***(မြန်မာ့ကျေးလက်ပုံပြင်များ…)***
ရှေးရှေးတုန်းက တောရွာတစ်ရွာတွင် တောင်သူလယ်ယာ လုပ်ကိုင်၍ ကျွဲနွားများကို ထိန်းကျောင်းကာ အသက်မွေးသော တောင်သူကြီး တစ်ယောက်ရှိ၏။
တစ်နေ့သ၌ ၄င်းတောင်သူကြီးသည် သူ၏ နွားများကို ခြံဝင်းထဲဝင်ပြီး သူခိုးခိုးမည်ကို လည်းကောင်း၊ ကျားတို့ ကျားသစ်တို့ ပေါများသဖြင့် နွားများကို လာဆွဲမည်ကိုလည်းကောင်း စိုးရိမ်သဖြင့် နွားခြံဝင်းအနီး တဲအတွင်း ခုတင်ပေါ်ထိုင်ကာ ဆေးသောက်ရင်း နွားများကို စောင့်နေလေသည်။
ထိုအချိန်မှာ အနောက်တောင်မှ မိုးသက်လေသက်များ ဆင်လာပြီး တအုံ်းအုံးချုန်းကာ ညိုမှိုင်းပြီး လျှပ်ပန်းလျှပ်နွယ်များကလည်း တ၀င်းဝင်း တလက်လက် ဖြစ်လာလေသည်။ တောင်သူကြီးသည် ဆေးသောက်ရင်း မိုးသားတိမ်တောင် တိမ်လိပ်များတက်ကာ မိုးချုန်းသံကို ကြားရသောအခါ မျက်နှာညှိုးငယ်သွားပြီး ၀မ်းနည်းသောလေသံဖြင့် ညည်းညူလိုက်၏။ `သြော်… ခက်တော့တာပဲ၊ ငါ့တဲက မလုံမလဲနဲ့၊ တကယ်လို့ ဒေဝေါများ တကယ်လာရင် ဒုက္ခပဲ´ ဟု တောင်သူကြီးသည် စိုးရိမ်ကြောင့်ကြသော လေသံဖြင့် ညည်းညူ၍ ပြောလိုက်လေသည်။
ထိုသို့ တောင်သူကြီးက ညည်းညူ၍ ပြောသောစကားကို ထုပ်ပေါ်မှ နွားခိုးရန် တောင်သူကြီးအအိပ် စောင့်နေသော သူခိုးကြားသောအခါ ကြားဖူးနားဝနည်းသူ ဖြစ်သည့်အလျောက် `ဒေဝေါဆိုတာ ဘာကောင်ကြီးပါလိမ့်´ ဟု သို့လောသို့လော တွေးတောကာ အကြောက်ကြီးကြောက်နေလေသည်။
ခုတင်အောက်မှ နွားများကို ဆွဲစားရန် တောင်သူကြီးအလစ်ကိုချောင်း၍ စောင့်နေသော ကျားကြီးကလည်း ဒေဝေါဆိုကတည်းက ဘာရယ် ညာရယ်မသိ၊ သူ့ကိုရန်ရှာမည့် သတ္တ၀ါများ ဖြစ်နေမည်လားဟု တွေးကာ အကြောက်ကြီးကြောက်၍ ထိတ်လန့်နေလေသည်။
တစ်ဖန် နန်ကလိုင်းတောင်သူကြီးသည် သူ၏ ဒူးလေး၊ ဓား လှံစသော လက်နက်များကို ဘေးနားအသာချထားကာ တစ်ဦးတည်း စကားဆက်ပြောသည်။ `နွားတွေအတွက်တော့ ဘာမှစိုးရိမ်ကြောင့်ကြ ဖွယ်ရာမလို၊ ကျားလာရင်လည်း ရှိတဲ့ဒူးလေးနဲ့ ပစ်ခွင်းရုံပဲ၊ တကယ်လို့ သူခိုးလာလည်း လက်ရုံးချင်းပြိုင်၍ လှံ ဓားအသုံးပြုကာ ခုခံရင်ဖြစ်တယ်။ ဒါတွေကတော့ အရေးမဟုတ်ပါဘူး၊ ဒေဝေါကိုတော့ ငါကြောက်တယ်။ တကယ်များ ဒေဝေါလာမှဖြင့် ငါ့ ဘယ်နည့်နဲ့မှ မတတ်နိုင်၊ လက်မှိုင်သာချရမှာပဲ´ စသည်ဖြင့် တောင်သူကြီးက သူမတတ်နိုင် လက်မှိုင်ချရမည့်အကြောင်း ပြောနေစဉ်မှာပင် သူခိုးသည် အကြောက်ကြီးကြောက်လာသည်နှင့် ဆင်းပြေးဖို့သာ ခြေလှမ်းပြင်လေသည်။ ကျားကြီးက ထိတ်လန့်ကာ နွားကို ဆွဲစားဖို့ စိတ်မကူးနိုင်တော့ဘဲ သူ့ကို ရန်ရှာမည့်စိုး၍ တောတွင်းပြန်ပြေးရန် ပြင်လေသည်။ ထိုအခိုက်အတန့်အတွင်းမှာပင် မိုးများချုန်းပြီး ရွာလာသဖြင့် တောင်သူကြီးသည် ထိတ်လန့်တကြား ´ဟော ခက်တော့တာပဲ၊ ဒေဝေါတော့လာပြီ´ ဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်တည်း သူခိုးသည် ရှေ့နောက်မစဉ်းစားတတ်သူပီပီ အလိုလို အကြောက်ကြီးကြောက်ကာ ထုပ်ပေါ်မှ ခုန်အချ၊ တဲအောက်မှ ကျားကြီးကလည်း ဒေဝေါလာပြီဆိုပြီး မိမိအသက်ရန်ရှာလိမ့်မည်ထင်ကာ ပုန်းအောင်းရာမှ ထွက်အပြေး၊ သူခိုးသည် ကျားကြီး၏ ကျောကုန်းပေါ်မှ ခွလျက်သားကျကာ ဘာရယ်ညာရယ်မသိ၊ ဖက်မိဖက်ရာတွယ်၍ ဖက်လိုက်သွားတော့သည်။
ကျားကြီးကမူ မိမိအပေါ် ဒေဝေါစီးပြီဟုထင်ကာ တောတွင်းသို့ ပြေးလေသည်။ သူခိုးကလည်း မိမိသည် ဒေဝေါပေါ်တွင် စီးလျက် ဒေဝေါနောက်ကို ပါလာပြီဟုထင်ကာ အသက်ဘေးမှ ကင်းဝေးရန် ဘယ်လိုကြံရပါမလဲဟု စဉ်းစားနေစဉ် လျှပ်စီးက ၀င်းခနဲ လက်လိုက်သည်နှင့် မိမိမှာ ဒေဝေါအပေါ် စီးလာသည်မဟုတ်၊ ကျားကြီးကျောပေါ် ပါလာသည်ကို သိသည်နှင့် ပိုမို၍ ကြောက်ရွံ့ကာ သစ်ပင်ကြီးတစ်ပင်အောက်အရောက်တွင် ခုန်ဆင်း၍ နေခဲ့လေသည်။
ကျားကြီးကလည်း မိမိကို ဒေဝေါစီးခြင်းမှ လွတ်သဖြင့် ၀မ်းသာအားရ ခြေစုံပစ်ကာ ပြေးလေသည်။
တောစပ်အရောက်တွင် မျောက်တစ်ကောင်က မြင်၍ `အို… အဆွေကျား ဘာဖြစ်လို့ ထိတ်လန့်တကြား ပြေးလာရသလဲ´ ဟု ဆီးကြို၍ မေးလိုက်သည့်အခါ ကျားကြီးက `အဆွေမျောက်ညို သင်မေးသော်လည်း သိရုံသာရှိပါမည်၊ ကျွန်ုပ်ရန်သူကို သင်မြင်းဖူးမည်မဆိုထားဘိ ကြားဖူးမည်ပင်မထင်၊ ယခု ကျွန်ုပ်မှာ တွေ့တွေ့ခင်း ဆောက်နှင့် ထွင်းသလို ယခုမှ ကြားဖူး၊ ယခုမှတွေ့ဖူးပြီး ယခုလို ဒုက္ခရောက်ကာ အသက်ဘေးမှ သီသီလေး လွတ်ခဲ့ရပါသည်´ ဟု ပြောပြ၏။ ထိုအခါ မျောက်ညိုက `အို… အဆွေကျား ကြောက်ကြောက်လန့်လန့်နဲ့ ဘာတွေ လျှောက်ပြောနေတာလဲ၊ မကြောက်ပါနဲ့တော့၊ တောစပ်ကို ရောက်နေပြီပဲ´ ဟု အားပေးစကား ပြောကြားလေသည်။
ကျားကြီးက တစ်ဖန် `အဆွေမျောက်ညို ကျွန်ုပ် တကယ်ပြောတာပါ၊ ဟောဟို အရှေ့စူးစူးမှ ညို့မှိုင်းအုပ်ဆိုင်းနေတဲ့ သစ်ပင်ကြီးအောက်မှာ ဆင်းနေရစ်ပါတယ်၊ ကျွန်ုပ်ကျောပေါ်မှာစီးပြီး ကုပ်ကို ဆွဲဖက်လိုက်လာတာ ကုပ်မွေးများတောင် မရှိတော့ဘူး ကြည့်ပါ။´ ဟုပြောသည်။ မျောက်ညိုကမူ ကျားကြီးကုပ်မွေးများကို ကြည့်ကာ မယုံတယုံနှင့် `ဤသို့ ဆိုလျှင် ဒေဝေါကို သွားကြည့်ရအောင်´ ဟု ပြောလေသည်။ ကျားကြီးက သူမလိုက်လိုဟု ကြောက်ရွံ့ထိတ်လန့်သဖြင့် ငြင်းနေသော်လည်း မျောက်ညိုက ခေါ်လှမက ခေါ်သဖြင့် လိုက်သွားရလေသည်။
ကျားကြီးနှင့် မျောက်ညိုတို့ သစ်ပင်ကြီးအောက် ရောက်သည့်အခါ ဒေဝေါခေါ် သူခိုးကိုမတွေ့သဖြင့် မျောက်ညိုက `ဘယ်မှာလဲ ဒေဝေါ အကောင်´ ဟုမေးသည်။ ကျားက `စောစောကတော့ ဒီနားမှာပဲ နေရစ်တယ်´ ဟု ပြောသဖြင့် သစ်ပင်ဘေးပတ်ဝန်းကျင်ကို ရှာဖွေသော်လည်း မတွေ့၍ ကျားကြီးက သစ်ပင်ကြီးကို မှီထိုင်နေလိုက်သည်။ ဤတွင် သစ်ပင်ခေါင်းထဲ ၀င်နေသော သူခိုးက ကျားကြီးခေါင်းကို သစ်ခေါင်းပေါက်က လက်သီးနှင့် ထိုးလိုက်သဖြင့် ကျားကြီးသည် သူ့ကို ဒေဝေါထိုးသည်ဆိုကာ လန့်ဖျပ်ပြီး ဒရောသောပါး တောတွင်းသို့ ပြေးလေတော့သည်။
မျောက်ညိုကမူ ကျားကြီးပြေးရာကို မလိုက်ဘဲ နေရစ်ပြီး ကျားကြီးသည် မိမိ မကြောက်ကြောက်အောင် လိမ်ညာဖြားယောင်း၍ ကလိန်ဥာဏ်ဆင်ခြင်းသာ ဖြစ်သည်။ ကျားကြီးပြောသည်ကို ငါမယုံ၊ သူသည် စဉ်းလဲသောကျား ဖြစ်သည်ဆိုကာ တကယ်ဒေဝေါ ဟုတ်မဟုတ် သိရအောင်ဆိုပြီး သူ့အမြီးကို သစ်ခေါင်းအပေါက်ထဲ လျှိုကြည့်သည်။ ဤတွင် သူခိုးက မျောက်ညိုအမြီးကို ဆောင့်ဆွဲလိုက်သဖြင့် သူ့ကိုဒေဝေါက အမြီးဆွဲသည်ဆိုပြီး ပြေးလေတော့သည်။
တောစပ်သို့ ရောက်သည့်အခါ ယုန်တစ်ကောင်သည် ကျားနှင့် မျောက်ညိုတို့ မတိမ်းမယိမ်း ပြေးလာသည်ကို မြင်လေသည် သို့မြင်လျှင် မြင်ချင်း ဆီး၍ `အဆွေကျားနဲ့ အဆွေမျောက်ညို ဘာကြောင့် ကြောက်ကြောက်လန့်လန့် ပြေးလာကြရပါသလဲ´ ဟု မေးလေသည်။
ကျားကြီးနှင့် မျောက်ညိုတို့ မောကြီးပန်းကြီးနှင့် ကျားကြီးကလည်း ဒေဝေါက လက်သီးနှင့် ထိုးသည့်အကြောင်း၊ မျောက်ညိုကလည်း ဒေဝေါက အမြီးဆောင့်ဆွဲကြောင်း တစ်ယောက်တစ်မျိုး ခံစားချက်များကို ယုန်အား အကြောင်းစုံ ရှင်းပြသည်။ ယုန်ကမူ `အို အဆွေတို့ ဘာတွေလျှောက်ပြောနေပါသလဲ၊ ဒေဝေါဆိုသည်မှာ မကြားဖူးပါ၊ သင်တို့ ယခုပြောမှ ကြားဖူးရသည်။ ကျွန်ုပ်ကို လိုက်ပြပါ´ ဟု ဆိုသဖြင့် ကျားကြီးနှင့် မျောက်ညိုက `အဆွေက ကျွန်ုပ်တို့ ဒုက္ခရောက်သည်ကို ကြည့်လို၍ ဒုက္ခဘေးဒဏ်ရောက်အောင် ဒေဝေါဆီကို `၀´ကွက်အပ်မလို့လား´ ဟု ပြောကြသည်။
`အို အဆွေတို့ သင်တို့ အမှားကြီးမှားနေကြပြီ၊ ရိုးသူကို သူခိုးထင်၊ သူခိုးကို ရိုးသူထင်ကာ မပြောပါနှင့်၊ ကျွန်ုပ်သည် သူတစ်ပါးအတိဒုက္ခရောက်မှာကို ချောက်မတွန်းတတ်ပါ၊ သူတစ်ပါး ဘေးဒုက္ခကို ကယ်ဆယ်ဖို့ရန် အသင့်ပါ၊ လာပါ အဆွေတို့ ကျွန်ုပ်ကိုလိုက်ပြပါ´ ဟု ဒေဝေါကို ကြည့်လို မြင်လိုဇောနှင့် ယုန်ကခေါ်သည်နှင့် ကျားကြီးနှင့် မျောက်ညိုတို့လည်း မရဲဘဲနှင့် ကျွဲလှည်းစီးဆိုသကဲ့သို့ ကြောက်ကြောက်ရွံ့ရွံ့နှင့် လိုက်သွားရလေသည်။
မိတ်ဆွေသုံးဦးတို့ သစ်ပင်အောက်ရောက်သည့်အခါ ဒေဝေါကိုမတွေ့၊ သူခိုးသည် မိမိ အသက်ဘေးမှ ကင်းဝေးရန် ရွာသို့ပြန်လမ်းကို ကြည့်လို၍ သစ်ပင်ထိပ်မှ တက်ကြည့်နေချိန် ဖြစ်လေသည်။
မိတ်ဆွေသုံးဦးသည် ဟိုကြည့် သည်ကြည့်ပြီး မတွေ့၍ ယုန်က `ဘယ်မှာလဲ အဆွေကျားနှင့် အဆွေမျောက်ညို သင်တို့ပြောတဲ့ ဒေဝေါ´ ဟု မေးသည်။ `ခုနတုန်းကတော့ ဟောဒီသစ်ပင်ခေါင်းထဲမှာပဲ´ဟု ပြောသောအခါ သစ်ပင်ပေါ်မှ သူခိုးက ကြောက်ရွံ့ပြီး တုန်တုန်ရီရီ ဖြစ်လာသဖြင့် သစ်သီးများ ကြွေကျကုန်၏။ သို့နှင့် မိတ်ဆွေသုံးဦး မော့ကြည့်ရာ သူခိုးက အကြောက်ကြီးပြီး ပို၍ တုန်လေတော့သဖြင့် သစ်ကိုင်းကျိုးပြီး ဖျောင်းခနဲ မြည်သည်နှင့် မိတ်ဆွေတစ်စု ထွက်အပြေး သစ်ကိုင်းဖျားခတ် ရိုက်သောကြောင့် ဒေဝေါလိုက်ရိုက်သည်ဆိုကာ ပြေးကြတော့သည်။
သူခိုးကလည်း မိမိအသက်ဘေးမှ ကင်းဝေးရန် ရွာရှိရာသို့ တစ်ချိုးတည်း ဖနောင့်နှင့် တင်ပါးတစ်သားတည်းနေအောင် ပြေးတော့သည်။
တောတန်းတစ်လျှောက် ပြေးလာသော ကျားကြီး၊ မျောက်ညို၊ ယုန် အဆွေ ၃-ကောင်ကိုမြင်သော ကေသရာဇာခြင်္သေ့မင်းက `အဆွေသုံးဦး ဘာအရေးကြောင်းကြောင့် အခုလို ထိတ်လန့်တကြား ပြေးလာရသလဲ´ ဟု ဟစ်အော်ကာ မေးလိုက်သည်။ အဆွေတစ်စုက `ကျွန်ုပ်တို့ ပြေးလာရခြင်းမှာ ဒေဝေါ၏ ရန်ကိုကြောက်၍ ပြေးလာရခြင်းဖြစ်ပါသည်´ ဟု ရှင်းလင်းပြောပြလိုက်သည်။ ကေသရာဇာခြင်္သေ့မင်းသည် ဟား… ဟား… ဟား ဟု ဟက်ဟက်ပက်ပက် ရယ်မောကာ `သင်တို့သည် အတွေးအခေါ်အမြော်အမြင် နည်းသေးတာပဲ၊ ဒေဝေါဆိုသည်မှာ `မိုး´ကို ခေါ်သည်။ သင်တို့ကို ဒုက္ခပေးနေသည့် ဒေဝေါသည် လူသာဖြစ်ရမည်။ သင်တို့အဆွေသုံးဦးသည် ကျွန်ုပ်နှင့်သာ မတွေ့လျှင် ခက်ရချေ၏။ သင်တို့ အဆွေတစ်စု ဒုက္ခပေးနေသည့် ဒေဝေါအရေခြုံလူကို အမောပြေ အပန်းဖြေ စီတ်ပြေ လက်ပျောက်စားရအောင် သွားရှာကြရအောင်´ ဟု ဆိုကာ သွားကြလေသည်။
သစ်ပင်အောက်သို့ ရောက်သောအခါ သူခိုးကို မတွေ့၊ သစ်ကိုင်းအကျိုးကိုသာ တွေ့၍ ခြင်္သေ့မင်းက `ဘယ်မှာလဲ ဒေဝေါ´ဟု မေးသည်။ ဤတွင် `ပြေးပြီထင်သည်´ဟု ပြောရင်း အခဲမကြေဘဲ သုံးဦးသား အံတခဲခဲနှင့် ကြည့်နေကြလေသည်။
**လူထု-ဦးလှ>>
Sunday, August 9, 2009
ဒေဝေါ…
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment