Thursday, May 21, 2009

ဒေါ်စု အမှုကြောင့် စစ်အစိုးရကို ICC ကနေ အရေးယူနိုင်သည့် အချက်တိုး

အင်တာဗျူး
ကိုဝိုင်း



ချင်းမိုင် (မဇ္ဈိမ)။ ။ ဒီပဲယင်းအရေး၊ ရွှေဝါရောင် လှုပ်ရှားမှုနှင့် မုန်တိုင်းဒုက္ခသည် စောင့်ရှောက်မှုအပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ် လက်ရှိ တရားစွဲဆိုသည့် ကိစ္စသည် လူသားချင်းမဆန်သည့် ပြစ်မှုအောက်တွင် ရှိနေသဖြင့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) မှ မြန်မာစစ်အစိုးရအား အရေးယူနိုင်သည့် အနေအထားများရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ၏ ICC အရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် နမ့်ဆန်းရှာဖောင် က မဇ္ဈိမကို ပြောသည်။

BLC က စစ်အစိုးရအား နိုင်ငံတကာ ခုံရုံးတင်ရန်အတွက် ကြိုးပမ်းလှုပ်ရှားနေရာ တရားစွဲဆိုရေးဆိုင်ရာ သဘောထား အမြင်နှင့် နည်းလမ်းများ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ICC ၏ ဆက်စပ်မှု၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲဆိုမှုတွင် စစ်အစိုးရသည် ရောမဥပဒေ ပုဒ်မ (၇) လူသားဖြစ်မှုကို ဆန့်ကျင်သော နိုင်ငံတကာ ဥပဒေ ပြစ်မှုပုဒ်မခွဲတရပ်နှင့် ကိုက်ညီနေပုံများကို နမ့်ဆန်းရှာဖောင်က ပြောဆိုထားသည်များကို တင်ပြလိုက်ပါသည်။

မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ပါသည်။

နမ့်ဆန်းရှာဖောင်
(မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ၏ ICC အရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်)

” Crimes against Humanity လို့ခေါ်တဲ့ လူသားမဆန်တဲ့ ပြစ်မှုအောက်မှာ ရောက်တယ်လေ။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့ဆိုရင် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာ ကျင့်သုံးတဲ့ Rome Statute ရောမဥပဒေ ပုဒ်မ (၇) လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ဥပဒေ ပြစ်မှုပုဒ်မခွဲ (၁) (င) မှာ ကိုက်ညီနေတယ်။ အဲဒီမှာ ဘာတွေ ပြဋ္ဌာန်းထားလဲဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်သွင်းအကျဉ်းချခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေရဲ့ အခြေခံစည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ လူတဦးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ပြင်းထန်စွာ ဆုံးရှုံးစေတယ် ဆိုရင်၊ အဲဒါဟာ ICC ရဲ့ ပုဒ်မ (၇) ပြစ်မှုပုဒ်မခွဲ (၁) (င) ကို ကျူးလွန်ရာရောက်တယ်။ အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာ တချက်ထဲကို ပြစ်မှုမြောက်တယ်ဆိုတာ မြင်ရတာဖြစ်သလို ဒီလိုမျိုးနည်းတူ ပြစ်မှုတွေလည်း အများကြီး ရှိသေးတယ်။ အဲဒါကြောင့် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးရဲ့ စီရင်ပိုင်ခွင့် ဘောင်အောက်မှာ ရောက်နေတယ်ဆိုတာ တကယ် ဖြစ်နေတာပါ။”

” နောက်တချက်က ကျမတို့ ပြည်တွင်း တရားစီရင်ရေးဟာ အားကိုးနိုင်လောက်တဲ့၊ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ဖို့အတွက် တရားဥပဒေစိုးမိုးရေး အခြေခံမူအရပေါ့နော်။ အပြစ်ရှိသူကို အပြစ်ပေးရေးဆိုတာကို တရားရုံးကိုယ်တိုင်က လုပ်ဆောင်ရမယ့် မူတွေဖြစ်တယ်။ ဒါပေမယ့် ကျမတို့ မြန်မာနိုင်ငံက ဒီလိုမျိုး တရားမျှတမှုကို ပြန်လည်ဖော်ဆောင်လို့ မရဘူး။ ဖော်ဆောင်နိုင်စွမ်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီဒေါ်အောင်ဆန်းစုကြည် case ကိုပဲ ကြည့်ပါ။”

” ၁၉၇၅ ခုနှစ်ကထုတ်တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ မှာဆိုရင် ဖမ်းဆီးခြင်းနဲ့ ပတ်သက်ပြီးတော့ အဓိကပြဋ္ဌာန်းထားတဲ့ နအဖ ဥပဒေဖြစ်တယ်။ တရားရုံးရဲ့ လုပ်ပိုင်ခွင့် အာဏာဟာဆိုရင် ထပ်ပြီးတော့ သက်တမ်းတိုးတာပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့် မရှိဘူး။ ဘာကြောင့်လဲဆိုရင် ၁၉၇၅ ခုနှစ် ဥပဒေမှာ ပယ်ဖျက်ထားပြီးသား ဖြစ်တယ်။ ပုဒ်မ ၂၁ မှာ။ ပုဒ်မ ၂၂ ဟာဆိုရင် တရားသူကြီးတွေက စီရင်ပိုင်ခွင့်အာဏာ၊ အပြစ်ပေး အရေးယူခြင်နဲ့ ပတ်သက်တယ်လေ။ ”

” ဒါပေမယ့် အခု နအဖ တင်လိုက်တဲ့အမှုအပေါ်မှာ တရားရုံးကိုယ်တိုင်ကိုက လက်ခံပြီးတော့ အမှု စစ်ဆေးကြားနာတယ် ဆိုတာဟာ ဒီတရားရုံးကိုယ်တိုင်က သူတို့ ချမှတ်ထားတဲ့ ဥပဒေ၊ ကန့်သတ်ထားတဲ့ ဥပဒေတွေကို တရားရုံးကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း ချိုးဖောက်တာဖြစ်တယ်။ ဒီနအဖ ရဲ့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေတဲ့ တရားရုံး ဖြစ်နေတယ်။ အဲဒီ အခြေအနေအောက်မှာ ဒီတရားရုံးက တကယ့်ကို မလွတ်လပ်တော့ဘူး။ ဒီတရားစီရင်စနစ်ဟာ တရားမျှတမှုကို ဖော်ဆောင်နိုင်စွမ်း ရဖို့အတွက် အားကိုးအားထားလောက်တဲ့ တရားရုံး မဟုတ်တော့ဘူးဆိုတာကို ကျမတို့ ကွက်ကွက်ကွင်းကွင်း မြင်ရလို့ ဖြစ်တယ်။ ”

” မကြာသေးခင်က အရှေ့တီမော သမ္မတကိုယ်တိုင်ကိုက ဒီလိုမျိုး နိုင်ငံတကာ တရားရုံးမှာ တရားဆွဲဖို့အတွက် တောင်းဆိုမယ် ဆိုပြီး ပြောတာကို ဒါဆိုးတက်မှု တခုပဲ။ ကျမတို့ မြန်မာနိုင်ငံအတွင်းမှာ တကယ်ဖြစ်ပျက်နေတဲ့ ပြစ်မှုတော်တော်များများနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့အသိုင်းအဝိုင်းက သိသထက် သိလာပြီ။ အဲဒီ သိလာတဲ့အပေါ်မှာ ICC မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံက တရားစွဲမယ်ဆိုပြီး pressure ပေးမယ်ဆိုရင် ရတယ်။ ပိုပြီးတော့ ဖိအားကောင်းတယ်။ အရှေ့တီမောက လက်မှတ်ထိုးထားတဲ့ နိုင်ငံထဲမှာ ပါတယ်။”

” မြန်မာနိုင်ငံက ICC မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။ ဒါကြောင့် ICC ကို တိုက်ရိုက်သွားလို့ မရဘူး။ ICC တရားရုံးမှာ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့် အာဏာရှိဖို့အတွက် လွှဲပြောင်းပေးဖို့ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် ကျမတို့ သွားရမှာ ဖြစ်တယ်။ ICC အဖွဲ့ဝင် ကိုယ်၌က မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ တရားရုံးမှာ လွှဲပြောင်းဖို့ လိုအပ်တယ်လို့ ပြောတာ ဒါ ပထမဆုံးဖြစ်တယ်။ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုနိုင်တယ်။ နောက်တခုကလည်း International Community ကိုလည်း တောင်းဆိုလို့ ရတယ်။ အဓိကကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီပဲ ဖြစ်တယ်။ ”

” ဥပမာ ဆိုရင် ဆူဒန် ဒါဖါးမှာ ဖြစ်တဲ့ ကိစ္စ၊ စစ်ခေါင်းဆောင်ကို လူသားမဆန်တဲ့ ပြစ်မှုရယ်၊ စစ်ရာဇဝတ် ပြစ်မှုတွေရယ် ဝရမ်းပို့တာလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက pass လုပ်ရတာပဲလေ။ ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ ယူရမှာဖြစ်တယ်။ ICC ရယ် UN Security Council ရယ်ကြားမှာ သဘောတူညီချက်တွေ ရှိတယ်လေ။ ”
http://www.mizzimaburmese.com

0 Comments:

blogger templates | Make Money Online