Friday, May 22, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့သော်

Friday, 22 May 2009 13:51 ရဲနည်

ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးများက ရန်ကုန်မြို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်ဗူးဝကို ဖွင့်၍ သတင်းထောက် ၁၀ ဦးနှင့်၊ သံတမာန် ၃၀ ဦးတို့ကို ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် ရာဇ၀တ်မှု စစ်ဆေးနေသော တရားခွင်ကို ခေတ္တမျှ ကြားနာလေ့လာခွင့် ပြုခဲ့သည်။

[တရားရုံးတွင် အမှုကြားနာ စစ်ဆေးအပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရဲအစောင့်အရှောက်များဖြင့် ခေါ်ထုတ်သွားပုံကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သွားသည်။]


တရားရုံးတွင် အမှုကြားနာ စစ်ဆေးအပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရဲအစောင့်အရှောက်များဖြင့် ခေါ်ထုတ်သွားပုံကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သွားသည်။
ကြည့်ရသည်မှာ နိုဘဲငြိမ်းချမ်းရေးဆုရှင်ကို စစ်အစိုးရက ဖမ်းဆီးခဲ့သည့်အပေါ်ကမ္ဘာတ၀ှမ်းမှ ဖြစ်ပေါ်လာသည့် ဒေါသများ နှင့် နိုင်ငံတကာ သံတမာန်ရေးဖိအားများကိုလည်း စစ်အစိုးရက အနည်းအကျဉ်း ဂရုစိုက်လာရပုံ ရသည်။

ဗုဒ္ဓဟူးနေ့ တရားခွင်အပြီးတွင် သံအမတ် ၃ ဦးကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ဆုံခွင့် ပေးခဲ့သည်။ ၎င်းတို့ မှာ မြန်မာနိုင်ငံရှိ သံတမာန်များအဖွဲ့၏ ဦးဆောင်လည်းဖြစ်၊ စင်္ကာပူနိုင်ငံ သံအမတ်ကြီးလည်း ဖြစ်သူ ရောဘတ် ချူအာ၊ ရုရှားနိုင်ငံမှ အဆင့်မြင့်သံအရာရှိတဦးနှင့် ထိုင်းနိုင်ငံမှ သံအရာရှိတို့ ဖြစ်သည်။ ရုရှားနိုင်ငံက ယခုအခါ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီတွင် ဥက္ကဋ္ဌနေရာယူထားသောကြောင့် ရုရှသံအရာရှိကို အထူးဖိတ်ကြား ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။ ထိုင်း နိုင်ငံကမူ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ၏ ဥက္ကဋ္ဌနေရာယူထားသောကြောင့် အလားတူ ခွင့်ပြုခြင်း ဖြစ် သည်။

သို့သော်လည်း ဒေသတွင်းရှိ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်သည့် မြန်မာပြည်ဆိုင်ရာ အခြား အာဆီယံကွန်ရက်အဖွဲ့ (Alternative Asean Network on Burma) ၏ ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ခံတဦးဖြစ်သူ ဒက်ဘီ စတူးဟာ့ဒ် (Debby Stothard) က အေပီသတင်းဌာနသို့ ဗုဒ္ဓဟူးနေ့က စစ်အစိုးရ၏ လုပ်ဆောင်ချက်အပေါ် ဝေဖန်ပြောကြားရာ၌ "ပြောရရင် သေချာတာကတော့ စစ်အစိုးရက အဆန်းထွင်တာပါပဲ။ ဖိအားတွေ လျှော့သွားအောင်၊ သူတို့အနေနဲ့ သူတို့လိုချင်တဲ့ အတိုင်း မတရားတဲ့ခုံရုံး စစ်ဆေးမှုကို ဆက်လုပ်ပြီး ဒေါ်စုကို ထောင်သွင်းအကျဉ်းချနိုင်ဖို့ပါပဲ" ဟု ဆိုခဲ့သည်။

"သူတို့ ပြောချင်တာကတော့ သူတို့ ဒေါ်စုကို နှိပ်စက်ညှဉ်းပမ်းနေတာတွေ မရှိပါဘူး။ ဒါကြောင့် သွားကြပါတော့။ ကျန်တဲ့ အပိုင်းကတော့ ခင်ဗျားတို့ကဏ္ဍ မဟုတ်ပါဘူး ဆိုတာပါပဲ" ဒက်ဘီက ပြောသည်။ "ဒါကိုကြည့်ခြင်းအားဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ခိုင်လုံတဲ့စွဲချက်တွေ ရှိမနေဘူး။ ဒီအမှုကို ရှေ့ဆက် စရာကိစ္စ အကြောင်းပြချက်လည်း မရှိပါဘူး" သူက ဆက်ပြောသည်။

အသက် ၆၃-နှစ် အရွယ်ရှိ ဒေါ်စုက ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ အိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး၊ ပြီးခဲ့သည့် ရက် သတ္တနှစ်ပတ်အတွင်းက နိုင်ငံခြားသားတဦးကို အိမ်တွင် လက်ခံထားခဲ့သည်ဟူသော စွပ်စွဲချက် မတက်လာမီက ပြန်လွတ် မြောက်ရန် အချိန်စေ့နေပြီ ဖြစ်သည်။

ယခုအခါ လေ့လာစောင့်ကြည့်နေသူ အများက ဒေါ်စုအနေနှင့် နောက်တကြိမ် နေ့အလင်းရောင် ပြန်မှတွေ့ရပါတော့မည် လောဟုလော စောကြောနေကြသည်။

ဗုဒ္ဓဟူးနေ့က တရားခွင်သို့ သွားရောက်ခွင့်ရခဲ့သူ သံကိုယ်စားလှယ်များအနက်မှ တဦးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မာ့က် ကန်းနင်း (Mark Canning) က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချလိမ့်မည်ဟု သူ ထင်သည်ဆိုပြီး ပြောဆိုခဲ့သေးသည်။

"ခုလို တရားခွင်မျိုးက ထွက်ပေါ်လာခဲ့တဲ့ရလဒ်တွေရယ်၊ နိုင်ငံရေးအကျဉ်းသား ထောင်ကျော်က လွန်ခဲ့တဲ့ ၁၆ လတာ ကာလအတွင်း ထောင်သွင်းအကျဉ်းချခံခဲ့ရတယ်ဆိုတာ ကျနော်တို့ မမေ့သင့်ပါဘူး။ ပြောရရင်တော့ ရလဒ်မကောင်းနိုင် တာကို ၀မ်းနည်းစွာနဲ့ ကြိုပြောလို့ရနိုင်ပါတယ်။" သူက ပြောခဲ့သည်။

ဤသို့ အတုအယောင် တရားခုံရုံးများတွင် စစ်အစိုးရက တစိုက်မတ်မတ် လုပ်ဆောင်လာသည့် ရက်စက်ကြမ်းကြုတ်မှုများ ကို ကြည့်ပါက ဒေါ်စု၏ အနာဂတ်ကို ခန့်မှန်း၍ ရနိုင်သည်။ ရွှေဝါရောင်တော်လှန်ရေးဟု လူသိများကြသည့် ၂၀၀၇ ခုနှစ်၊ လူထုဆန္ဒပြပွဲများမှ တက်ကြွလှုပ်ရှားသူများကိုလည်း အလားတူပြစ်ဒဏ်ချမှတ်ခံခဲ့ကြရသည်ကို အလေးပေး သတိပြုသင့် သည်။

လွန်ခဲ့သည့်နှစ်က ၈၈-မျိုးဆက် ကျောင်းသားများ အင်အားစုမှ ခေါင်းဆောင ကိုမင်းကိုနိုင်အပါအ၀င် လှုပ်ရှားသူခေါင်း ဆောင်များစွာကို ထောင်ဒဏ် ၆၅-နှစ်တိုင် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး၊ ဝေးလံခေါင်သီသောဒေသများရှိ အကျဉ်းထောင်များသို့ ပို့ထားခဲ့သည်။ ထောင်ချခံခဲ့ရသည့် လှုပ်ရှားသူအများစုမှာ အရွယ်ရပြီး လူလတ်ပိုင်းများဖြစ်ကြ၍ အကယ်၍ သူတို့ကျခံရသမျှ ထောင်ဒဏ်အပြည့်အ၀ကို ခံစားရမည်ဆိုပါကလည်း၊ လူအများအပြားမှာ အကျဉ်းထောင်များ အတွင်း၌ပင် အသက်ဆုံးရှုံးကြရဖွယ် ရှိသည်။

နိုင်ငံတ၀ှမ်းရှိ မြန်မာစစ်အစိုးရ၏ ဆိုးရွားလှသည့် အကျဉ်းထောင်များနှင့် အလုပ်ကြမ်းစခန်းများတွင် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ထိန်းသိမ်းချုပ်နှောင်ထားဆဲ ဖြစ်သည်။

ဤသို့ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းသည် နောက်ထပ် အာခံရဲသူများ မပေါ်ထွက်လာစေရေးအတွက် ဆိုသည်မှာ သေချာပါသည်။ ထိုမျှမက လက်ရှိတရားစီရင်ရေးစနစ်အောက်၌ တရားမျှတမှုကို ရရှိရန်ဆိုသည်မှာ ဖြစ်နိုင်ခြေ အနည်း ငယ်မျှသာ ရှိသောကိစ္စ ဖြစ်ပါသည်။ အကယ်၍ အတိုက်အခံများကို ကိုယ်စားပြုလျှောက်လဲပေးသော ရှေ့နေများကိုသော် မှ သတိပေးတားမြစ်ခံရခြင်းများ ရှိနေပါသည်။ အချို့ဖြစ်ရပ်များတွင် ရှေ့နေများကို ရုံးတော်ကို မထေမဲ့မြင်ပြုမှုဖြင့် ရှေ့နေ လိုင်စင် ရုပ်သိမ်းတားမြစ်များလည်း ရှိခဲ့သည်။

နောက်ဆုံး ဒေါ်စု၏ အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ရှေ့နေကြီးဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်ကို သောကြာနေ့က ရှေ့နေအဖြစ်လုပ်ပိုင်ခွင့်ကို တားမြစ်ခံခဲ့ရပါသည်။ ထိုသူများမှာ ယခင်ကလည်း အတိုက်အခံများကို ရှေ့နေပြုပေးမှုဖြင့်ပင် ထောင်သွင်း အကျဉ်းချခံခဲ့ကြရသူများလည်း ဖြစ်သည်။

ဤသို့သော တရားခွင်ကြားနာမှု အများမှာ လူအများ မမြင်ကွယ်ရာတွင် ပြုခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတကာမှ လေ့လာစောင့်ကြည့် ခွင့်လည်း မရှိခဲ့ပေ။ ယခုအခါ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (အိုင်စီအာစီ) သည်ပင် နိုင်ငံရေးအကျဉ်းသားများ နှင့် တွေ့ဆုံခွင့် မရတော့ပေ။ ၎င်းအဖွဲ့ကို ၂၀၀၆ ခုနှစ်မှစ၍ အကျဉ်းထောင်များအတွင်း သွားရောက်လေ့လာခွင့်ကို ဆိုင်းငံ့ ပိတ်ပင်ထားခဲ့သည်။

လွန်ခဲ့သည့်အပတ်က ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) က "အသံတိတ်လူသတ်ကွင်းများ" (Silent Killing Fields) အမည်ရ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီး၊ စစ် အစိုးရက အကျဉ်းထောင်များအတွင်း ရက်စက်စွာပြုမူနေသည့် လုပ်ရပ်များကို အမှုတခုချင်းအလိုက် အသေးစိတ် တင်ပြ ခဲ့သည်။ ဤသို့ လူမဆန်စွာပြုမူမှုများတွင် ရက်စက်ညှဉ်းပမ်းခြင်း၊ စစ်ကြောရေးကာလ၌ သေဆုံးရခြင်း၊ ဆေးဝါးကုသခွင့် ငြင်းပယ်ထားခြင်းနှင့် မိသားစုများနှင့်ဝေးရာ နယ်ဝေးထောင်များသို့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ရွှေ့ပြောင်းပစ် ခြင်း၊ မိသားစုဝင်များမှ ထောင်ဝင်စာမတွေ့နိုင်ရန်၊ မထောက်ပံ့နိုင်စေရန် ပြုခြင်း စသည့်အချက်များ ပါဝင်သည်။

၎င်းအစီရင်ခံစာအရ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ နိုင်ငံရေးလှုပ်ရှားသူ ၃၅၀ ကို ဖမ်းဆီးထောင်ချခဲ့ပြီး၊ ၎င်းတို့ အများစုကို မိသားစုများနှင့် ဝေးရာ အကျဉ်းထောင်များတွင် ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့သည်။ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာ မရရှိကြသောကြောင့်လည်း သူတို့က မိသားစုများထံမှ ထောင်ဝင်စာပို့လာမည့် ဆေးဝါးများနှင့် အစားအသောက်များကို မှီခိုမျှော်ကိုးနေကြရသည်။

အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၂၇ ဦးမှာ ကျန်းမာရေးချို့တဲ့နေကြသည်ဟု ၎င်းအစီရင်ခံစာက ဖော်ပြထားသည်။ ၎င်း တို့အနက် ၁၉ ဦးမှာ အရေးပေါ်ကုသမှု ခံယူရန် လိုအပ်နေသည်။

၎င်းအစီရင်ခံစာတွင် သရက်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့် တက်ကြွလှုပ်ရှားသူတဦး ဖြစ်သော မနီလာသိန်း ၏ ယောက္ခမဖြစ်သူက "ကျမတို့ သူ့ကို သွားမတွေ့နိုင်တာ ၂ လရှိပြီ။ အခု သူ့ကျန်းမာရေးကိုလည်း စိုးရိမ်နေရတယ်။ ကြား ရတာ နေ့တိုင်းအံနေတယ်လို့လည်း ကြားတယ်။ သူ့မှာက အစာအိမ်ရောဂါရှိနေပြီး၊ အခု တိုက်ပိတ်ထားတယ်လို့လည်း ကြားရတယ်" ဟု ပြောဆိုပုံကို ထည့်သွင်းဖော်ပြထားပါသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) ၏ အဆိုအရ ၁၉၈၈ ခုနှစ်မှစ၍ ရေတွက် လျှင် နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦးမှာ ချုပ်နှောင်ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့ရသည်ဟု မှတ်တမ်းတင် ဖော်ပြခဲ့ပါ သည်။ ၎င်းတို့မှာ တိုက်ရိုက်ညှဉ်းပမ်းနှိပ်စက်ခံရသောကြောင့် ဖြစ်စေ၊ ဆေးဝါးကုသခွင့်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် ဖြစ် စေ၊ ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံသောကြောင့်ဖြစ်စေ ကွယ်လွန်ခဲ့ကြရခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေက အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ အရင်အချိန်တွေထက်စာရင် နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုဖမ်းဆီးထောင်ချထားသလို၊ သူတို့ကို နှစ်ရှည်ထောင်ဒဏ်တွေ ချထားတယ်" AAPP အဖွဲ့ ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။ "ခေါင်းဆောင်တွေကို နယ်ဝေးထောင်တွေကို ပို့ထားတယ်။ အဲဒီမှာ ထောင်ဆရာဝန်လည်း မရှိဘူး။ ပြီးတော့ ငှက်ဖျား၊ တီဘီအဆုပ်နာ စသဖြင့် ကူးစက်ရောဂါတွေလည်း ကူးစက်ခံရဖို့ ပိုလို့ အကြောင်းရှိနေတယ်။ ဒါက စစ်အစိုးရရဲ့ နောက်ဆုံးကျင့်သုံးနေတဲ့ လူမဆန်တဲ့၊ ရက်စက်တဲ့ ချေမှုန်းရေး ဗျူဟာတခုပါပဲ။" ဟု သူက ဆိုသည်။

မဖမ်းဆီးမီကာလတွင် ဒေါ်စုက သွေးပေါင်ချိန်ကျဆင်းနေခြင်း၊ ရေဓါတ်ဆုံးရှုံးမှု ခံစားနေရခြင်းနှင့် အစားအသောက် မစား နိုင်ဖြစ်နေခြင်း စသည့် ကျန်းမာရေးပြဿနာများ ခံစားနေရသည်ဟု သိရသည်။ အသက် ၆၃-နှစ် အရွယ်ရှိပြီဖြစ်သူ ဒီမို ကရေစီခေါင်းဆောင်မှာ အခြားနိုင်ငံရေးလှုပ်ရှားသူများနှင့် နှိုင်းယှဉ်လျှင် ပို၍ သက်တောင့်သက်သာ နေရသေးသည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ ဒေါ်စုကို အင်းစိန် အကျဉ်းထောင်တွင်သာ ဆက်လက်ချုပ်နှောင်တော့မည် ဆိုပါက ဆိုးရွား သော ကျန်းမာရေးပြဿနာများကိုလည်း ပို၍ နစ်နာခံစားရဖွယ် ရှိနေသည်။

သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည် အင်အားကျဆင်းနေပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း အင်အား ချိနဲ့နေမည် ဖြစ်သည်။ ဤသို့ဖြစ်ရန်ကိုလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏စစ်အုပ်စုဝင်များက လိုလားနေကြသည်။် ကြုံတွေ့နေရသည့် အခြေအနေမှာ အသည်းအသန် ကာလ ဖြစ်သည်။ အကယ်၍ ဒေါ်စု ကိုသာ ထောင်သွင်းအကျဉ်းချခဲ့မည် ဆိုပါက လာမည့်အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပေါ်ထွန်းရေးနှင့် တည်ငြိမ်ရေး အလားအလာများမှာ ညှိုးငယ်ဆုတ်ယုတ်တော့မည် မလွဲဖြစ်ပါတော့သည်။
http://www.irrawaddy.org

0 Comments:

blogger templates | Make Money Online