ဂလက်စဂိုမြို့သို့ရောက်လာခဲ့ပြန်ချေပြီ။ ကမ္ဘာ့လှုပ်ရှားမှုနေ့အဖြစ် နိုင်ငံတကာ ကင်ပိန်းများတွင် ပါဝင်ဖို့ဖြစ်သည်။ လွန်ခဲ့သော စက်တင် ဘာတော်လှန်ရေးတုန်းကလဲ တကမ္ဘာလုံးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကို သွားသတိရမိသည်။ ဘာလိုလိုနဲ့ နှစ်တွေတောင် ကြာလာခဲ့ ပြီပဲ။ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံတွေဘက်ကို နိုင်ငံရေးချိန်ခွင်လျှာ အလေးသာစေမည့် ဖြစ်ရပ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပေါ်နေ လျက်ရှိသည်။ ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း၊ ပြီးတော့ အခု လူထုခေါင်းဆောင် မတရားအမှုဆင် ထောင်သွင်းခံရမှု။ နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အစိုးရခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အများဆုံးခံရသည့် အဖြစ် အပျက်များ။ ပြည်ပရောက်မြန်မာများကို တ၀ုန်းဝုန်းလှုပ်ရှားမှုများ ဖြစ်စေသည့် အဖြစ်အပျက်များ။ ကောက်ရိုးမီးတောက်လို ခဏ တောက်ပြီး၊ ပြန်ငြိမ်ကျသွားခြင်း မရှိစေရန်ကိုတော့ အားလုံးဂရုစိုက်ကြဖို့ လိုအပ်သည်။ ရှေးယခင်က ကောက်ရိုးမီးတောက်ဖြစ်ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာများကို ပြန်ယူကြဖို့ လိုအပ်သည်။ သို့မှသာ ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံး သတ်တိုက်ပွဲဆီသို့ဦးတည်နိုင်ပေလိမ့်မည်။
ကောက်ရိုးမီးတောက်သင်ခန်းစာများ
ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း စသည်တို့ကို ပြန်လှန်သုံးသပ်ကြည့်ပါစို့။
ဒီပဲယင်းလူသတ်ပွဲသည် ရှစ်ဆယ့်ရှစ် တော်လှန်ရေးနောက်ပိုင်းတွင် ၀ုန်းကနဲ လူအများအာရုံကို ဆွဲယူနိုင်စွမ်းအရှိဆုံး မီးတောက်တခု ဖြစ်ခဲ့သည်။ တကမ္ဘာလုံးတွင် ဆန္ဒပြပွဲများ တရှိန်ထိုး ဖြစ်ပွားစေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများသို့အရေးယူပေးပါရန် တောင်းဆို မှုများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ယခု ခြောက်နှစ်ကြာ ကာလရောက်တော့ ဤမျှကြီးမားလှသော လူသတ်ပွဲ၊ နိုင်ငံတော်အကြမ်း ဖက်မှုပွဲကြီးသည် ဒီပဲယင်းနှစ်ပတ်လည် တနာရီကြာ ဆန္ဒပြပွဲလေးများ ဟိုတစ၊ ဒီတစ ပေါ်လာရုံလေးမျှသာ ကျန်တော့သည်။ ဘာတွေ မှားခဲ့ကြသနည်း။ လူထုခေါင်းဆောင်နှင့် လူထုရွေးကောက်တင်မြှောက်ထားသည့် တပ်ဦးပါတီအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုကို လူထုသို့ စည်းရုံးလှုံဆော်ရန် ပျက်ကွက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများအပေါ် အလုံးစုံ အားကိုးခဲ့ကြသော ကြောင့်ဖြစ်သည်။ ထိုအားကိုးစိတ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ အမှန်တကယ်စွမ်းဆောင်နိုင်မှု အခြေအနေကို မသုံးသပ်တော့ပဲ၊ နိုင် ငံတကာကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသော စိတ်ကူးယဉ်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များက ၀င်ရောက်သွားသည်နှင့်၊ အစိုးရခေါင်းဆောင်များမှ စတိတ်မင့်များ ထုတ်လိုက်သည်နှင့် ငါတို့တော့ အောင်မြင် တော့မှာပဲဆိုသော မျှော်လင့်ချက်ကြီး ပေါ်လာသည်။ ထိုစိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်သည် ပြည်သူလူထုထံသို့လည်း မီဒီယာများမှ တ ဆင့် ကူးစက်သွားသည်။ ထိုမှတဆင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီ လှုပ်ရှားမှု လျော့သွားတော့သည်။ မျှော်လင့်သလို တကယ်ဖြစ်မလာ သော အခါတွင်ကား မီးတောက်က မီးညွန့်ကျိုးသွားခဲ့ပြီ။
စက်တင်ဘာတော်လှန်ရေးသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ခဲ့သည်။ ပြည်ပမီဒီယာတွေအားလုံးမှာ သတင်းအချက်အလက်တွေ တမဟုတ်ချင်း ပျံ့နှံ့သွားသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရခေါင်းဆောင်များမှ ကန့်ကွက်မှုများ ရက်အနည်းငယ်အတွင်းထွက် လာသည်။ တကမ္ဘာလုံးရှိ Grass root အဖွဲ့အစည်းများ၊ ကမ္ဘာ့ပြည်သူလူထုကလဲ တော်တော်အားပေးကြသည်။ မြို့ငယ်လေးများတွင် လုပ်သည့် လှုပ်ရှားမှုများတွင်ပင် လူထောင်ချီသည်။ လုံခြုံရေးကောင်စီအထိ ရောက်သည်။ တရုတ်၊ ရုရှားက ကန့်ကွက်တော့ နိုင်ငံတကာ လှုပ်ရှားမှုအရှိန် အနည်းငယ်ကျသွားသည်။ ဂမ်ဘာရီဝင်သွားလိုက်တော့ အောင်တော့မယ်ဆိုသည့် မျှော်လင့်ချက်များက ထွက်လာပြန် သည်။ ယူအင်တပ်ကြီးပဲ ၀င်လာတော့မလိုလို၊ အခုပဲ အမေရိကန်နဲ့ ဗြိတိန်က ၀င်လာတော့မလိုလို သတင်းလွှင့်ကြပြန်သည်။ လူထုကလဲ တကယ်ဟုတ်တော့မှာပဲလို့ စောင့်စားသည်။ ရန်သူက နိုင်ငံတကာကို ဘယ်လိုလှည့်စားရမလဲဆိုတာ နောကြေနေပြီ။ ဒိုင်ယာလော့ခ် လုပ်တော့မလို ခြေလှမ်းပြလိုက်သည်။ ဘယ်လောက်ပဲခံရ၊ ခံရ ရန်သူ့ ခြေလှမ်းကို သဘောမပေါက်ကြသေး။ ထောက်ခံကြိုဆိုမှုများပင် လုပ်လိုက်ကြသေးသည်။ လှည့်စားခံရမှန်း တကယ်သိရတော့ ပွဲပြီးမီးသေ ဖြစ်နေပြီ။ ဖြစ်နိုင်ချေမရှိသော မျှော်လင့်ချက်များပေးခဲ့မှုက လူထုရဲ့ စိတ်ဓာတ်တက်ကြွမှုနှင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။
နောက်တခါ ပေါ်ထွက်လာသည်က နာဂစ်မုန်တိုင်း။ နာဂစ်မခံရသည့် ဒေသများမှ ပြည်သူများကို လှုံ့ဆော်ရေးလုပ်ပြီး၊ မုန်တိုင်းဒဏ်ခံရ သည့် ပြည်သူများအား ကူညီရေးအတွက် စစ်အုပ်စုအား တောင်းဆိုသည့် လူထုအုံကြွမှု ပြုလုပ်ရန် လုပ်သည့် အဖွဲ့များက အနည်းငယ် သာရှိသည်။ အားလုံးဝုန်းဒိုင်းကျဲလုပ်နေသည်ကတော့ အမေရိကန်ဝင်ပေးရန်၊ ယူအင်ဝင်ပေးရန် တောင်းဆိုမှု သာဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေး နားလည်သူများက ဖြစ်မည်မဟုတ်ဟု ပြောကြတော့၊ ထိုလူများကိုပင် နအဖ လူများဟု စွပ်စွဲကြပြန်သည်။ နိုင်ငံ၏ နိုင်ငံ ရေးပထ၀ီဝင် အနေအထားကိုလဲ ထည့်မတွက်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ကိုင်မှုစွမ်းရည် အားနည်းချက်များကိုလဲ မစဉ်းစား၊ အ ဖြစ်အပျက်နှင့် လုံးဝမဆိုင်သည့် ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ဖို့ကိုလဲ ထည့်ပြောကြသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဆိုတာ ဘယ်လိုအခြေအနေ မျိုးမှာ လွှတ်ရသည်ဆိုတာကို မသိလို့တော့ ဖြစ်မည်မဟုတ်။ ရမလားဆိုပြီး၊ ထင်ရာမြင်ရာ စွတ်တင်ကြခြင်းသာ ဖြစ်သည်။ အမေရိကန် တပ်များကို မည်သို့မည်ပုံကြိုဆိုရမည်များကိုပင် မြန်မာပြည်သူလူထုကို နည်းပေးလမ်းပြလုပ်ကြသေးသည်။ လက်တွေ့ကျတော့ သဲထဲ ရေသွန်ဖြစ်ကုန်ခဲ့သည်။
အရေးထဲ၊ အရာထဲမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ ထောက်ခံမဲများ လိမ်ယူသွားသည်။ နောက်ပိုင်းဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ပေးပါဆိုတော့ လူထုက ထောက်ခံထားလို့၊ လူထုက မလေးစားရာကျမှာစိုးလို့ ဆိုပြီး သူခိုးက လူပြန်ဟစ်နေသည်။ နောက်ပိုင်းမှ ဖွဲ့စည်းပုံကို ပြင်ပေးပါ တောင်းဆိုမယ့်အစား၊ ပွဲမဖြစ်ခင်ကတည်းက မပြင်ရင် လူထုက မဲလုံးဝမပေးပဲ ကန့်ကွက်မည်ဟု အဘယ်ကြောင့် မဆိုခဲ့ကြပါသနည်း။ ရန်သူသည် မသမာသူ လူလိမ်လူညာများမှန်း အကြိမ်ကြိမ်သိပြီးသားဖြစ်ပါလျက်၊ မဲခိုးမဲလိမ်မည်ကို ထည့်မတွက်ပဲ ကန့်ကွက်မဲ ဘာ ကြောင့် ထည့်ခိုင်းခဲ့ကြသနည်း။ နအဖကတော့ မှန်မှန်ကန်ကန်လုပ်မှာပဲလို့များ စိတ်ကူးယဉ်ခဲ့ကြသလား၊ အကောင်းမြင် မျှော်လင့်ချက် လေးများကို ဒီလောက် ဆိုးဝါးယုတ်မာသော ရန်သူအပေါ်မှာမှ ထားရှိပြီး၊ ယုံကြည်နေမှုသည် ရန်သူနှင့် မတန်ကြောင်း သဘောပေါက် သင့်ကြပြီ။ ဒီကြားထဲ ရွေးကောက်ပွဲဆိုတော့ ၀င်ရမယ်၊ ပူးသတ်ရမယ်လို့ ဆိုလာကြပြန်သည်။ နိုင်ငံတကာ စောင့်ကြပ်မှုလို့ ဆိုလာကြ ပြန်သည်။ စောင့်ကြပ်ကြည့်ရှုသည့်ကြားက မဲလိမ်သွားရင် ဘယ်လိုလုပ်ကြပါမည်နည်း။ စစ်အုပ်စုက မသမာနည်းသုံးရင်လဲ နိုင်ငံတကာ က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသည့် မျှော်လင့်ချက်ကို မည်မျှထိ ဆက်ဆုပ်ကိုင်ထားမည်နည်း။ လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ မှန်ပါသည်။ အဖြစ်အပျက်နှင့် လျော်ညီသည့် အသုံးအနှုန်းများဖြစ်သော ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း၊ စစ်အုပ်စုကို ဘာလုပ်ဖို့၊ ညာလုပ်ဖို့ တိုက်တွန်းပါကြောင်း စတိတ်မင့်ပေါင်းများစွာ ထွက်လာပါလိမ့်မည်။
ယခု ကျွန်မတို့ လူထုခေါင်းဆောင်အား စစ်အုပ်စုမှ မတရားအမှုဆင် ဖမ်းဆီးထောင်ချရန် ပြုလုပ်မှုတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်း ပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ စတိတ်မင့်များစွာ ထွက်လာခဲ့ပြီးပြီဖြစ်သည်။ တကမ္ဘာလုံးက လှုပ်ရှားမှုများကလဲ အားတိုက်အင်တိုက် ပေါ်ထွက် လာခဲ့ပြီ။ တဦးတယောက်၊ တဖွဲ့တည်း၏ ကြိုးပမ်းမှုမဟုတ်။ စုပေါင်း ကြိုးစားမှုများ၏ ရလာဒ်ဖြစ်သည်။ တခုပဲရှိသည်။ ယခင်အဖြစ် အပျက်များတုန်းက ဖြစ်ခဲ့သလို ကောက်ရိုးမီးတောက်နဲ့ မီးညွန့် မကျိုးရန် ဘာဆက်လုပ်ကြမည်နည်း။
ဘာဆက်လုပ်ကြမလဲ
နိုင်ငံတကာရောက် မြန်မာများ၏ နိုင်ငံတကာကင်ပိန်းကို အချိန်တိုအတွင်း ၀ိုင်းဝန်းအကောင်အထည်မှု ရလာဒ်သည် အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီ။ စစ်အုပ်စုကိုအများဆုံး အကာအကွယ်ပေးလေ့ရှိသည့် အာဆီယံကပင် ဖိအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီ။ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သွားမလိုလို၊ ဆက်ရှိတော့မလိုလို အနေအထားမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိမှု ရလာဒ်ကြီး ထွက်ပေါ်လာခဲ့ပြီ။ တနည်းဆိုလျှင် နိုင်ငံတကာ စစ်မျက်နှာ ခံတပ်ကြီးကို အတိုက်အခံများဘက်မှ သိမ်းပိုက်လိုက်နိုင်သည့် အောင်ပွဲကြီး တခုပင်ဖြစ်သည်။ ထိုမျှနှင့် ကျေနပ်နေလို့ မရ။ ခံတပ်တခု သိမ်းပြီးလျှင် အစောင့်တပ်ထားပြီး စစ်ကြောင်းဆက်ထွက်ရသည်။ နယ်မြေ ရှင်းလင်းရေး လုပ်ရသည်။ နိုင်ငံတကာ စစ်မျက်နှာသည် မြန်မာ့အရေးတွင် အမြောက်တပ်သဖွယ်သာ ရှိသည်။ စစ်အာဏာရှင်ခံတပ်ကို ဆက်လက်သိမ်းပိုက်ပြီး၊ အဆုံးသတ်အောင်ပွဲခံနိုင်ဖို့ အရေးကို ဆက်လုပ်ကြရမည်။ စစ်အာဏာရှင်စနစ် ပပျောက်ရေးကို ဆက်လုပ်ကြ ရမည်။ အောင်ပွဲ၏ အဆုံးအဖြတ်သည် ပြည်တွင်းမှာသာရှိသည်။ ပြည်တွင်းစစ်မျက်နှာကို ဦးမလှည့်နိုင်မချင်း ကောက်ရိုးမီးတောက် အောင်ပွဲအဆင့်က ဆက်တက်မည်မဟုတ်။ ဒါက ပကတိအမှန်တရားဖြစ်သည်။
နိုင်ငံတကာ ကင်ပိန်းကို ဦးဆောင်လုပ်နေသည့် အဖွဲ့များ၊ လူများနှင့် တပ်စောင့်ထားခဲ့ပြီး၊ ပြည်တွင်းစစ်မျက်နှာကို ရှေးရှုရတော့မည်။ ပြည်တွင်းစစ်မျက်နှာအတွက်လိုအပ်သော ငွေအား၊ လူအား၊ အတွေးအခေါ်၊ နည်းပညာအားများကို ဆက်လက်ပံ့ပိုးကြဖို့ လုပ်ကြရ တော့မည်။ နိုင်ငံတကာခံတပ်ကို ပြန်သိမ်းဖို့ ကြိုးပမ်းမည့် အနီးကပ်ရန်သူများလက်မှလည်း ကာကွယ်ကြရဦးမည်။ ရန်၊ ငါ ပြတ်ဖို့လို သည်။ နိုင်ငံရေးသမိုင်းတွင် အတူလျှောက်လှမ်းခဲ့သူများနှင့် ပတ်သက်သည့် သံယောဇဉ်၊ နှောင်ကြိုးလေးတွေ ရှိကြသည်။ သို့ပေမယ့် နိုင်ငံရေးလမ်းဆုံတွင် သူ့လမ်း၊ ကိုယ့်လမ်းလျှောက်ရပြီဆိုရင်တော့ သံယောဇဉ်ကို စာဖွဲ့နေလို့မရ။ နှောင်ကြိုးမပြတ်ရင် သူ့လမ်းကြောင်း မှာ လိုက်သွားရုံသာရှိသည်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်ပြီးမှ သံယောဇဉ်လေးတွယ်နေလို့ မရ။ ဆုံးဖြတ်ချက်ကို ရန်သူကို သွား ဆုံးဖြတ်ခိုင်းသည့် political engagement လမ်းကြောင်းရှိသည်။ မိမိတို့ဘာသာ ဆုံးဖြတ်အကောင်အထည်ဖော်ရမည့် initial democratization လမ်းကြောင်းရှိသည်။ ပြည်တွင်းမြေပေါ်က အခြေအနေအရ နိုင်ငံရေးကစားပြီး လမ်းကြောင်းမပြတ်တာ အကြောင်း မဟုတ်။ ပြည်ပနှင့် မြေအောက်ကတော့ လမ်းကြောင်းပြတ်ရမည်။ သူ့လမ်းမှန်ရင်လဲ မှန်မည်။ ကိုယ့်လမ်းမှန်ရင်လဲ မှန်မည်။ ဒါကို မှန် သည်၊ မှားသည် ငြင်းခုံနေဖို့ မဟုတ်။ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် မှန်မှန်ကန်ကန် မစွေမစောင်း လျှောက်ကြဖို့ကတော့ လိုအပ်သည်။
အခု နအဖဘက်က ဆက်တက်လာနိုင်မည့် ခြေလှမ်းဘာဖြစ်လာနိုင်သနည်း။ ၀ိုင်းဝန်းတွေးတောကြဖို့လိုပြီ။ ပကတိအခြေအနေတွင် လူထု ခေါင်းဆောင်ကို ထိန်းသိမ်းထားသည့် အမှုသွားအမှုလာ အခြေအနေများအရ
(၁) အမှုစစ်ဆေးကာလသည် အနည်းဆုံးနှစ်ပတ်မှ အများဆုံး ရှစ်ပတ်ခန့်ကြာနိုင်သည်။ (နိုင်ငံတကာ တောင်းဆိုမှုကြောင့်ဆိုပြီး အမှုပြန် ရုတ်သိမ်းရန် ဖြစ်နိုင်ချေနည်းသည်။
(၂) ထိုရှစ်ပတ်ကာလတွင် ရွေးကောက်ပွဲ မှတ်ပုံတင်လုပ်ချင်လုပ်လာနိုင်သည်။ အန်အင်ဒီကို ရွေးကောက်ပွဲမှတ်ပုံတင်ရန် တွန်းအားပေး လာနိုင်သည်။ လူထုခေါင်းဆောင်ကို ရုံးတင်အမှုစွဲဆိုထားသဖြင့် ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်မရှိဟု ဆိုလာ နိုင်သည်။
(၃) ငြိမ်းအဖွဲ့များကို တွန်းအားပေးရန် ငြိမ်းမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များကို စစ်ဆင်ရေးများ အကြီးအကျယ်ဆင်နွှဲ၍ ချောက်လုံး ပေးနိုင်သည်။
(၄) နာဂစ်တုန်းကကဲ့သို့နိုင်ငံတကာ ဖိအားကြားတွင် ဆန္ဒခံယူပွဲလုပ်သလိုမျိုး၊ ယခု အချိန်တွင်လည်း လူထုခေါင်းဆောင်ကို ထောင် သွင်းအကျဉ်းချထားပြီး၊ နိုင်ငံတကာ ဖိအားများကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်တွန်းသွားနိုင်သည်။
ဒီလို ခြေလှမ်းမျိုးတွေကို မည်သို့တုန့်ပြန်မည်နည်း။ ဖြစ်လာမှ တုန့်ပြန်သည်ထက် မဖြစ်ခင်မှာ မည်သို့ရပ်မည်နည်း။ ဒီလိုအခြေအနေ မျိုးဖြစ်ချင်လဲ ဖြစ်မည်။ ဖြစ်ချင်မှလဲ ဖြစ်မည်။ တယောက်တည်း စဉ်းစားမှုတွင် ဤသို့ထွက်လာသည်။ သောင်းနှင့်ချီသော ဦးနှောက် များ၏ စုပေါင်းတွေးတောမှုတွင်တော့ ဖြစ်နိုင်ချေနှင့် အနီးဆုံးသော အဖြေများ ဆက်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်း အဘိဓာန် ထုတ်ရတော့နိုင်လောက်သည့် ကမှ အ အထိ နိုင်ငံရေးအဖွဲ့အစည်းများအားလုံး တခါလာလဲ ယူအင်၊ တခါလာလဲ အမေရိကန်၊ တခါလာလဲ ဥရောပ သမဂ္ဂ၊ တခါလာလဲ အာဆီယံ လုပ်နေမည့်အစား၊ ဆက်လက်လုပ်နိုင်သည့် အဖွဲ့အစည်း အနည်းငယ်ကိုသာ လွှဲပေး လိုက်ပြီး၊ နအဖခြေလှမ်းအကဲဖြတ်ခြင်း၊ တုန့်ပြန်ရန် ဗျူဟာ ရေးဆွဲရေး၊ လူထုတိုက်ပွဲဖော်ဆောင်ရး စသည်များကို ဦးစားပေးသင့်ကြပြီ။ နိုင်ငံတကာမှ အဖွဲ့အစည်းများမှ သူလုပ်နိုင်သည့် ဘောင်အတွင်းမှာ လုပ်ပြီးသားမို့ က မှ အ အထိ အဖွဲ့အစည်းမျိုးစုံ၏ မဲပြာပုဆိုး တောင်းဆိုချက်များကို အချိန်ကုန်ခံ ထပ်စဉ်းစားမည်မဟုတ်။ သူတို့မှာလဲ သူတို့သက်ဆိုင်ရာ အလုပ်များ ရှိသေးသည်။ အီရတ်လို နိုင်ငံ တကာက ၀င်ပေးပါလို့ တောင်းဆိုဖို့ မည်သည့် နိုင်ငံတကာဥပေဒေကို ကိုင်စွဲတောင်းဆိုမည်နည်း။ မတောင်းဆိုခင် အရင် လုပ်ထုံးလုပ် နည်းများကို လေ့လာသင့်ကြသည်။ ထိရောက်သော အရေးယူမှုလို့ သုံးသည်က လူကြားကောင်းသည်။ ဝေဖန်နေခြင်းမဟုတ်။ မလိုအပ်ပဲ အချိန်ဖြုန်းနေမှာစိုးလို့ဖြစ်သည်။ လုံခြုံရေးကောင်စီဟု ဆိုရအောင် ဗွီတိုအာဏာရှိသည့် တရုတ်နှင့်ရုရှားကို မည်မျှအထိ စည်းရုံးပြီးကြ ပြီနည်း။ မစည်းရုံးရသေးပဲ မဖြစ်နိုင်သည်များကို တောင်စဉ်ရေမရ ပြောကာ ယခင်အဖြစ်အပျက်များကဲ့သို့ပြည်သူလူထုကို မှားယွင်းသော မျှော်လင့်ချက်များ မပေးကြဖို့ တောင်းပန်လိုပါသည်။ တရုတ်နှင့် ရုရှား၏ နိုင်ငံရေးအတွေးအခေါ်က ဆန္ဒပြပွဲများကို လက်မခံသေးပါ။ ဒါကို သူတို့ သံရုံးရှေ့ သွားအော်နေတာထက်စာရင် သူတို့ထဲမှ တာဝန်ရှိသူများကို ချိန်းဆိုပြီး ၀င်ရောက်ပြောဆိုမှုကို သူတို့ဘက်က ပို လိုက်လျောဖွယ်ရှိသည်။ သူတို့အခန်းကဏ္ဍကို မြှင့်ပြီး တွန်းအားပေးသင့်သည်။
ယခုအာဆီယံပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စကားစလာပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိပဲ၊ လူထုခေါင်းဆောင်အပါအ၀င် နိုင် ငံရေးအကျဉ်းသားများ မလွှတ်ပဲ ပြုလုပ်သည့် ရွေးကာက်ပွဲသည် တရားဝင်မှုမရှိဆိုသော ထိုအချက်ကို တကမ္ဘာလုံးမှ ထုတ်ပြောလာရန် အရှိန်မြှင့်ကြရမည်။ ယခုအောင်ပွဲလောက်ကို ကျေနပ်မနေကြနှင့်။ အချိန်မရွေး သွေးပြန်အေးသွားနိုင်သည်ကို သတိပြုရမည်။ ယူအင် ၀င်ပါဆိုတာထက် ထိုလမ်းကြောင်းကို အရှိန်မြှင့်သည်က နအဖ ခြေလှမ်းကို ပိုမိုရိုက်ချိုးဖို့အသုံးဝင်သည်။ တပြိုင်နက်တည်းမှာပင် ပြည် တွင်းလူထုကို ဒီပွဲကတော့ ကိုယ့်ဘာသာကိုယ်လုပ်မှရမည်။ နိုင်ငံတကာကိုပဲ အားကိုးလို့မရဟူသော အခြေအနေမှန်ကို တင်ပြဖို့လိုလာပြီ။ ပြည်တွင်းစစ်မျက်နှာကို ဆက်တိုက်အရှိန်မြှင့်ရတော့မည်။ မျှော်လင့်ချက်မှားများ မပေးလျှင် လူထုက သူဘာလုပ်ရမည်ကို သူ့ဘာသာ သူ သိသည်။
ရှစ်ဆယ့်ရှစ်တုန်းက ယခုလောက် နိုင်ငံတကာအာရုံစိုက်မခံခဲ့ရပါ။ က မှ အ အထိ အက္ခရာစုံ နိုင်ငံရေး အဖွဲ့အစည်းများလဲ မပေါ် ပေါက်ခဲ့သေးပါ။ သို့ပေမယ့် ပြည်သူလူထုသည် နေ၀င်း၏ အာဏာရှင်စနစ်ကို ဖြိုနိုင်ခဲ့ကြပါသည်။ ထိုအခြေအနေများနှင့်စာလျှင် ယခု စစ်အုပ်စုလက်ထက်တွင် လူထုအား ဖိနှိပ်ခံရမှုက ထိုစဉ်ကထက် ပိုများပါသည်။ စိတ်ဓာတ်သာရှိမည်ဆိုလျှင် ယခင်ကထက် ငွေအား တောင့်တင်းမှုကို ကျားကန်ပေးနိုင်သော နိုင်ငံတကာရောက် စီးပွားရေး ပြေလည်သူ မြန်မာများကလဲ ပေါ်ခဲ့ပြီ။ နိုင်ငံတကာအာရုံစိုက် ခံရမှုကလဲ ကြီးထွားနေခဲ့ပြီ။ နည်းပညာ၊ အတွေးအခေါ် ပံ့ပိုးနိုင်မှုအားကလဲ ကြီးမားလာခဲ့ပြီ။ တခုပဲ ဆုတ်ယုတ်နေတာရှိသည်။ အချက် အလက်အပေါ်တွင် အခြေပြုသည့် စဉ်းစားတွေးခေါ်မှုကို ဦးစားမပေးပဲ စိတ်ကူးယဉ်ဖြစ်နိုင်ချေများက လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင် ကြီးမားလှစွာသော မျှော်လင့်ချက်ကြီးများ ထားရှိမှု၊ သူဘာလဲ၊ ငါဘာလဲနှင့် ပြိုင်ဆိုင်မှု၊ မိမိတို့အဖွဲ့အစည်းကိုသာ အာရုံစိုက်မြှင့်တင်မှု စသည်တို့ကြောင့် ဖြစ်သည်။
နိဂုံး
လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်မြင်ယောင်ကြည့်လိုက်ကြပါ။ ဒီတုန်းက ယခုအဖွဲ့အစည်းများမှာ ပါဝင်နေသူများအားလုံးသည် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း ကျောင်းသားလေးများဖြစ်ပြီး၊ အပျံသင်စ ငှက်ငယ်လေးများ ဖြစ်ခဲ့ပေမယ့် ထိုကျောင်းသားလေး များရဲ့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်မှု လူထုစစ်ကြောင်းများနောက်မှာ ထောင်နဲ့ချီသော လူထုကြီးက စုပေါင်းညီညွတ်စွာ လိုက်လံပါဝင် ခဲ့ကြပါသည်။ ကျောင်းသားငယ်လေးများ၏ ကြွေးကြော်သံ တိုင်တည်ပေးမှုများနောက်မှာ တညီတညွတ်တည်း သံပြိုင်ဟစ်ခဲ့ကြပါသည်။ ထိုစဉ်က လုထုကြီးပေးအပ်ခဲ့သည့် ယုံကြည်မှု၊ မျှော်လင့်ချက်များကို ယခုအချိန်ထိ ကျွန်မတို့ ပြည့်မှီအောင် မလုပ်နိုင်ခဲ့သေးပါ။ ကျဆုံး ခဲ့သူများရဲ့ ပေးဆပ်မှု၊ တာဝန်လွှဲပေးခဲ့မှုများကို တာဝန်ကျေအောင် ကျွန်မတို့ မထမ်းဆောင်ကြရသေးပါ။
သို့ပါ၍ အဖွဲ့အစည်းစွဲ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါစို့။ အပြိုင်အဆိုင် စိတ်များ၊ ဂဏန်းကောင်များလို တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တ ယောက် ဆွဲချနေကြသော အပြုအမူများကို ဖယ်ရှားကြပါစို့။ ဖြစ်နိုင်ချေနည်းသော စိတ်ကူးယဉ်မှုများ၏ လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင် ကြီးမားလှစွာသော အားကိုးမှုများ၏ ဘောင်ခတ်မှုများကနေ ရုန်းထွက်ပြီး အချက်အလက်အပေါ်တွင် အခြေတည်သည့် ဆုံးဖြတ်ချက် များကို ချမှတ်ကြပါစို့။ တဦးတယောက်က အဆိုပြုလာမှုများကို သူကဘာလဲ၊ ငါကဘာလဲ လိုက်မေးမယ့်အစား၊ ပြောသူထက် အချက် အလက်ပေါ်မှာ စဉ်းစားမှုကို အာရုံစိုက်ကြပါစို့။ မြေပေါ်မြေအောက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ကြပါစို့။ မြေ အောက်နဲ့ မီဒီယာကို မရောထွေးပဲ တည်ဆောက်မှုပိုင်းကို အလေးထားကြပါစို့။ သံယောဇဉ်တွေ၊ မိတ်ဆွေတွေ ဆိုတာထက် နိုင်ငံရေး ရပ်တည်ချက်ကိုသာ အာရုံစိုက်ပြီး ရန်၊ ငါ ပြတ်ကြပါစို့။ လူထုနဲ့ တော်လှန်ရေးကို တသားတည်းဖြစ်စေရေးအတွက် ကျရာနေရာမှ ပါဝင် ဆောင်ရွက်ကြရင်း ကောက်ရိုးမီးတိုက်ပွဲမှသည် မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့ ဦးတည်ကြပါစို့။
(နေ့သစ် ဘလော့(ဂ်)စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
Sunday, May 24, 2009
ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment