်းရှာရင်း ညီညီညွတ်ညွတ် နဲ့ တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်းလိုက်ပါတယ်။

0 Comments:

blogger templates | Make Money Online