Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာတွင် ဆန္ဒပြ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာတွင် ဆန္ဒပြ


(ဓာတ်ပုံပေးပို့သူများအားလုံးကို အထူးကျေးဇူးတင်ပါသည်)

E-mail Print
အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုခြင်း အပေါ် ဆန့်ကျင် ကန့်ကွက်ပွဲများ နိုင်ငံတကာတွင် ပြုလုပ်နေကြ ရာ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက်နှင့် ဘန်ကောက်မြို့ များတွင်လည်းကောင်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လည်းကောင်း ဆန္ဒပြကြကြောင်း သတင်း ရရှိသည်။

မဲဆောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြနေသူများ (ဓာတ်ပုံ - ဧရာဝတီ)

ယမန်နေ့ နံနက်ပိုင်းက ဘန်ကောက်မြို့ရှိ ရုရှားနှင့် တရုတ်သံရုံးများရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ (၇၀) ခန့် က စုရုံးဆန္ဒပြခဲ့ကြသည်ဟုသိရသည်၊ တရုတ်နှင့် ရုရှား သံရုံးများကို ဆန္ဒပြရခြင်းမှာ မြန်မာစစ်အစိုးရ ဘက်မှ အမြဲတမ်း အကာအကွယ် ပေးနေသောကြောင့် ဖြစ်သည်ဟု ဆန္ဒပြရာတွင်ပါဝင်သူ ပြည်ပရောက် အမျိုးသား ကျောင်းသားများ အဖွဲ့ (ONSOB ) အတွင်းရေးမှူး ကိုအောင်သန်းဦးက ပြောပြသည်။

“တရုတ် အစိုးရက နအဖကို နောက်ကွယ်က နေရော ပြောင်ပြောင်တင်းတင်းပါ အကာအကွယ်ပေးနေတာ ကို မကျေနပ်လို့ ဒီနေ့ လာရောက်ဆန္ဒပြတာပါ၊ ရှရှားနဲ့တရုတ်က လုံခြုံရေးကောင်စီမှာ အမြဲတမ်း ဗီတို အာ ဏာ သုံးပြီး ဝင်ရောက်စွက်ဖက်နေလို့၊ အခုလဲ ထုတ်ပြန်ချက်တွေကို တရုတ်သံရုံးက လာရောက်လက်ခံတာ မရှိဘူး၊ ရုရှားကတော့ လာယူသွားတယ် ၊ ကျနော်တို့အနေနဲ့က ဒီနှစ်နိုင်ငံလုံးကို သိက္ခာရှိစွာနဲ့ မြန်မာ့အရေး မှာ တည့်တည့်မတ်မတ် နေပေးဖို့မေတ္တာရပ်ခံတာပါ”ဟု ၎င်းက ပြောဆိုသည်၊၊

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုပြီးနောက်ပိုင်း ဘန်ကောက်မြို့တွင် သတင်းပတ် တခုလုံး ဆက်တိုက် နီးပါး ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်၊

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ ၌လည်း ယမန်နေ့က ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် နယ်ခြားမျဉ်းဖြစ်သော ထိုင်းနိုင်ငံဘက် သောင်ရင်းမြစ်အစပ်တွင် မြန်မာ့နိုင်ငံရေးအကျဉ်းသား သမဂ္ဂ( B P P U)၊ မွန်ဒီမိုကရေစီအဖွဲ့ ၊ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့၊ ရဟန်းသံဃာများနှင့် နိုင်ငံခြားသားများအပါအ၀င် လူဦးရေ (၅၀)ကျော်သည် “ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး” စသည့်ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲနှင့်ပတ်သက်၍ မြန်မာ့အကျဉ်းသား သမဂ္ဂမှ အတွင်းရေးမှူး ကိုယဉ်ထွေးက“ကျနော်တို့ ဆန္ဒပြ ရခြင်းရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပုဒ်မ၁၀(ခ)နဲ့ ဖမ်းဆီးထားတာ အခု လုံး ၀ လွှတ်ပေးရမယ့်အချိန်မှာ မလွှတ်ဘဲနဲ့  အမှုဆင်ပြီး နအဖ စစ်အုပ်စုက အင်းစိန်အကျဉ်းထောင်ကိုပို့ ပြီး ထောင်ချဖို့ လုပ်နေတာကို ကျနော်တို့ လုံးဝဆန့် ကျင်ရှုတ်ချတယ်၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အစိုး ရ၊ အဖွဲ့ အစည်းတွေက နအဖစစ်အုပ်စုရဲ့လုပ်ရပ်ကို ဆန့် ကျင်ဖိအား ပေးအရေးယူဖို့ လိုတယ်ဆိုတာကို သိ စေ ဖို့ လုပ်ခြင်းဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည့် မအိရွှေစင်ညွှန့်ကလည်း ” ဒီ နေ့မဲဆောက်မှာ ပြုလုပ်တဲ့ဆန္ဒပြပွဲ ဟာ ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရုံမက အင်းစိန်အကျဉ်း ထောင်ထဲကိုထည့်ပြီး ရုံးတင်တရားစွဲနေတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြမှုမှာ ကျမ ပါဝင်ခဲ့တာဖြစ်ပါ တယ်”ဟု ပြောဆိုသည်။

ဂျပန်နိုင်ငံတွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြကြ (ဓာတ်ပုံ - ဧရာဝတီ)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း လူဦးရေ ခုနစ်ရာကျော် ရှစ်ရာခန့် ပါဝင်သော ချီတက်ဆန္ဒပြပွဲမှာ ညနေ(၄) နာရီတွင် BITSU E ပန်းခြံမှစတင်ထွက်ခွာခဲ့ပြီး ညနေခြောက်နာရီခန့်တွင် Sendagaya ပန်းခြံ၌ အဆုံးသတ် ခဲ့ကြောင်းသိရသည်။

၎င်းဆန္ဒပြပွဲတွင် ပါဝင်ချီတက်ခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ပြည်ပ) ဂျပန်နိုင်ငံမှ အတွင်းရေးမှူး ကိုမြတ်သူ က“ကျနော်တို့ တိုင်းပြည်မှာ နအဖဟာ ကျနော်တို့ ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကို မတရားလုပ်နေတာကို ကမ္ဘာကြီးကိုပြောပြချင်တယ်၊ နိုင်ငံတကာက အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် အရေးယူ စေချင်တယ်” ဟု ဆိုသည်။

အလားတူ ဆန္ဒပြရာတွင် ပါဝင်ခဲ့သော ကိုဇော်မျိုးကလည်း“ကျနော်တို့ ရဲ့ ဒီမိုကရေစီခေါင်းဆောင်အပေါ် စစ်အစိုးရက မတရားအမှုဆင်ထောင်ချဖို့ လုပ်နေတာကို မြန်မာပြည်သူ တရပ်လုံးသာမက ကမ္ဘာကပါ သိကြပြီးဖြစ်တယ်၊ ဒီလိုမျိုး မဟုတ်တာလုပ်တာကို မဟုတ်မှန်းသိပြီး ငြိမ်လို့  ခေါင်းငုံ့ ခံနေမယ်ဆိုရင် ဘယ် တော့မှ အမှန်တရားဟာ ပေါ်ပေါက် မလာ နိုင်ဘူး၊ ဒီမိုကရေစီမရှိတဲ့ တိုင်းပြည်ဟာ အမှောင်ထု အောက်က တိုင်းပြည်သာဖြစ်တယ်၊ ဒါကြောင့်မို့ လို့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ် မြောက် ရေးအတွက် လာရောက်ဆန္ဒပြရခြင်းဖြစ်တယ်”ဟုပြောသည်၊

ဂျပန်နိုင်ငံတွင် ပြုလုပ်သော အဆိုပါ ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသည့် အဖွဲ့ အစည်း အားလုံးပါဝင်ခဲ့ကြကြောင်းလည်း ၎င်းက ဆိုသည်။

ယမန်နေ့က တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန္ဒပြကြကြောင်း သိရသည်။

http://www.irrawaddy.org

0 Comments:

blogger templates | Make Money Online