Monday, May 25, 2009

ဦးဝင်းတင် မနက်ဖြန် တရားရုံးတွင် ထွက်ဆိုမည်

ဦးဝင်းတင် မနက်ဖြန် တရားရုံးတွင် ထွက်ဆိုမည်
တနင်္လာနေ့၊ မေလ 25 2009 18:00 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက သက်သေ ၄ ဦး၏ စာရ င်းကိုတင်ပြထားပြီး မနက်ဖြန်တွင် သက်သေတဦး ဖြစ်သော ဝါရင့် သတင်းစာဆရာ ဦးဝင်းတင်က ထွက်ဆိုမှုပြုမည်ဟု သတင်းရပ်ကွက်များအရ သိရသည်။ အခြားသူများ၏ အမည်များကို ယခုထက်ထိ မသိရသေးပါ။
----------------------------------

ယနေ့ တရားခွင် ပြီးဆုံး
တနင်္လာနေ့၊ မေလ 25 2009 17:07 - မြန်မာစံတော်ချိန်

၆ ရက်မြောက်ဖြစ်သော ယနေ့ တရားခွင်တွင် တရားလိုပြသက်သေ ငါးယောက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လှန်မေးခွန်းများ ထုတ်ခဲ့ကြသည်။

တရားခွင်ကို နံနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် အဆုံးသတ်ခဲ့ကြသည်။

မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးမေးမြန်းမှု ပြုမည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
----------------------------------



ဒေါ်အောင်ဆန်းစုကြည်၏ မနက်ဖြန် တရားခွင် သတင်းထောက်များ ခွင့်ပြုဖွယ်ရှိ
တနင်္လာနေ့၊ မေလ 25 2009 16:30 - မြန်မာစံတော်ချိန်

မနက်ဖြန်ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏အမှု ကြားနာခြင်းသို့ ကန့်သတ်ထားသော အရေအတွက်ဖြင့် ပြည်တွင်းဂျာနယ် သတင်းထောက်များနှင့် ပြည်ပ သတင်းဌာနများ၏ ဌာန သတင်းထောက်များကို တက်ရောက် နားထောင်ခွင့် ရမည်ဟု သိရသည်။

အများပြည်သူရှေ့မှောက် လွတ်လပ်သော တရားစီရင်မှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေး ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံတကာက တောင်းဆိုထားသော်လည်း တံခါးပိတ် ခုံရုံးကို ဒုတိယအကြိမ် ပြည်တွင်းပြည်ပ သတင်းထောက်အချို့ကို ခွင့်ပြုမှာ ဖြစ်သည်။

သို့သော်လည်း ပြည်တွင်းဂျာနယ် သတင်းဌာနများမှာ တရားဝင် ဖိတ်ကြားလွှာ မရောက်သေးမှုကြောင့် စိတ်မချနိုင်သေးဘဲ “ကြားနေရတာပဲ” ဖြင့်သာ မျှော်လင့်နေကြရသည်။

မဇ္ဈိမက စုံစမ်း သိရှိရသည်မှာ သတင်းထောက် အယောက် ၂၁ ထိ ခွင့်ပြုမှာဖြစ်သည်ဟု ဆိုသည်။
----------------------------------

စစ်အစိုးရက တင်ပြသော တရားလိုပြ သက်သေစာရင်း
တနင်္လာနေ့၊ မေလ 25 2009 16:00 - မြန်မာစံတော်ချိန်

(၁) လ ၅၈၂၈၄ ဒုရဲမှူးကြီး ဇော်မင်းအောင် သတင်းတပ်ဖွဲ့ ရန်ကုန်မြို့

(၂) လ ၅၇၇၅၈ ဒုရဲမှူးကြီး မောင်မောင်ခင် ၊ မှုခင်းတပ်ဖွဲ့ အင်းစိန်

(၃) ဦးမြတ်သွင် ဦးစီးဌာနမှူး လဝက ကျောက်တံတားမြို့နယ်

(၄) ဦးအောင်မွန်လတ် ၊ မယက ဥက္ကဌ ၊ဗဟန်းမြို့နယ်

(၅) လ ၇၅ဝ၁၄ ဒုရဲမှူးမောင်သောင်းဝင်းမြန်မာနိုင်ငံ နှိင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနခွဲ

(၆) လ ၅၉၅၁ဝ ရဲအုပ်ဖုန်းခေါ်ခိုင် ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(ရ) လ ၁၂၈၆၁၃ ရဲအုပ်သိန်းဇော် အောက်မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့ခွဲ သတင်းတပ်ဖွဲ့

(၈) လ ၁၃၁၉၆၃ ရဲအုပ်သန်းနိုင် ရဲတပ်ရင်း (၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၉) လ ၁၉၉၂၁၂ ဒုတပ်ကြပ်မျိုးလွင် ရဲတပ်ရင်း(၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၁ဝ) လ ၁၆၅၆၃ဝ ရဲတပ်သား ဇော်မြင့် ရဲတပ်ရင်း(၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၁၁) လ ၁၁၂၇၁၁ ဒုရဲမှူးမောင်မောင်မြင့် စစ်ဆင်ရေးဌာနခွဲ သတင်းတပ်ဖွဲ့

(၁၂) ဦးသာစိန် ဥက္ကဌ အမှတ်(၄)ရပ်ကွက် မရမ်းကုန်းမြို့နယ်

(၁၃) ဦးစိုးမြင့် ရယက အဖွဲ့ဝင် (၃)ရပ်ကွက် မရမ်းကုန်းမြို့နယ်

(၁၄) လ ၁၂၈၄၇၁ ဒုရဲမှူး တင်ဇော်ထွန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဗဟန်းမြို့နယ်

(၁၅) ဦးခင်ညွန့် ရယက ဥက္ကဌ ကျိုက္ကဆံရပ်ကွက် ဗဟန်းမြို့နယ်

(၁၆) ဦးဇော်တင် ရယက ဥက္ကဌ ငါးထပ်ကြီး အနောက်ရပ်ကွက် ဗဟန်းမြို့နယ်

(၁၇) လ ၁၁၂၅၆၉ ဒုရဲမှူးစကျော်ဝင်း ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(၁၈) ဦမျိုးသိန်း ရယက ဥက္ကဌ (၁)ရပ်ကွက် ကျောက်တံတားမြို့နယ်

(၁၉) ဦးဌေးဦး ရာအိမ်မှူး (၁) ရပ်ကွက် ကျောက်တံတားမြို့နယ်

(၂ဝ) ဦးကျော်သူ Beauty Land Hotal မန်နေဂျာ ကျောက်တံတားမြို့နယ်

(၂၁) လ ၁၆၉၉ ရဲမှူးအောင်လင်းထွဋ် ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(၂၂) လ ၁၁၂၈၅၉ ဒုရဲမှူးသန်းစိုး တရားစွဲဌာန သတင်းတပ်ဖွဲ့

(၂၃) ရဲမှူးကြီးဝင်းနှိင်ထွန်း ဒုတိယတပ်ဖွဲ့မှူး မြန်မာနိုင်ငံသတင်းတပ်ဖွဲ့

----------------------------------

လျို့ဝှက် သတင်းထောက်များကို ခြေရာခံနိုင်ရေး ကြိုးပမ်း
တနင်္လာနေ့၊ မေလ 25 2009 14:20 - မြန်မာစံတော်ချိန်

ပြည်ပ သတင်းဌာနများသို့ သတင်းပေးပို့နေသူများကို ခြေရာခံ လိုက်နိုင်ရေးအတွက် စစ်အစိုးရက ကြိုးပမ်းလျှက်ရှိရာ အင်းစိန်ထောင်နှင့် နှစ်မိုင်ပတ်လည်အတွင်း ဂျီအက်စ်အမ် မိုဘိုင်းဖုံးများ အသုံးပြုကြိမ်နှင့် ပြည်ပနှင့် ဆက်သွယ်မှုများကို မြန်မာ့ ဆက်သွယ်ရေးက စောင့်ကြည့် လေ့လာနေသည်ဟု အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက် တခုက ပြောသည်။

အင်းစိန် အကျဉ်းထောင်အတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဝင်ရောက်သွားချိန်မှသည် ပြန်ထွက်လာချိန်အတွင်း စောင့်ကြည့် လေ့လာမှု ပြုလုပ်မှာ ဖြစ်သည်ဟု သိရသည်။
----------------------------------

အင်းစိန်ထောင်ရှေ့ အခြေအနေ
တနင်္လာနေ့၊ မေလ 25 2009 12:14 - မြန်မာစံတော်ချိန်

အာဏာပိုင်များ ငြိုငြင် ခံရနိုင်သည့်ကြားက ဒေါ်အောင်ဆန်းစုကြည် တရား ရင်ဆိုင်နေရသော အင်းစိန်အကျဉ်းထောင် အနီးတဝိုက်သို့ လာရောက်ကာ ထောက်ခံမှု ပြသကြသူ ယနေ့နံနက်တွင် တိုးများလာခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက ပြောသည်။

ဇိုမီး အမျိုးသား ကွန်ကရက်ပါတီမှ ပူးကျင်ရှင်းထန်နှင့် ဦးဝင်းတင်တို့လည်း နံနက်က ရောက်လာခဲ့ပြီး ပါတီ အစည်းအဝေးကြောင့် ပြန်သွားကြရသည်။

ဒေါ်နော်အုန်းလှနှင့်အတူ ရန်ကုန် အမျိုးသမီးအဖွဲ့နှင့် မန္တလေး အပါအဝင် နယ်များမှပါ “ဆန္ဒဖော်ထုတ်” ရာသို့ လာရောက်ကြပြီး လမ်းပိတ်ထားသော နေရာအနီး စောင့်ဆိုင်းနေကြသည်။

နံနက် ၁ဝ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန်ထောင် အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ၆ ရက်မြောက်ဖြစ်သော ကြားနာမှုတွင် တရားလိုပြ သက်သေများ အနက်မှ အချို့ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လှန်မေးခွန်း ထုတ်ရမှာ ဖြစ်သည်။

စစ်အစိုးရက စုစုပေါင်း တရားလိုပြသက်သေ ၂၃ ယောက်စာရင်းကို တင်ပြထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း လုံခြုံရေး ယူထားခဲ့သူများ နာမည်ကတော့ ပါဝင်ခြင်း မရှိပေ။
----------------------------------

အာဆီယံက ပြည်တွင်းရေးဝင်စွက်ဟု မြန်မာစစ်အစိုးရ တုံ့ပြန်
တနင်္လာနေ့၊ မေလ 25 2009 11:34 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်နှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာစစ်အစိုးရက ကန့်ကွက်ကာ တုံ့ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရခြင်းမှာ မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး အာဆီယံအဖွဲ့ ဥက္ကဌအနေဖြင့် ပဋိညာဉ် စာချုပ်ပါ စည်းမျဉ်းများကို သွေဖီ၍ မြန်မာ့ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ရာ ရောက်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

“ဤကဲ့သို့ ပြုလုပ်ခြင်းသည် အာဆီယံ အဖွဲ့အတွင်း မကောင်းသော အစဉ်အလာ တရပ်ကို ဖြစ်ပေါ်ရာ ရောက်စေပါသည်။” ဟု ကြေညာချက်က ရေးသားထားသည်။

“အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့်လည်း ညီညွတ်ခြင်း မရှိသော၊ အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသော၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်သော အလှည့်ကျ တာဝန်ယူထားသော အာဆီယံဥက္ကဋ္ဌ အနေဖြင့် ထုတ်ပြန်သည့် ကြေညာချက်ကို မြန်မာနိုင်ငံက အလေးအနက် ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်” ဟု ဖြည့်စွက်ထားသည်။
http://www.mizzimaburmese.com/

0 Comments:

blogger templates | Make Money Online